သဘာဝဘေးအန္တရာယ်နှင့် လူအများ ထိခိုက်ဒဏ်ရာရရှိမှုများ အတွက် ကုသမှု ဆောင်ရွက်ပေးနိုင်ရေးနှင့် ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့် တွေ့ဆုံမေးမြန်းထားသည်များ

 

သဘာဝဘေးအန္တရာယ်နှင့် လူအများ ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ကုသမှု ဆောင်ရွက်ပေးနိုင်ရေးနှင့် ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့် တွေ့ဆုံမေးမြန်း ထားသည်များ

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏   သဘာဝဘေးအန္တရာယ်နှင့် လူအများ ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ကုသမှုဆောင်ရွက်ပေးနိုင်ရေး Mass Causality  Management Plan (၂၀၂၅) အတိုင်း    ဆေးရုံရှိ အဆောက်အအုံများ  ပျက်စီးမှုများရှိနိုင်ခြင်း အပါအဝင် case scenario များဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေလ၂၃ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်နှင့် လူအများ ထိခိုက်ဒဏ်ရာရရှိမှုများ အတွက် ကုသမှုဆောင်ရွက်ပေးနိုင်ရေးနှင့် ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြအပ်ပါသည်။

မေး။      ။     အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု စီမံချက်မှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်ပါသလဲ။ ဘယ်လိုနေရာတွေအထိ လွှမ်းခြုံနိုင်ပါသလဲ။

ဖြေ။   ။ကျွန်တော်တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဟာ ခုတင် ၂၀၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးဖြစ်ပြီး မြန်မာပြည်မှာ အကြီးဆုံးဆေးရုံကြီး ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ တစ်ရက်ကို ပျမ်းမျှ အတွင်းလူနာ ၁၃၀၀ ခန့်၊ ပြင်ပလူနာ ၂၀၀၀ ခန့် နဲ့အကြီးစားခွဲစိတ်မှု ၅၀ ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။  အရေးပေါ် ဆေးကုသမှုဌာနအနေနဲ့ နေ့စဉ် ပျမ်းမျှလူနာ ၂၅၀ ကို  အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါတယ်။  ကျွန်တော်တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာနရဲ့ ညွှန်ကြားမှုနဲ့  သဘာဝဘေးအန္တရာယ်နဲ့ လူအများ ထိခိုက်ဒဏ်ရာ ရရှိမှုများအတွက် ကုသမှု ဆောင်ရွက်ပေးနိုင်ရေး Mass Causality Management Plan (၂၀၂၅) ကို ရေးဆွဲထားပြီး အရေးပေါ်အခြေအနေမှာ ကျန်းမာရေး စောင့်ရှောက်မှုများကို စနစ်တကျဆောင်ရွက်နိုင်အောင် စီစဉ်ထားပါတယ်။ ရည်ရွယ်ချက်အနေနဲ့ သဘာဝဘေး အန္တရာယ်များနဲ့ အခြားသော လူအများ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကျရောက်ချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ လူအများရဲ့ အသက်အန္တရာယ်ကို လျင်မြန်ထိရောက်စွာ ကယ်တင်ကုသဖို့နဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကိုရောက်ရှိလာတဲ့  လူနာတွေကို ပုံမှန်လုပ်ငန်းများ မပျက်စေဘဲ စနစ်တကျစီမံ ခန့်ခွဲပြုစုကုသပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။  ကျွန်တော်တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ လူအများ အစုလိုက် ထိခိုက်ဒဏ်ရာရရှိသူ လူဦးရေ ၁၀ ဦး တစ်ပြိုင်တည်းရောက်ရှိလာရင် ယင်းအခြေအနေကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  လူအများထိခိုက်ဒဏ်ရာရရှိသူ ပထမ လူနာ ၃၀ ကို အရေးပေါ်ဌာနက တာဝန်ယူပြီး လူနာ ၃၀ မှ ၁၀၀ ဦးအတွင်းဖြစ်ရင် တစ်ဆေးရုံလုံး ပါဝင်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ လူနာ ၁၀၀ ဦးကျော်ရင်တော့ တခြားဆေးရုံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။  ။ကြိုတင်သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်သွားမယ့် အစီအစဉ်နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အဖွဲ့ အစည်းများကို သိချင်ပါတယ်။ ဘယ်လိုအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်လို့ ရပါသလဲ။

ဖြေ။  ။ဇာတ်တိုက်လေ့ကျင့်ခန်းကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဆေးကုဆောင် တစ်ခုမှာ သဘာဝဘေးကြောင့် ပျက်စီးတဲ့ဖြစ်စဉ် ဖန်တီးပြီး လူနာ ၄၀ ခန့် တစ်ပြိုင်တည်းရောက်ရှိတဲ့ scenario ပြုလုပ်တာဖြစ်ပါတယ်။ လူနာ ၄၀ နဲ့လူနာစောင့် ၄၀ အဖြစ် ရန်ကုန်သူနာပြု သင်တန်းကျောင်းက သင်တန်းသား/သူတွေ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ဆေးရုံရှိ ဌာနအသီးသီးက ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီး/ငယ်များ၊ သူနာပြုကြီး/ငယ်များ၊ ဓာတ်ခွဲ/ဓာတ်မှန် စတဲ့ ကျွမ်းကျင်ဝန်ထမ်းများ၊ ဆေးရုံအုပ်ချုပ်မှုအဖွဲ့ဝင်များနဲ့ အငယ်တန်းဝန်ထမ်းများ၊ လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လသာမြို့နယ် ရဲတပ်ဖွဲ့နဲ့ လသာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

