အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ၏ စကားသံများ
နေပြည်တော် ဇွန် ၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့တွင် စတင်ဖွင့်လှစ်ရာ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ သတ်မှတ် အချိန်ဇယားများအတိုင်း ပြဋ္ဌာန်းဘာသာရပ်များကို သင်ကြားလျက်ရှိသည်။
ထိုသို့ ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းတက်ရောက်နိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများ အနေဖြင့် စာသင်ခန်းအတွင်း၌ စာသင်ခုံများ စနစ်တကျ နေရာချထားခြင်း၊ ဘာသာရပ်အလိုက် စာသင်ချိန်ဇယားများ စနစ်တကျ စီမံထားခြင်း၊ ကျောင်းတက်၊ ကျောင်းဆင်း အချိန်စာရင်းများ အသိပေး ကြေညာထားခြင်း၊ ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရန်နှင့် ကျောင်းဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားခြင်း၊ ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် အသိပေးကြေညာချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ဆောင်ပုဒ်များ စိုက်ထူထားခြင်း၊ ကျောင်းကြို၊ ပို့ယာဉ်များ စီစဉ်ထားခြင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်ပေးခြင်း တို့ကို ပြည့်စုံစွာ စီမံဆောင်ရွက်ထားကြသည်။ယနေ့အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-
ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင် ၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၊ နေပြည်တော်ကောင်စီနယ်မြေ
ဒီနေ့အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၂၃၆ ဦး လာရောက် အပ်နှံထားပါတယ်။ ပြီးခဲ့တဲ့နှစ်က တက်ရောက်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူအားလုံးနီးပါး ပြန်လည်တက်ရောက်ကြပါတယ်။ Grade-12 ပြန်လည် ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေကိုတော့ မူလတန်းအဆောင်မှာ စခန်းသွင်း လေ့ကျင့် သင်ကြားပေးနေတဲ့အတွက် ကျောင်းတက်ချိန်ကို နှစ်ချိန်ခွဲပြီး စီစဉ်ဆောင်ရွက် ထားပါတယ်။ Grade-12 ကျောင်းသား၊ ကျောင်းသူတွေ ပြန်လည်ဖြေဆိုပြီးသွားရင် စာသင်ချိန်ကို ပုံမှန်အတိုင်း တစ်သုတ်တက်နဲ့ ဖွင့်လှစ်သင်ကြား ပေးသွားမှာဖြစ်ပါတယ်။ စာသင်ချိန်ကိုတော့ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း စာသင်ချိန် ရှစ်ချိန်နဲ့ ဆောင်ရွက်နေပါတယ်။ ကျောင်းတက်၊ ကျောင်းဆင်း ကြို/ပို့အတွက် ကျောင်းကားတွေကိုလည်း စီစဉ်ထားပါတယ်။ ဥပဒေပညာ၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ အနုပညာ(ပန်းချီ)(ဂီတ)၊ ကာယပညာနဲ့ ဒေသ/စာကြည့်တိုက် ဆိုင်ရာ ဘာသာရပ်တွေကိုလည်း လိုအပ်တဲ့အတန်းတွေအလိုက် သင်ကြား ပေးပါတယ်။ ဒီနေ့ကလေးအများစုကို မိုဘိုင်းဖုန်းအသုံးပြုမှု