၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ မတ် - ၂၁
၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများ နှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှသံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာမှ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ စစ်ဘက်နှင့်နယ်ဘက်တက္ကသိုလ် များမှ နိုင်ငံတကာဆက်ဆံရေးဌာနများရှိ ဆရာ၊ ဆရာမများနှင့် လေ့လာသုံးသပ်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ပပညာရှင်များအားတစ်ဦးချင်း မိတ်ဆက်ပေးပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ လှသော ချစ်သော မြန်မာ” သီချင်းဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “၂၀၂၅ ခုနှစ်ရှုမြော်မှုအသစ်နှင့် မြန်မာနိုင်ငံ” Video Clip ကိုကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ကောင်းမွန် သည့် အနာဂတ်ကိုပုံဖော်နိုင်ရန်နှင့် ကမ္ဘာ့အသိုက်အဝန်းနှင့် ချိတ်ဆက်မှုများ ဆောင်ရွက်ရာတွင် အရေးပါသည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်ကြောင်း၊ မိမိတို့ နေထိုင်သည့် ကမ္ဘာကြီးသည် ယနေ့အချိန်အခါတွင် ဗဟုဝင်ရိုးကမ္ဘာကြီးအဖြစ် ပြောင်းလဲလျက်ရှိနေကြောင်း၊ နိုင်ငံတကာဆက်ဆံရေးများတွင် အင်အားကြီးနိုင်ငံ များ၏ လွှမ်းမိုးမှုပုံစံများ ပြောင်းလဲလာနေသည်ကို တွေ့ကြရမည်ဖြစ်သကဲ့သို့ ဒေသတွင်း အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း ပိုပြီးအရေးပါလာနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် Globalization ကာလမှ Regionalization ပုံစံများဆန်းသစ်ပေါ်ထွန်းလာနေသည့် အချိန်အခါကိုပြောင်းလဲလာနေပြီဟု ပြောရ မည် ဖြစ်ကြောင်း။
ဗဟုဝင်ရိုးကမ္ဘာဟု သိကြသည့်ဝင်ရိုးစုံကမ္ဘာ (Multipolar World) ဆိုသည်မှာ ယခင်က ကမ္ဘာ့စင်မြင့်တွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံတည်းက လွှမ်းမိုးကြီးစိုးခဲ့ရာမှ ယခုအချိန်တွင် အဆိုပါပုံစံ၊ အဆိုပါအခင်းအကျင်းများနှင့်မတူဘဲ နိုင်ငံများစွာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် သိသာထင်ရှားသည့် စုစည်းမှုစွမ်းအားများ ရှိလာ ကြပြီဖြစ်ကြောင်း၊ အဆိုပါစုစည်းအားများက ကမ္ဘာ့စင်မြင့်တွင် ပျံ့နှံ့ဖြာထွက် ဩဇာ သက်ရောက်လာသည့် ကမ္ဘာ့အစီအစဉ်အသစ်တစ်ခုဟု ပြောရမည်ဖြစ်ကြောင်း၊ တရုတ်၊ အိန္ဒိယ၊ ဥရောပသမဂ္ဂနှင့် ရုရှားနိုင်ငံများကဲ့သို့ ဘက်ပေါင်းစုံမှ တိုးတက် အောင်မြင်လာကြခြင်းများသည် ယခင်ကအစဉ်အလာရှိသည့် အင်အားကြီးနိုင်ငံများ ၏ ဩဇာလွှမ်းမိုးမှုကို စိန်ခေါ်လာနေပြီဟု ဆိုနိုင်ကြောင်း။