မေး။  ။အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အခြေအနေ(ဆေးဝါး)၊ သွေး၊ စက်ပစ္စည်းကိရိယာ၊ ဝန်ထမ်းအင်အား)သိချင်ပါတယ်။

ဖြေ။  ။ပထမဦးစွာ အရေးပေါ် အခြေအနေဖြစ်လာရင် command and control center (အရေးပေါ်အခြေအနေကွပ်ကဲရေးအဖွဲ့)ကို ချက်ချင်းစုဖွဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  အရေးပေါ်အခြေအနေ ကွပ်ကဲရေးအဖွဲ့အောက်မှာ   လုပ်ငန်းအဖွဲ့ ၆ ဖွဲ့နဲ့ အထောက်အကူအဖွဲ့ ၆ ဖွဲ့တို့ကို စနစ်တကျဖွဲ့စည်းပြီး အရေးပေါ်အခြေအနေကို စနစ်တကျစီမံကွပ်ကဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့ ၆ ဖွဲ့ ကတော့-

      (၁)     ဆေးရုံတွင်ရောက်ရှိလာသော လူနာများနှင့် ဆေးရုံဝန်ထမ်းများ လုံခြုံရေးအဖွဲ့

      (၂)      ဆေးကုသရေးအဖွဲ့နှင့်အထောက်အကူပြုအဖွဲ့

      (၃)     အရေးပေါ်လူနာများအတွက်   ပစ္စည်းဖြည့်တင်းရေးအဖွဲ့

      (၄)     ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့

      (၅)     သတင်းဆက်သွယ်ပြန်ကြားရေးအဖွဲ့

      (၆)     လူမှုဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့တို့ဖြစ်ပါတယ်။

အထောက်အကူအဖွဲ့ ၆ ဖွဲ့ကတော့

(က)   ဓာတ်မှန်ဌာနအဖွဲ့

  (ခ)   ရောဂါဗေဒဌာနအဖွဲ့

  (ဂ)   ဥပဒေရေးရာဆေးပညာအဖွဲ့

  (ဃ)  သွေးလှူဘဏ်အဖွဲ့

  (င)   သွေးဖြန့်ချိရေးအဖွဲ့

  (စ)   Medical Store ဌာနအဖွဲ့တို့ဖြစ်ပါတယ်။  

ဒီလုပ်ငန်းအဖွဲ့တွေနဲ့ အထောက်အကူပြုအဖွဲ့တွေမှာ အဖွဲ့ခေါင်းဆောင်အဖြစ်  ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ (ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနဲ့ ညွှန်ကြားရေးမှူး/ဒုတိယ ညွှန်ကြားရေးမှူး (ဆေးရုံအုပ်များ) က   တာဝန်ယူဆောင်ရွက်ပြီး   သက်ဆိုင်ရာ အဖွဲ့ဝင်များနဲ့အဖွဲ့ အချင်းချင်း ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ဖို့   ကြိုတင်ဇာတ်တိုက်လေ့ကျင့်တာဖြစ်ပါတယ်။

မေး။  ။အခြားဖြည့်စွက်ပြောလိုသည်များရှိပါက ပြောကြားပေးပါ။

ဖြေ။  ။ရန်ကုန်ပြည်သူ့ဆေးရုံကြီး အနေနဲ့ လူနာများအတွက် အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ကုသမှုရရှိရေး ဆောင်ရွက်လျက်ရှိပါတယ်။ ယနေ့‌ခေတ်အခါမှာ    သဘာဝဘေးအန္တရာယ်ကြောင့် လူအများစု ထိခိုက်ဒဏ်ရာရရှိတာတွေရှိပါတယ်။ ဥပမာအားဖြင့် မတ်လ ၂၈ ရက်မှာ  မန္တလေးငလျင်ကြီး ကြောင့် ထိခိုက်ပျက်စီးမှုများကို  ပြည်သူအားလုံး သိရှိပြီးဖြစ်ပါတယ်။ သဘာဝဘေး ဆိုတာ ကြိုတင် မသိနိုင်ပေမယ့် ထိခိုက်မှုဆုံးရှုံးမှုနည်းပါးအောင် ဆောင်ရွက်လို့ရပါတယ်။   “ Practice make perfect”  ဆိုတဲ့ စကားအတိုင်း အန္တရာယ်တစ်ခုခုကြောင့် လူအများစု ဒဏ်ရာရရှိနိုင်တဲ့အရေးပေါ်အခြေအနေမှာ ကျွန်တော်တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ ပုံမှန်ဆေးကုမှု လုပ်ငန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်ရင်း  တစ်ပြိုင်တည်း ရောက်ရှိလာမယ့် လူနာတွေအတွက် အသက်ကယ်ဆယ်ရေး၊ ကုသရေးလုပ်ငန်းများကို စနစ်တကျ (အဖွဲ့ဝင်များဖြင့်) (Team work) ဖြင့် ဆောင်ရွက်သွားရင် အခက်အခဲကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နဲ့ ကုသရေးဦးစီးဌာနတွေရဲ့ လမ်းညွှန်ချက်များနဲ့ ညွှန်ကြားမှုအောက်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကျန်းမာရေးမိသားစုက ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေအတွက် အစဉ်အလေးထားပြီး   ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားလိုပါတယ်။

ယခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်း-သီဟမင်းသစ်