နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ မီဒီယာများအား ဖြေကြားချက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ မီဒီယာများအား ဖြေကြားချက်

 

နေပြည်တော်   မေ   ၁၁

      ဒီရုရှားနိုင်ငံရဲ့ နှစ်(၈၀)ပြည့် မျိုးချစ်စစ်ပွဲကြီးက ရုရှားနိုင်ငံမှာပဲကျင်းပတာပေါ့။ အမှန်ကတော့ ဒီမျိုးချစ်စစ်ပွဲကြီးဆိုတာ ရုရှားနိုင်ငံတစ်နိုင်ငံတည်းအတွက် သက်ဆိုင်တာမဟုတ်ပါဘူး။ အရင်တုန်းက ကမ္ဘာမှာ ဖက်ဆစ်စနစ်၊ နာဇီစနစ်ဆိုတဲ့ အစွန်းရောက်မှုတွေရှိခဲ့တယ်။ ဒီဖက်ဆစ်စနစ်၊ နာဇီစနစ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ကိစ္စပဲ။

ဖက်ဆစ်စနစ်၊ နာဇီစနစ်ကိုဆန့်ကျင် တိုက်ခိုက်တဲ့ကိစ္စဆိုတာက ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ခင်ဗျားတို့ ကျွန်တော်တို့သိတဲ့ အတိုင်းပဲ၊  ဖက်ဆစ်စနစ်ရဲ့ ဆိုးကျိုးတွေ ကျွန်တော်တို့ခံစားခဲ့ရပါတယ်။ မြန်မာပြည်သူ တစ်ရပ်လုံးလည်း နှိပ်စက်ခံခဲ့ရပါတယ်။ ဒီလိုပဲ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ နိုင်ငံတွေမှာလည်း ဖက်ဆစ်စနစ်ရဲ့ဆိုးကျိုး တွေ ခံခဲ့ရတယ်။ ဥပမာ- ဖက်ဆစ်စနစ်ရဲ့ ဆိုးကျိုးကိုသိချင်ရင် မြန်မာနိုင်ငံမှာဆို ငဘဆိုတဲ့ ဝတ္ထုစာအုပ်ရှိတယ်။ ဖတ်ကြည့်ပါ။ ဒါဖြစ်ရပ်မှန်တွေကို ရေးသားထားတာ၊ ဖြစ်ရပ်မှန်တွေနဲ့ သမိုင်းကြောင်းကြီးကို အခြေခံပြီးရေးသားထားတာပါ။ ဒီလိုပဲ ကျွန်တော်တို့ အိမ်နီးနားချင်း တရုတ်နိုင်ငံမှာ ဆိုလည်း  နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု  တို့ဘာတို့ ရှိခဲ့တယ်။ ဒီလိုပဲ အရှေ့ဥရောပထဲပါတဲ့ ရုရှားဟာဆိုလည်း အရှေ့ဥရောပမှာ ဒီနာဇီစနစ်ကို    အဓိကထားပြီးတော့ တိုက်ခိုက်ခဲ့တဲ့ နိုင်ငံပေါ့။ သူ့ရဲ့လူဦးရေ ၂၆ သန်းလောက် အသက်ပေးသွားရတာရှိတယ်။   ၂၆  သန်းဆိုတဲ့လူဦးရေဟာ   ခုခေတ်လူဦးရေနဲ့   ချိန်ဆကြည့်မယ်ဆိုရင်တောင်  အတော်များတဲ့ လူဦးရေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့က အောင်ပွဲလုပ်ကြတာဖြစ်တယ်။ ဒါက ယခင်က အတိတ်သမိုင်းကြောင်း ဖြစ်ပါတယ်။   အခုခေတ်သမိုင်းကြောင်းကို ကြည့်မယ်ဆိုလျှင် ကျွန်တော်တို့ ခဏခဏပြောနေတဲ့ ခေတ်သစ်ကိုလိုနီဝါဒရှိမယ်။

ခေတ်သစ်မှာ စီးပွားရေးလက်ဝါးကြီး အုပ်မှုတွေရှိတယ်။ ခေတ်သစ်မှာ နိုင်ငံကြီးတွေက နိုင်ငံငယ်တွေအပေါ်မှာ လွှမ်းမိုးလိုတဲ့ဆန္ဒတွေ အမြဲရှိပါတယ်။ ဒါတွေကိုတော့   ကျွန်တော်တို့ကပူးပေါင်းပြီးတော့ တိုက်ဖျက်သွားရမယ်။ ပူးပေါင်းပြီးတော့  ဆန့်ကျင်သွားရမှာဖြစ်တယ်လို့ ပြောချင်တယ်။

ဒီနေရာမှာ မြန်မာ့တပ်မတော် အနေနဲ့လည်း ဒီနှစ် (၈၀)ပြည့်အခမ်းအနားမှာ ဒါ ကျွန်တော်တို့ ပထမဦးဆုံးအကြိမ် အနေနဲ့ပါဝင်ပြီးတော့   ဆောင်ရွက်ခဲ့တယ်။ စစ်ရေးပြလျှောက်ခဲ့တယ်။  ဂုဏ်ပြုချီတက်ခဲ့တယ်။