ထိုသို့ ဩဇာသက်ရောက်မှုပါဝါများသည် နိုင်ငံအတော်များများနှင့် ဒေသအဖွဲ့ အစည်းများဆီကို ကွဲပြားဖြန့်ကြက်လာနေသည့်အတွက် ကမ္ဘာကြီးသည် ယခင်ကကဲ့ သို့ ဩဇာလွှမ်းမိုးမှုတစ်ဖက်စောင်းနင်း မဖြစ်တော့ဘဲ ပါဝါဟန်ချက်ကို ထိန်းညှိလာ စေကြောင်း၊ တစ်နည်းအားဖြင့် မည်သည့်နိုင်ငံတစ်နိုင်ငံတည်းကမှ ကမ္ဘာလုံးဆိုင်ရာ ရလဒ်တစ်ခုကို ၎င်းကိုယ်ပိုင်ဖန်တီး၍ မရနိုင်တော့သည်ကို အားလုံးက သိမြင်နေကြပြီ ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတကာပြဿနာများကို ပိုမိုစုပေါင်းပါဝင်သည့် နိုင်ငံစုံအဖွဲ့အစည်းများ၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် ဖြေရှင်းလာနေ ကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တစ်ဘက်တွင်လည်း ဩဇာပါဝါကိုယ်စီရှိနေ ကြသည့် နိုင်ငံများသည် ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန်ထက် အပြိုင်အဆိုင် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းလာနေကြသည်ကိုလည်း တွေ့နေကြရကြောင်း။
ပြောင်းလဲလာနေသည့် ဗဟုဝင်ရိုးကမ္ဘာအစီအစဉ်ကြီးထဲတွင် နိုင်ငံများသည် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးပကတိအခြေအနေအသစ်များနှင့် လိုက်လျောညီ ထွေရပ်တည်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခင်က စူပါပါဝါတစ်နိုင်ငံတည်းက ကြီးစိုးသည့် အနေအထားမှ အဓိကနိုင်ငံကြီးများက ယှဉ်ပြိုင်မှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ကမ္ဘာ့အစီအစဉ်သစ်ကြီးထဲ ပါဝင်လာကြခြင်းသည် နက်နဲသိမ်မွေ့ ပြီး မျှတမှု၊ ပေါင်းစည်းမှု၊ တည်ငြိမ်အေးချမ်းမှုတို့ကို တိုးတက်စေနိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကြီးဖြင့် အဆင်ပြေပြေအံဝင်ဂွင်ကျနှင့် အကျိုးရှိရှိ လိုက်ပါနိုင်ရန် နိုင်ငံအားလုံးသည် မဟာဗျူဟာများချမှတ် ကြိုတင်ပြင်ဆင်ကြရန် လည်း လိုအပ်မည်ဖြစ်ကြောင်း။
ပထမဆုံးအနေဖြင့် မဟာဗျူဟာမြောက်လုပ်ပိုင်ခွင့် (Strategic Autonomy) ရှိရန်လိုအပ်ကြောင်း၊ နိုင်ငံများသည် အင်အားကြီးစူပါပါဝါ တစ်နိုင်ငံတည်းအပေါ် အလွန်အမင်းမှီခိုနေရမှုကို ရှောင်ရှားကြပြီး မိမိတို့၏မိတ်ဖက်များကို တိုးချဲ့ဆက်ဆံ ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ကြမှသာ ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပြောင်းလွယ်ပြင်လွယ်ဖြစ်စေပြီး မလိုအပ်သည့်ဖိအားများကိုလည်း မိတ်ဖက်များ၏ ပေါင်းစည်းအားဖြင့် ကြံ့ကြံ့ခံနိုင်လာမည်ဖြစ်ကြောင်း၊ မိမိတို့၏ မိတ်ဖက်များဟု ဆိုလိုက်ပါကနိုင်ငံများအပြင် ဒေသဆိုင်ရာအဖွဲ့အစည်းများလည်း ပါဝင်မည်ဖြစ် ကြောင်း။
မိမိတို့၏ မိတ်ဖက်များကို တိုးချဲ့ဆက်ဆံရာတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် မည့် အစီအမံများချမှတ်နိုင်ရန်လိုကြောင်း၊ စီးပွားရေးအရ၊ လုံခြုံရေးအရနှင့် နည်း ပညာအရဆိုသည့် မတူညီသောနယ်ပယ်အသီးသီးတွင် လိုက်ဖက်ညီအောင် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စီးပွားရေးအပိုင်းတွင်လည်း မိမိတို့ အားလုံးသည်ပြောင်းလဲလာနေသည့် ကမ္ဘာ့အစီအစဉ်သစ် (New World Order) နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ကြရမည်ဖြစ်ကြောင်း။