လျှော့ချပြီး စာပေဖတ်ရှုခြင်း အလေ့အထကို ရရှိစေချင်ပါတယ်။ စာဖတ်ချိန်မှာလည်း အသိပညာဗဟုသုတရဖွယ် စာပေတွေကို ဖတ်ရှုခိုင်းပါတယ်။ ကျောင်းသားမိဘတွေ အနေနဲ့လည်း မိမိတို့ရဲ့သား၊ သမီးတွေ ပညာတတ်တွေဖြစ်ပြီး အနာဂတ်လှပစေဖို့အတွက် ကျောင်းအချိန်မီအပ်နှံပြီး ကျောင်းလာရောက်တက်ကြဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်သင်း၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း နေပြည်တော်ကောင်စီနယ်မြေ
ဒီနေ့ ဇွန်လ ၂ ရက်အထိ ကျောင်းသား၊ ကျောင်းသူ ၁၄၅၅ ဦး ကျောင်းအပ်လက်ခံထားပါတယ်။ ဒီတစ်လလုံးလည်း ကျောင်းသား၊ ကျောင်းသူတွေကို ဆက်လက် ကျောင်းအပ်လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ မနှစ်က မတ်လနောက်ဆုံး စာရင်းချုပ်နဲ့နှိုင်းယှဉ်ရင် ၉၀ ရာခိုင်နှုန်းကျော် ကျောင်းအပ်ပြီးနေပါပြီ။ နိုင်ငံသားတိုင်း ဥပဒေ အကြောင်းအရာနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အချက်အလက်တွေကို သိရှိထားသင့်တဲ့ အတွက် အထက်တန်းအဆင့်မှာ ဥပဒေဘာသာရပ်အချိန်ကို ထည့်သွင်း ထားခြင်းဖြစ်ပါတယ်။မိုဘိုင်းဖုန်းနဲ့ဆိုရှယ်လွှမ်းမိုးမှုမှာ အခြေခံကဏ္ဍက စာကြည့်တိုက်နဲ့ ဆက်စပ်ပါတယ်။ ကလေးတွေ စာများများဖတ်ဖို့ လိုပါတယ်။ စာကြည့်တိုက် အချိန်မှာ ဖတ်နေတဲ့စာအုပ် မပြီးသေးရင် စာအုပ်ကို အိမ်ငှားခွင့်ပေးလိုက်ပါတယ်။ ငှားလိုက်တဲ့ စာအုပ်ရဲ့အကြောင်းအရာ ပြန်လည်ပြောရမယ်ဆိုတော့ ကလေးတွေက စာအုပ်ကို သေသေချာချာဖတ်ကြပါတယ်။
ကလေးတစ်ယောက်ကို စာဖတ်တဲ့ ရေရှည်အလေ့အကျင့်ကောင်း ပြုစုပျိုးထောင်ပေးခြင်းဖြင့် မိုဘိုင်းဖုန်းသုံးစွဲမှုနှုန်း လျော့ကျသွားမယ်လို့ ထင်ပါတယ်။
အထက်တန်းပြဆရာမ ဒေါ်လှမိုးသူ လသာမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး
ကျွန်မတို့ကျောင်းက မနက် ၇ နာရီခွဲကနေပြီးတော့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အထိဖြစ်ပါတယ်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ထက်စာရင် အခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းသူဦးရေနဲ့ ကျောင်းတက်သူရာခိုင်နှုန်းလည်း ပိုမိုတိုးတက်လာတာတွေ့ရပါတယ်။ ဒီပညာသင်နှစ်မှာ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ သင်ရိုးညွှန်းမာတိကာတွေနဲ့ ကလေးတွေကို ပညာရေးအပြင် ဘက်စုံဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေဖို့နဲ့ အထက်တန်းဆိုရင်လည်း အမှတ်ပေးစည်းမျဉ်းတွေနဲ့ အညီ ဘာသာရပ်တိုင်းကို ထူးချွန်ထက်မြက်တဲ့ ကျောင်းသူတွေဖြစ်အောင် သင်ကြားပေးဖို့ ဆောင်ရွက်ထားပါတယ်။ ကျောင်းကျန်းမာရေး အနေနဲ့ကတော့ ကျောင်းမဖွင့်ခင်မှာ ကျန်းမာရေးဝန်ကြီးဌာနရယ်၊