ဒီအတွက်လည်း မြန်မာ့တပ်မတော်သည် နံပါတ်တစ် နိုင်ငံတကာ တပ်မတော်တွေနဲ့ အညီ မြန်မာ့တပ်မတော်သည် ရင်ပေါင်တန်းနိုင်တဲ့    တပ်မတော်တစ်ရပ်ဖြစ်တယ်။  နံပါတ်နှစ်   မြန်မာ့တပ်မတော်သည်   နိုင်ငံတကာ တပ်မတော်တွေနဲ့အတူ အဆင့်မီဆောင်ရွက်နိုင်တဲ့  တပ်မတော်ရှိတယ်ဆိုတာ ထင်ထင်ရှားရှားပြသတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ယခင်ကတည်းက ပြောခဲ့တယ်။ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ် ဆိုတဲ့စကားကို ပြောခဲ့တယ်။ ဒါကို တချို့ သော တပ်မတော်မှေးမှိန်အောင် လုပ်ချင်တဲ့သူတွေက ဆန့်ကျင်ဘက်စကားတွေ ပြောကြတာပေါ့ဗျာ။ သို့သော် ခုခေတ်မှာကြည့်လိုက်ပါ။ မိမိရဲ့တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊   မိမိတိုင်းပြည်ရဲ့ ဂုဏ်ကျက်သရေ ရှိရေးပေါ့နော်။ ဒီအတွက် ကာကွယ်ရေးအင်အား တောင့်တင်းဖို့လိုတယ်။  တပ်မတော်အင်အား တောင့်တင်းဖို့လိုတယ်။ မိမိရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့ဆိုရင်   ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးအင်အားစုရှိဖို့ လိုပါတယ်။ ဒါတွေကိုကျွန်တော်တို့  တစ်နိုင်ငံလုံး  တစ်နိုင်ငံသားလုံးက သိရှိဖို့၊ သဘောပေါက်ဖို့၊   ဂုဏ်ယူဖို့လိုတယ်။

ဒါတွေကို ကျွန်တော်တို့ဖော်ဆောင်ဖို့ လိုတယ်။ ဖော်ဆောင်နိုင်အောင်လည်း အခွင့်ရေးရခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။တရုတ်နိုင်ငံသမ္မတကြီးနဲ့ တွေ့ဆုံတဲ့အခါမှာပေါ့။ မြန်မာနိုင်ငံအတွက် အချက်သုံးချက်ပဲ ပြောလိုတယ်။ နံပါတ်တစ်အချက်ကတော့ မြန်မာ့ရဲ့အချုပ်အခြာအာဏာ၊ ဖွံ့ဖြိုးတိုးတက်မှု  ဒါတွေကို  တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံဘက်က ရပ်တည်ထောက်ခံလျက်ရှိတယ်။ နံပါတ်နှစ်အနေနဲ့က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးပေါ့။ တရုတ်သည်  သူများ၏ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို  လက်ခံကျင့်သုံးလျက်ရှိတယ်။ ဒါ့အပြင် ကျွန်တော်တို့နှစ်နိုင်ငံလုံးက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး  မူကြီး(၅)ရပ်ကို လက်ခံကျင့်သုံးလျက်ရှိတယ်။မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တယ်။သူ့ရဲ့အနောက်ဘက် ထွက်ပေါက်တစ်ခုဖြစ်တဲ့ အတွက်မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး  တရုတ်နိုင်ငံအနေနဲ့ ကောင်းတဲ့ဘက်က ရှုမြင်ပြီးတော့၊  ကောင်းတဲ့ဘက်ကမျှော်မှန်းပြီး မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးလျက်ရှိတယ်။  ဒါတွေကိုလည်း ဆက်လက်  ဆောင်ရွက်ပေးသွားမယ် ဆိုတာမျိုး ရခဲ့တယ်။ နံပါတ်သုံးအချက်ကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲပေါ့။  ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို  နိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့ပြီးသား။ ဒီနှစ်နှစ်ကုန်ပိုင်းမှာ ကျင်းပပေးမှာဖြစ်တယ်။  တရုတ်နိုင်ငံအနေနဲ့   ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်သွားမယ့်ဟာတွေနဲ့ ပတ်သက်ပြီးတော့   ထောက်ခံအားပေးတာကို တွေ့ရတယ်။ ကျွန်တော့်အနေနဲ့ သတင်းကောင်း ပါးလိုတာကတော့ မြန်မာပြည်သူလူထု  ယခင်ကတည်းက လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ ပါတီစုံဒီမိုကရေစီ စနစ်ဆိုတာသည် ယခင်ကတည်းကတိုင်   တပ်မတော်ရဲ့ဖော်ဆောင်မှုနဲ့ ကျွန်တော်တို့ရရှိခဲ့တယ်။ မဲလိမ်မဲခိုးမှုတွေကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကိုရယူခဲ့တယ်။ ခုချိန်မှာတော့ မြန်မာပြည်သူလူထု လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့အနေနဲ့ ဆက်လက်ဖော်ဆောင် သွားမှာဖြစ်ကြောင်း သတင်းကောင်း ပါးလိုပါတယ်။