မိမိတို့သည် ဈေးကွက်တစ်ခုတည်းအား အလွန်အမင်းမှီခိုနေမှုကို လျှော့ချကြ ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်ဆက်ဆံရေးများကို ဒေသစုံနှင့် ဖြန့်ကြက်နိုင်စွမ်း မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ ပြတ်တောက်မှု (Global Disruptions) များကြောင့် ဖြစ်လာနိုင်သည့်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန် အတွက် ဒေသဆိုင်ရာစီးပွားရေးပေါင်းစပ်မှု (Regional Economic Integration) များကို လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဒေသတွင်းထုတ်လုပ်မှုကွင်းဆက် (Supply Chains) များကို အားကောင်းလာစေရန် ပူးပေါင်းပါဝင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားလုံခြုံရေးအတွက် အဓိကကဏ္ဍများဖြစ်သည့် စားရေရိက္ခာ၊ စွမ်းအင်နှင့်နည်းပညာကဏ္ဍများကဲ့သို့ လုပ်ငန်းများကို ဦးစားပေးရင်းနှီးမြှုပ်နှံကြရ မည်ဖြစ်ကြောင်း။
ထို့ပြင် နည်းပညာနှင့် ဒစ်ဂျစ်တယ်အချုပ်အခြာပိုင်ဆိုင်မှုသည်လည်း အဓိက ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြရမည့် ကဏ္ဍများပင်ဖြစ်ကြောင်း၊ ဝင်ရိုးစုံကမ္ဘာ၏ ယှဉ်ပြိုင် မှုကြီးထဲတွင် နည်းပညာသည် အခြေခံကျသည့်ကဏ္ဍတစ်ခု ဖြစ်လာနေကြောင်း၊ အထူးသဖြင့် ဉာဏ်ရည်တု(AI)၊ ဆီမီးကွန်ဒတ်တာ (Semiconductors)များနှင့် ဆိုက်ဘာလုံခြုံရေးများသည် အဆုံးအဖြတ်ပေးလာမည့်နည်းပညာများပင် ဖြစ်ကြောင်း၊ မဟာဗျူဟာမြောက်နည်းပညာဆိုင်ရာ မိတ်ဖက်များထားရှိပြီး ဉာဏ်ရည်တု၊ ဒစ်ဂျစ် တယ်စီးပွားရေး စသည့်အရေးကြီးနည်းပညာများတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်သည်ကို ပြောကြားလိုကြောင်း။
ဗဟုဝင်ရိုးကမ္ဘာကြီးတွင် မိမိတို့သည်ယခုထက်ပို၍ လိုက်လျောညီထွေပြောင်း လဲနိုင်ပြီး လက်တွေ့ကျသည့် သံတမန်ရေးရာ ဆက်ဆံမှု၊ ချဉ်းကပ်မှုများ လိုအပ် လာမည်ဟုလည်း သုံးသပ်ရကြောင်း၊ ပုံသေဆန်လွန်းသည့် အတွေးအခေါ်များအပေါ် အခြေခံခြင်းထက် သတ်သတ်မှတ်မှတ် အကြောင်းကိစ္စများအပေါ်အခြေခံပြီး မိမိတို့၏ မိတ်ဖက်များ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာအဖွဲ့ အစည်းများတွင် ပါဝင်ထိတွေ့ဆက်ဆံမှုများကိုပါ တစ်ဆက်တည်းတိုးမြှင့်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။
ထပ်မံ၍ အလေးအနက်စဉ်းစားရမည့် အကြောင်းကိစ္စတစ်ခုသည် စွမ်းအင်နှင့် အရင်းအမြစ် လုံခြုံရေးပင်ဖြစ်ကြောင်း၊ စွမ်းအင်၊ ရေနှင့် ရှားပါးသတ္တုများကို ရယူသုံးစွဲ နိုင်မှုသည် ရေရှည်တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးလာကြောင်း၊ မိမိတို့အနေ ဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နျူကလီးယားနှင့် အခြားစွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ထားရမည်ဖြစ်ကြောင်း၊ ပထဝီနိုင်ငံရေးကြောင့် ပြတ်တောက် မှုများဖြစ်ပေါ်လာမည့် အန္တရာယ်များအတွက် ကြိုတင်ဆောင်ရွက်သည့်အနေဖြင့် ရှားပါးသတ္တုများနှင့် စားရေရိက္ခာဖူလုံရေးတို့ကို လုံခြုံစိတ်ချရအောင် စီမံဆောင်ရွက် ထိန်းသိမ်းကြရမည် ဖြစ်ကြောင်း။
