မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံး ရမှုများနှင့်ပတ်သက်၍ ကာဇက်စတန်နိုင်ငံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
နေပြည်တော် ဧပြီ ၁၀
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ခြင်းအတွက် ကာဇက်စတန်နိုင်ငံသမ္မတ H.E. Mr. Kassym-Jomart Tokayev က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။
အဆိုပါသဝဏ်လွှာတွင် မိမိအနေဖြင့် မြန်မာနိုင်ငံသားများစွာ အသက်ဆုံးရှုံးခဲ့ရသည့် အဆွေတော်တို့နိုင်ငံ၌ဖြစ်ပွားခဲ့သော ဝမ်းနည်းဖွယ် ငလျင်သတင်းကိုကြားသိရသည်မှာ များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ ယခုကဲ့သို့ ခက်ခဲသောအချိန်ကာလတွင် ချစ်ခင်ရသူများဆုံးရှုံးရသည့် မိသားစုများ၊ မြန်မာပြည်သူများအတွက် ဝမ်းနည်းမိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများ ဆောလျင်စွာပြန်လည်ကောင်းမွန်ပြီး မိသားစုနှင့်ဘေးအန္တရာယ်ကင်းစွာ ပြန်လည်ဆုံစည်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း သတင်းရရှိသည်။