အဓိကပထမဦးဆုံးအပိုင်း ပြောချင်တာကတော့ နိုင်ငံရေးပါတီတွေရဲ့အပိုင်းပေါ့။ နိုင်ငံရေးပါတီတွေရဲ့အပိုင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရမှာရှိတယ်။ပြီးရင် ပြည်သူလူထုကိုအသိပေး ပညာပေးရမှာရှိတယ်။ ဒါတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့   ကျွန်တော့်အနေနဲ့ နံပါတ်တစ်ပြောလိုတယ်။

နံပါတ်နှစ်ကတော့ ကျွန်တော်တို့ ပြည်သူလူထုရဲ့အပိုင်းပါ။ ပြည်သူလူထုရဲ့အပိုင်းမှာ ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၊ ပါတီစုံဒီမိုကရေစီစနစ်ကို အလိုရှိတယ်လို့ ပြောပြီးပြီ။ ပါတီစုံဒီမိုကရေစီစနစ်ကို အလိုရှိရင်  ငြိမ်းချမ်းစွာ တရားမျှတရေး ရွေးကောက်ပွဲကျင်းပနိုင်ဖို့က   အခြေခံလိုအပ်ချက်ဖြစ်တယ်။ ဒီရွေးကောက်ပွဲကို ငြိမ်းချမ်းစွာကျင်းပနိုင်ဖို့ အတွက်ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါ။

ဒီမိုကရေစီရဲ့   ဆန့်ကျင်ဘက်ဖြစ်တဲ့ အကြမ်းဖက်ဝါဒကို  ပြတ်ပြတ်သားသား ဆန့်ကျင်ကြပါလို့   ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။ရုရှားနဲ့   မြန်မာရဲ့ဆက်ဆံရေးက ကြာပါပြီ။ ခိုင်မြဲတဲ့ဆက်ဆံရေးဖြစ်တယ်။   ပထမဦးဆုံးဆက်ဆံရေးကတော့ တပ်မတော်အချင်းချင်း ဆက်ဆံရေးကနေ စခဲ့တာပေါ့။  ယခင်တပ်မတော် အစိုးရလက်ထက်နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊  နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက်ကတည်းကနေ စခဲ့တာဖြစ်ပါတယ်။  အခုအချိန်မှာတော့  ရုရှားနဲ့မြန်မာရဲ့ ဆက်ဆံရေးဟာ   တပ်မတော်နယ်ပယ်တင်မကဘဲနဲ့ ကဏ္ဍပေါင်းစုံမှာပါ    ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်တယ်။

ဆက်လက်ပြီးလည်း  ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ဒီအတွက်လည်း ရုရှားကို ရောက်တဲ့အခါမှာ ကျွန်တော်တို့ မြန်မာတွေရောက်တဲ့ အခါမှာပေါ့နော်။ ဒီအစိုးရတွေ ကျွန်တော်တို့အစိုးရ အချင်းချင်းတို့၊ တပ်မတော်အချင်းချင်းတော့ ကျွန်တော်မပြောသေးဘူး။ ပြည်သူအချင်းချင်း၊ ပြည်သူအချင်းချင်းဆက်ဆံရေးပေါ့။  ရုရှားပြည်သူတွေရဲ့ မြန်မာပြည်သူလူထု အပေါ်မှာအမြင်၊  မြန်မာပြည်သူတွေရဲ့ ရုရှားပြည်သူလူထုအပေါ်မှာ အမြင်ဟာ   တိုးတက်ခိုင်မာနေတယ်လို့ မြင်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့  လိုလိုလားလားရှိတယ်လို့   မြင်ပါတယ်။   ဒီအတွက်လည်း ကျွန်တော်ဂုဏ်ယူပါတယ်။ ဒီနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ခရီးစဉ်မှာ  နှစ်(၈၀)ပြည့် ရုရှားရဲ့ မဟာမျိုးချစ်အောင်ပွဲ၊ အဲ့ဒီမှာ ကျွန်တော်တို့  နိုင်ငံခေါင်းဆောင်တွေ   တော်တော်များများတက်ကြတယ်။ နိုင်ငံခေါင်းဆောင်တွေ တော်တော်များများတက်ကြတဲ့အခါမှာ မြန်မာနိုင်ငံ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်။ စကားပြောခဲ့တယ်။ မြန်မာနိုင်ငံရဲ့အခြေအနေကို ပိုမိုနားလည်သဘောပေါက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။   မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်မှန်တွေနဲ့ ပတ်သက်ပြီး ပြောပြနိုင်ခဲ့တယ်။ ရှင်းရှင်းပြောရရင်တော့ မြန်မာကိုကမ္ဘာက နိုင်ငံတကာက    ပိုမိုနားလည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။