လူမှုယဉ်ကျေးမှုအပိုင်းတွင်လည်း ဗဟုဝင်ရိုးခေတ်ကြီးတွင် ပါဝါအရွေ့များဖြစ် ပေါ်ပြောင်းလဲမှု မြန်ဆန်လာသည့်အတွက် ပြည်တွင်းတည်ငြိမ်ရေးသည် အဓိကနေရာ ရောက်လာကြောင်း၊ သတင်းတု သတင်းမှားများ တိုက်ဖျက်ရန်လိုပြီး မီဒီယာအတတ် ပညာ တိုးတက်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံခြားဩဇာအရှိန် သက်ရောက်အောင် ကြိုးစားနေမှုများအပေါ်ကိုလည်း တန်ပြန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလျင် အမြန်ပြောင်းလဲနေသည့် ကမ္ဘာ့စီးပွားရေးနှင့်အတူ ကောင်းမွန်စွာ လိုက်ပါရှင်သန်နိုင် ရေးအတွက် မိမိတို့အနေဖြင့် လူသားအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံကြရမည်၊ လုပ်သား အင်အားစုကြီးကို ပညာသင်ကြားပေးမှုနှင့် လေ့ကျင့်ပေးမှုများ အသေအချာလုပ် ဆောင်ပေးရမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။
ယခုဆွေးနွေးပွဲတွင် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်း၊ နီပေါ၊ ဂျပန်၊ အီတလီ စသည့် နိုင်ငံများမှ အတွေ့အကြုံ ဗဟုသုတများစွာရှိသည့် ပညာရှင်ကြီးများက လာရောက် ဆွေးနွေး အကြံပြုကြမည်ဖြစ်သဖြင့် ၂၀၂၅ အလွန် မြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတစ်ခုအဖြစ် ပုံဖော်တည်ဆောက်ရာတွင် များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ပညာရှင်များ၏ ဆွေးနွေးမှုများသည် မြန်မာနိုင်ငံ အတွက် လမ်းညွှန်မှုများ၊ လမ်းပြမှုများနှင့်မဟာဗျူဟာများကို ပေးစွမ်းနိုင်လိမ့်မည်ဟု လို့ မျှော်လင့်ထားကြောင်းကိုလည်း ပြောကြားလိုကြောင်း။
တက်ရောက်လာကြသည့် နိုင်ငံတကာက ပညာရှင်ကြီးများအနေဖြင့်လည်း ယခု ဆွေးနွေးပွဲကြီးကို တက်ရောက်လာစဉ် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရကြမည်၊ သတင်းတု၊ သတင်းမှားများဖြင့် မြန်မာနိုင်ငံ ၏ပုံရိပ်ကို အမျိုးမျိုးဖျက်နေကြသည့် မီဒီယာအတုများ၊ လွတ်လပ်မှုကင်းသည့် မီဒီယာ များက ဖော်ဆောင်နေသည့် မြန်မာ့ပုံရိပ်နှင့် ပညာရှင်ကြီးများ ယခုကိုယ်တိုင် ထိတွေ့ မြင်တွေ့ရသည့် မြန်မာ့ပုံရိပ်သည် လွန်စွာကွာခြားမှုများ၊ ခြားနားမှုများရှိနေသည်ကို ခံစားကြရလိမ့်မည်ဟု မိမိတို့အနေဖြင့် မျှော်လင့်ပါကြောင်း။
မိမိတို့ မြန်မာများသည် သင်ယူလိုစိတ် ပြင်းပြကြပြီး စစ်မှန်သည့်အကြံပြုမှုများ ကို လေးစားစွာ နားထောင်သကဲ့သို့ စေတနာပါသည့် ဝေဖန်မှုများကိုလည်း ရိုးသားစွာ လက်ခံကြကြောင်း၊ ယခုဆွေးနွေးပွဲကြီးမှ စစ်မှန်သည့်အကြံပြုမှုများနှင့် စေတနာပါ သည့် ထောက်ပြပြောဆိုမှုများကို မိမိတို့ လေ့လာခွင့်ရပြီး နိုင်ငံ့အကျိုးကို အထောက် အကူပြုလိမ့်မည်ဟုလည်း ယုံကြည်ပါကြောင်း။
ယခုဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ပြီး “မြန်မာ့ပုံရိပ် ဖော် ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)” အဖွဲ့ကြီးက စီစဉ်ကျင်းပခြင်း ဖြစ်ကြောင်း၊ နိုင်ငံအတွက်အရေးကြီးသည့်အချိန်ကာလတွင် ပြောင်းလဲနေသည့် ကမ္ဘာကြီး နှင့်လိုက်လျောညီထွေစွာဖြင့် မြန်မာနိုင်ငံကို ရှေ့သို့လှမ်းချီနိုင်ရန်အတွက် ယခုဆွေးနွေးပွဲကြီးကို အချိန်ကိုက် ကြိုးပမ်းစီစဉ်အကောင်အထည်ဖော်ပေးကြသည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် “မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)” အဖွဲ့ကြီးကို ဂုဏ်ယူပါကြောင်းလည်း အသိအမှတ်ပြုပြောကြားလို ကြောင်း။
ယခုဆွေးနွေးပွဲကြီး၏ ရလဒ်များသည် မြန်မာနိုင်ငံ၏အနာဂတ်ကို လှပစွာ ပုံဖော်ရာတွင် အားကောင်းသည့်ကောက်ကြောင်းပုံရိပ်များ ဖြစ်လာလိမ့်မည်ဟု မိမိတို့ မျှော်လင့်ပါကြောင်း၊ ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးကြသည့် ပြည်တွင်းပြည်ပ ပညာရှင်များကိုလည်း မိမိအနေဖြင့် ကျေးဇူးအထူးတင်ပါကြောင်း၊ နိုင်ငံတကာက လာရောက်ကြသည့် ပညာရှင်ကြီးများလည်း မြန်မာနိုင်ငံ၌ နေထိုင်စဉ် မြန်မာနိုင်ငံ၏ လှပသည့် သဘာဝရှုခင်းများနှင့် မြန်မာတို့၏နွေးထွေးသည့် ပျူငှာမှုများကို ခံစားနိုင် ကြပါစေကြောင်း၊ စိတ်ရွှင်လန်းကျန်းမာကြပါစေကြောင်း၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ကို ချိတ်ဆက်ပေးရင်း မြန်မာနိုင်ငံ၏ ပုံရိပ်အမှန်များကို ပြန်လည်သယ်ဆောင်ကာ ချစ်ကြည်ရင်းနှီးမှုများကို တိုးမြှင့်တည်ဆောက်နိုင်ကြပါစေကြောင်းကို ဆန္ဒပြုပါ ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲတွင် ဖြည့်စွက်ဆွေးနွေးမှုအဖြစ် ဆက်လက် ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံသည် တောင်နှင့်မြောက်ရှည်လျားသည့် နိုင်ငံ တစ်ခုဖြစ်ကြောင်း၊ နိုင်ငံအတွင်း ရေချိုမြစ်ချောင်းများပေါများသည့်အပြင် အမျိုးအစား စုံလင်သည့် ရာသီဥတု၊ တောတောင်သဘာဝများ၊ သီးပင်စားပင်များ အမျိုးမျိုးသော သဘာဝသယံဇာတများပေါကြွယ်ဝပြီး ယင်းတို့သည် မိမိတို့နိုင်ငံ၏ အခွင့်အလမ်းနှင့် အားသာချက်များပင်ဖြစ်ကြောင်း၊ နိုင်ငံ၏ပင်လယ်ကမ်းရိုးတန်းအရှည်မှာ မိုင်ပေါင်း ၁၃၀၀ ကျော်ရှိပြီး ရေနက်ဆိပ်ကမ်းများနှင့် စီးပွားရေးဇုံများကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံသည် ပင်လယ်ရေကြောင်းကုန်သွယ်ရေးနှင့်ပတ်သက်၍ ပထဝီဝင် အနေအထားအရ အချက်အခြာကျသည့် နေရာတွင်တည်ရှိကြောင်း။
မိမိတို့နိုင်ငံ၏ ပတ်ဝန်းကျင်တွင် အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိပြီး လူဦးရေအများ ဆုံးဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင်တည်ရှိကြောင်း၊ တောင်အာရှ နှင့် အရှေ့တောင်အာရှ ဆက်သွယ်ရေးလမ်းကြောင်းပေါ်၌ရှိပြီး ဆုံချက် (Pivot Area) ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ပတ်ဝန်းကျင်နှင့် အိမ်နီးချင်းနိုင်ငံများ၏လူဦးရေမှာ ၄ ဘီလီယံနီးပါးရှိပြီး ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့် ရှိသည့်အတွက် မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ကုန်ပစ္စည်းများကိုတင်ပို့နိုင်သော ခိုင်မာသည့်ဈေးကွက်ရှိပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်ရှိပြီးဖြစ်သည့် အရင်းအမြစ်များကို ကောင်းစွာအသုံးချနိုင်ရန်လိုပြီး မူလ တန်ဖိုးဖြစ်သည့် အရေးပါမှုများကို အရာရောက်အောင် ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း။
မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံသည် သင့်တော်သော ရာသီဥတု၊ များပြားလှသည့်စိုက်ပျိုးမြေ၊ သဘာဝသယံဇာတပေါများမှုများကြောင့် ရှေ့သမိုင်းအစဉ် အဆက်ကတည်းက အင်အားအသင့်အတင့်ရှိသည့် လူမျိုးစုများ၊ အင်အားနည်းသည့် လူမျိုးစုများ၏ ပြောင်းရွှေ့နေထိုင်ရာ၊ အခြေချနေထိုင်ရာ နယ်မြေဖြစ်ခဲ့သဖြင့် တိုင်း ရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံစုစည်းနေထိုင်ရာ အမိမြေ၊ အမိနိုင်ငံတော်ဖြစ်ခဲ့ ကြောင်း၊ ကိုလိုနီခေတ်၏ သွေးခွဲအုပ်ချုပ်မှုစနစ်အရ စုစည်းနေထိုင်ခဲ့သည့် တိုင်း ရင်းသားများ၏ ညီညွတ်မှုသည် ပြိုကွဲခဲ့ရကြောင်း၊ ထိုသို့သွေးကွဲခဲ့ရသည့် အဖြစ်များ၏ နောက်တွင် လက်နက်ကိုင်ပဋိပက္ခများကို နယ်ချဲ့ကိုလိုနီများနှင့် အပေါင်းပါများကပင် ဆက်လက် အားပေးထောက်ပံ့ခဲ့ကြောင်း၊ ထို့အပြင် အယူဝါဒရေးရာကွဲပြားမှု၊ လူမျိုး ရေးကွဲပြားမှု၊ နိုင်ငံရေးစနစ်ကွဲပြားမှုများအပေါ် ပုံကြီးချဲ့သွေးထိုးလှုံ့ဆော်ပြီး ပြည် တွင်း လက်နက်ကိုင်ပဋိပက္ခများကြီးမားလာအောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ အစိုးရ အဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်ခဲ့သော်လည်း ပြည်တွင်းရေးအခြေအနေများထက် ပြည်ပက အားပေးလှုံ့ဆော်ပါဝင်စွက်ဖက်မှုများ ကြောင့် လက်နက်ကိုင်ပဋိပက္ခသည် မငြိမ်းနိုင်သည့်မီးတောက်များကဲ့သို့ ယခုထိ ရှိနေဆဲပင်ဖြစ်ကြောင်း၊ ထိုသို့အဖြစ်အပျက်များကြောင့် မိမိတို့နိုင်ငံသည် အခွင့်အလမ်း များရှိလျက်နှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရကြောင်း၊ ယင်းစိန်ခေါ်မှုများကို အခွင့် အလမ်းများ၊ အရာရောက်မှုများအဖြစ်ပြောင်းလဲပစ်နိုင်ပြီး ယင်းသည် မိမိနိုင်ငံ၊ မိမိ ပြည်သူကို ချစ်သည့်စိတ်၊ မြန်မာစိတ်မွေးမြူပြီး စုစည်းညီညွတ်သည့် အင်အား တည်ဆောက်နိုင်ရေးပင်ဖြစ်ကြောင်း၊ မိမိတို့ စုစည်းညီညွတ်မှုမရှိသမျှ မည်သည့် စီးပွားရေးစနစ်မျှ အောင်မြင်မည် မဟုတ်ကြောင်း၊ မည်သည့်နိုင်ငံရေးစနစ်မျှ ခိုင်ခိုင် မာမာ ဦးဆောင်နိုင်မည်မဟုတ်ကြောင်း၊ မည်သည့်လူမှုရေးစနစ်မျှ သာယာဝပြော စိတ်ချမ်းသာမှုကို ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်ကြောင်း။
မိမိတို့နိုင်ငံသည်စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စီးပွားရေးကိုဆောင်ရွက် လျက်ရှိသော နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော ဝါနှင့် ရာဘာ တို့မှ ထုတ်လုပ်သည့် ကုန်ချောပစ္စည်းများကို တင်ပို့ရောင်းချနိုင်သကဲ့သို့ ဆန်၊ ပဲ နှင့် အခြားသီးနှံများကိုလည်း ယခုထက် တင်ပို့နိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့တင်ပို့နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင် အမှန် တကယ် အလုပ်လုပ်ရန်လိုအပ်ခြင်းဖြစ်ကြောင်း၊
စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံလိုအပ်ချက်များမှာ လူ့ စွမ်းအားအရင်းအမြစ်(HR)နှင့် ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကြောင်း၊ နိုင်ငံတွင် လူဦးရေ ၅၁ သန်းခန့်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပညာရေးကဏ္ဍ၌ လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများအတွက် ပညာ တတ်လူသားအရင်းအမြစ်များ လိုအပ်သဖြင့်အခြေခံပညာရေးစနစ်ကို မြှင့်တင်နိုင်ရေး အတွက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည့်အပြင် အဆင့်မြင့်ပညာရေးစနစ် များကိုလည်း နိုင်ငံတော်မှ အဆင့်မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို နိုင်ငံအနှံ့ဖွင့်လှစ် ပေးထားပြီး Polytechnic University များကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း။
တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက်အာမခံချက်များပေးနိုင်ရန်လိုကြောင်း၊ သို့မှသာ နိုင်ငံ၏ GDP ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ၏စီးပွားရေး ကဏ္ဍလည်းဖွံ့ဖိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြည်သူများလိုလားပြီး နိုင်ငံ၏ အခြေ အနေနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ဆန္ဒများကိုလည်း ဥပဒေနှင့်အညီ လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် မတူကွဲပြားသည့် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြားတွင်ရှိနေ ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍လည်း လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ အနေဖြင့် အခွင့်အလမ်းများရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိကြောင်း၊ အဆိုပါစိန်ခေါ် မှုများကို နည်းလမ်းပေါင်းစုံဖြင့် ကျော်လွှားပြီး နိုင်ငံတိုးတက်ရေးကိုဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများအနေဖြင့် ယနေ့မှစပြီး “ မြန်မာ့ အနာဂတ် ဘဝလှပဖို့- မြန်မာ့ တန်ဖိုးမြှင့်ကြစို့” ဟု လေးနက်စွာ တိုက်တွန်းပြောကြားလိုကြောင်း ဖြင့်ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ပြည်ပမှလာရောက်ဆွေးနွေးကြသည့် ပညာရှင်များအား အထိမ်းအမှတ်တံဆိပ် များ ပေးအပ်သည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနု ပညာရှင် များက “ ရွှင်လန်း ချမ်းမြေ့ပါစေ” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများအားကြည့်ရှုခဲ့ကြ သည်။
အဆိုပါ သုံးသပ်ဆွေးနွေးပွဲတွင် “ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာ နှင့်အာရှ၏အခန်းကဏ္ဍ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံ ကြုံတွေ့ ရမည့် ပထဝီစီးပွားရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့်အခွင့်အလမ်းများ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများ နှင့် ရရှိနိုင်သည့် အခွင့်အလမ်းများ” စသည့် ခေါင်းစဉ်သုံးခုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းမှပညာရှင်များက ပါဝင်ဆွေးနွေးသွားမည်ဖြစ် သည်။
သုံးသပ်ဆွေးနွေးပွဲကို နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏ အခြေ အနေမှန်ကို ကမ္ဘာကသိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန်စွပ်စွဲပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်နှင့် ၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့် ကမ္ဘာ့အခင်း အကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) တွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအားသိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများ ရရှိစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။