ကာရာဘောင်းဖလားပြိုင်ပွဲ  ဗိုလ်လုပွဲတွင်  လီဗာပူးအသင်းကို အနိုင်ရရှိပြီး နှစ်ပေါင်း ၇၀ အတွင်း နယူးကာဆယ်အသင်း ပထမဆုံးအကြိမ် ချန်ပီယံဆု ဆွတ်ခူး

 

ကာရာဘောင်းဖလားပြိုင်ပွဲ  ဗိုလ်လုပွဲတွင်  လီဗာပူးအသင်းကို အနိုင်ရရှိပြီး နှစ်ပေါင်း ၇၀ အတွင်း နယူးကာဆယ်အသင်း ပထမဆုံးအကြိမ် ချန်ပီယံဆု ဆွတ်ခူး

 

လန်ဒန်  မတ်  ၁၇

‌    ကာရာဘောင်းဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် လီဗာပူးအသင်းနှင့် နယူးကာဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ နယူးကာဆယ်အသင်းက ၂ ဂိုး-၁ ဂိုးဖြင့်အနိုင်ရရှိပြီးနောက် အသင်းသမိုင်းတစ်လျှောက် နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်၌  ပွဲချိန် ၄၅ မိနစ်တွင် ဘန်းနှင့် ပွဲချိန် ၅၂ မိနစ်တွင်  အီဆက်တို့က  နယူးကာဆယ်အသင်း အတွက် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၉၄ မိနစ်တွင် ချီယေဆာက လီဗာပူးအသင်းအတွက် ချေပဂိုးသွင်းယူနိုင်သောကြောင့်    နယူးကာဆယ် အသင်းက ၂ ဂိုး-၁ ဂိုးဖြင့်အနိုင်ရရှိပြီး အသင်းသမိုင်းတစ်လျှောက်      နှစ်ပေါင်းများစွာ ဝေးကွာနေသည့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

နယူးကာဆယ်အသင်းသည်  အသင်းသမိုင်းတစ်လျှောက်  ၁၉၅၅  ခုနှစ်က အက်ဖ်အေဖလားပြိုင်ပွဲ၌    ချန်ပီယံဆုဆွတ်ခူး နိုင်ပြီးနောက်ပိုင်းတွင် အသင်းအနေဖြင့်   ချန်ပီယံဆုဖလား တစ်ကြိမ်မျှ ဆွတ်ခူးနိုင်ခြင်းမရှိတော့ဘဲ      နည်းပြအက်ဟိုဝီလက်ထက်မှသာ  နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံး အကြိမ် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

‌နယူးကာဆယ်အသင်းသည် နည်းပြအက်ဟိုဝီ  မတိုင်မီက နည်းပြနှင့် ယာယီနည်းပြ စုစုပေါင်း ၄၅ ဦးအထိ အပြောင်းအလဲများ လုပ်ဆောင်ခဲ့သော်လည်း အသင်းအနေဖြင့် အောင်မြင်မှုများနှင့် ဝေးကွာခဲ့ရပြီး နည်းပြ အက်ဟိုဝီလက်ထက်မှသာ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

နယူးကာဆယ်အသင်းသည် နည်းပြအက်ဟိုဝီ လက်ထက်တွင် ကာရာဘောင်းဖလား ပြိုင်ပွဲ ဗိုလ်လု ပွဲသို့   နှစ်ကြိမ်တက်ရောက်နိုင်ခဲ့ကာ  ၂၀၂၃ ခုနှစ်က ဗိုလ်လုပွဲတွင် မန်ယူအသင်းကိုရှုံးနိမ့်ပြီး ဒုတိယဆုဖြင့်သာ   ကျေနပ်ခဲ့ရကာ ယခုနှစ်မှသာ  ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့သည့် လီဗာပူး အသင်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ယခုအခါတွင်လည်း ချန်ပီယံဆု လက်လွှတ်ခဲ့ရသည့် အတွက်   ဆုဖလားနှစ်လုံးကို လက်လွှတ်ခဲ့ရကြောင်း  သိရသည်။