မြန်မာနိုင်ငံကြက်ခြေနီ အသင်းနဲ့ ပူးပေါင်းပြီးတော့ အခန်းလိုက် ခြင်ဆေးဖျန်းတာတွေ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဖို့ အတွက် ရေကန်တွေမှာလည်း အဘိတ်ဆေးခတ်တာတွေလည်း ပြုလုပ်ထားပါတယ်။ ကျောင်းစစဖွင့်ချင်းရက်မှာပဲ ဆရာ၊ ဆရာမတွေကလည်း အင်ပြည့်အားပြည့်နဲ့ စာသင်ဖို့အသင့်ဖြစ်နေသလို အခုလို မိုးထဲလေထဲမှာပဲ ကျောင်းသူတွေကလည်း အားအင်အပြည့်နဲ့ ပညာသင်ကြားဖို့အတွက်လာကြသလို မိဘတွေကလည်း သားသမီးတွေကို ကျောင်းကို ရောက်အောင်လာပို့ကြတဲ့တွက် ဝမ်းသာပီတိဖြစ်မိပါတယ်။
ကျောင်းသူ မယွန်းသန့်သူ၊ Grade-7 အထက(၂)လသာ၊ ရန်ကုန်တိုင်းဒေသကြီး
အခုဆိုရင် မိုးတွေကရွာနေပေမယ့် ခွဲခွာနေခဲ့ရတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ အခုပြန်တွေ့ရတဲ့အတွက် ပျော်ရွှင်ဝမ်းသာရပါတယ်။ သမီးအခုတက်ရောက်နေတဲ့ Grade-7 မှာဆိုရင် မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဆိုတဲ့ ဘာသာခြောက်ဘာသာသင်ယူရမှာဖြစ်ပါတယ်။ သမီးကတော့ ဆရာ၊ ဆရာမတွေရဲ့ စကားကို မြေဝယ်မကျနားထောင်ပြီး ပညာရေးအပြင် ဘက်စုံထူးချွန် ထက်မြက်အောင် အကောင်းဆုံး ကြိုးစားသွားပါမယ်။
ကျောင်းသားမိဘတစ်ဦး မန္တလေးတိုင်းဒေသကြီး
ကျွန်မကလေးတွေကတော့ ဒီနှစ်မှာ Grade-1 နဲ့ Grade-7 မှာ ပညာ သင်ကြားမှာဖြစ်တယ်။ ကျွန်မတို့အနေနဲ့ ကလေးတွေကို ပေးနိုင်တာကတော့ ပညာအမွေပဲဖြစ်တယ်။ ကျွန်မကဝန်ထမ်းဖြစ်တဲ့အတွက် ဘယ်နေရာမှာ တာဝန်ကျကျ ကျောင်းကိုရောက်အောင်ပို့ပြီး ပညာသင်ကြားစေပါတယ်။ သဘာဝဘေးအန္တရာယ် ဆိုတာကလည်း အချိန်မရွေး ကျရောက်နိုင်တာဆိုတော့ ကိုယ့်ကလေးတွေကိုလည်း ဒီလိုအန္တရာယ်မျိုး ကျရောက်လာရင် ဘယ်လိုနေထိုင်ပြုမူရမယ် ဆိုတာကို သင်ပေးထားပါတယ်။ အကယ်၍ ကျောင်းတက်နေရင်း ကြုံလာရင်လည်း ဆရာ၊ ဆရာမတွေရဲ့ ပြောစကားကို နားထောင်ပြီး ဘေးအန္တရာယ်တွေကို ရင်ဆိုင်ပါလို့ သွန်သင်ဆုံးမထားပါတယ်။ မိဘတိုင်းအတွက်ကတော့ ကိုယ့်သားသမီးဟာ အဖိုးထိုက်တန်တဲ့ ရတနာတစ်ပါးလိုပါပဲ။ ဒါကြောင့် မိမိတို့အနေနဲ့ ဘယ်လိုအခြေအနေမျိုးပဲ ရောက်ပါစေ မိမိတို့သားသမီးတွေကိုတော့ ကျောင်းကိုရောက်အောင်ပို့ပြီး သူတို့ဘဝအနာဂတ် လှပဖို့ ပညာသင်ကြားစေလိုပါတယ်။
ကျောင်းသူ မအမရာဦး၊ Grade-7 မန္တလေးတိုင်းဒေသကြီး
အခုလိုကျောင်းတွေ ပြန်ဖွင့်ပြီဆိုတော့ သူငယ်ချင်းတွေနဲ့ ပြန်လည်တွေ့ဆုံပြီး ကျောင်းစာတွေသင်ကြားမှာဖြစ်တဲ့အတွက် ပျော်ရွှင်မိပါတယ်။ နောက်ပြီး ဆရာ၊ ဆရာမတွေ သင်ကြားပေးမယ့် ကျောင်းသင်ခန်းစာတွေကိုလည်း ကြိုးစားပြီး သင်ယူမယ်လို့ ဆုံးဖြတ်ထားပါတယ်။ သမီးအနေနဲ့ Grade-12 ကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်နိုင်ဖို့ အခုကတည်းက ကြိုးစားသွားမှာဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားပြီး နိုင်ငံ့တာဝန်တွေကို တတ်နိုင်တဲ့ဘက်က ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ ။