ငလျင်ဘေးသင့် ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနေသည့် တပ်မတော်သားများ၏ ရင်တွင်းစကားသံများ
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူ့ရှေ့က မားမားမတ်မတ် ဆောင်ရွက်ပေးနေသည်မှာ တပ်မတော်သားများပင်ဖြစ်သည်။ ထိုကဲ့သို့ ငလျင်ဘေးသင့် ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနေသည့် တပ်မတော်သားများ၏ ရင်တွင်း စကားသံများကို ဖော်ပြလိုက်ရပါသည်-
ဗိုလ်မှူးချုပ်ဇော်ဝင်းထွန်း (စစ်ကြောင်းမှူး) ၊ ဆင်ဖြူရှင်စစ်ကြောင်း
ကျွန်တော်တို့ နှစ်(၈၀)ပြည့် စစ်ရေးပြ အခမ်းအနားကို လာရောက်တာဝန်ထမ်း ဆောင်ကြတဲ့ တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မတ်လ ၂၇ ရက်က နှစ်(၈၀)ပြည့် တပ်မတော်နေ့ အခမ်းအနားတာဝန်ကို အောင်မြင်ပြီးမြောက်စွာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှ မတ်လ ၂၈ ရက်မှာ မိခင်တပ်ဌာနချုပ်သို့ အသီးသီး တာဝန်ထမ်းဆောင်ရန်အတွက် ပြင်ဆင်နေတဲ့အချိန်မှာ ကျွန်တော်တို့ နေပြည်တော်မှာ ငလျင်ဘေးကြီးသင့်ခဲ့ပါတယ်။ အဲဒီလိုငလျင်ဘေးကြီး သင့်သင့်ချင်းပဲ နှစ်(၈၀)ပြည့် တပ်မတော်နေ့ တာဝန်ထမ်းဆောင်တဲ့ တပ်မတော်သားများဟာဆိုရင် အင်အားခြောက်ထောင်ကျော်နဲ့ နေပြည်တော်မှာရှိတဲ့ ငလျင်ဘေးသင့်တဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးသွားတဲ့ နေရာတွေကို ချက်ချင်းပဲ သွားရောက်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ကူညီကယ်ဆယ်ရေး ဆောင်ရွက်တဲ့အချိန်မှာ အသက်ရှင်လျက်ရှိတဲ့ မ ရှစ်ဦး၊ ကျား လေးဦး၊ ကလေးငယ် သုံးဦး စုစုပေါင်း ၁၅ ဦးကို အမြန်ဆုံးကျွန်တော်တို့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီအပြင် ငလျင်ဘေးသင့်ပြီးတော့ သေဆုံးသွားတဲ့ ကျား ၂၄ ဦး၊ မ ၃၄ ဦး၊ ကလေး ၁၈ ဦး စုစုပေါင်း ၇၆ ဦးရဲ့ Dead body ကို အမြန်ဆုံးရွှေ့ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဆောက်အအုံများဖြစ်တဲ့ စုစုပေါင်း သာသနိကအဆောက်အအုံ ၇၀၁ လုံး၊ ပြီးရင် အခြားလူနေအဆောက်အအုံတွေ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေ၊ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ ရပ်ကွက်ထဲမှာရှိတဲ့ ပြည်သူတွေပိုင်ဆိုင်တဲ့ ဆိုင်ခန်းတွေ၊ ဈေးဆိုင်တွေကို သွားရောက်ကူညီ ဆောင်ရွက်တဲ့အချိန်မှာ စုစုပေါင်း ၁၀၁၇ လုံး ရှင်းလင်းရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ လမ်း၊ တံတားများအနေနဲ့ အရှည် ၁၀ မိုင်ကျော်လောက်ရှိ လမ်းကြိုလမ်းကြားမှာရှိတဲ့ လမ်းတွေကိုလည်း ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လူအင်အားခြောက်ထောင်ကျော်နဲ့ ကားအစီးပေါင်း ရာနဲ့ချီပြီးတော့ နေ့စဉ်သွားရောက်ပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလို ကူညီကယ်ဆယ်ရေး ဆောင်ရွက်တဲ့အချိန်မှာ မန္တလေးနဲ့ စစ်ကိုင်းကိုလည်း တပ်မတော်သားများက စစ်ကြောင်းတစ်ကြောင်း ထွက်ပြီးတော့ အင်အားတစ်ထောင်နဲ့ သွားရောက်ပြီးတော့ ကျွန်တော်တို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးလျက်ရှိပါတယ်။ နေပြည်တော်မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးတဲ့ နေရာတွေကတော့ ဘာသာရေးဆိုင်ရာ အဆောက်အအုံဖြစ်တဲ့ ကျောင်း၊ ကန်၊ ဇရပ်၊ နောက်ပြီး ဟိန္ဒူဘုရားကျောင်းတွေ၊ ဗလီတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေကို သွားရောက်ပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ပြီးရင် ပညာရေးနဲ့ဆိုင်တဲ့ အဆောက်အအုံတွေဖြစ်တဲ့ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေကိုလည်း သွားရောက်ပြီးတော့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ပြီးရင် ကျန်းမာရေးနဲ့ဆိုင်တဲ့ ဆေးရုံ၊ ဆေးခန်းတွေကိုလည်း သွားရောက်ကူညီ ကယ်ဆယ်ရေးဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ နိုင်ငံခြားမှ လာရောက်ဖွင့်လှစ်တဲ့ ယာယီဆေးခန်းတွေ၊ မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့နဲ့ ပေါင်းပြီးတော့ဖွင့်လှစ်တဲ့ ယာယီဆေးခန်းတွေမှာ သွားရောက်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အဲဒီယာယီဆေးခန်းတွေမှာဆိုရင် အမေရိကန်နိုင်ငံနဲ့ နီပေါနိုင်ငံကနေပြီးတော့ လာရောက်ပြီး ကုသဆောင်ရွက်ပေးတာဖြစ်ပါတယ်။ မတ်လ ၂၉ ရက်က စတင်ပြီးတော့ ဧပြီလ ၁၇ ရက်အထိ စုစုပေါင်းလေယာဉ် ၆၁ ခေါက်နဲ့ လာရောက်ပို့ဆောင်ပါတယ်။ အဲ့ဒီလိုလာရောက် ပို့ဆောင်တဲ့အချိန်မှာ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ နောက်ပြီး အဆောက်အအုံနဲ့ပတ်သက်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ၊ ကယ်ဆယ်ရေးကားတွေ၊ ဆေးရုံကားတွေ အဲဒါတွေလာပြီးတော့ ကူညီပံ့ပိုးတာကို တွေ့ရပါတယ်။ ဆေးရုံကားတွေမှာမှ Airmobile Transportation လုပ်တဲ့ကားတွေလည်း ပါလာပါတယ်။ အဲဒီအပြင်ကို Flyhospital ဆိုတဲ့ ဆေးကုသတဲ့ လေယာဉ်ကလည်း ရုရှားနိုင်ငံကနေ လာရောက်ကုသ ဆောင်ရွက်ပေးတာကိုလည်း သိရှိရပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားကနေပြီးတော့ လာရောက်ကူညီသူများနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အချိန်မှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ နိုင်ငံတကာအတွေ့အကြုံရှိတဲ့အဖွဲ့တွေ လာရောက်ကူညီ ပံ့ပိုးတာဖြစ်တဲ့အတွက် အဲဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်တဲ့အချိန်မှာ နိုင်ငံတကာရဲ့ လုပ်ဆောင်မှု အတွေ့အကြုံများစွာ ရရှိပါတယ်။
နောင်တွင် သဘာဝဘေးအန္တရာယ်ကြုံခဲ့ရင် ကျွန်တော်တို့နိုင်ငံအနေနဲ့ ဒီလိုကယ်ဆယ်ရေး၊ ကုသရေးဆောင်ရွက်မယ်ဆိုရင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ အတွေ့အကြုံတွေလည်း များစွာရရှိခဲ့ပါတယ်။ နိုင်ငံတကာအကူအညီတွေ လာရောက်တဲ့အချိန်မှာ ပါလာတဲ့ပစ္စည်းတွေ၊ လုပ်ဆောင်မှုတွေ၊ Procedure တွေကိုလည်း သေချာတွေ့ရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ အစီအမံများဖြစ်တဲ့ Response၊ Recovery၊ Resilience ဆိုတဲ့ သုံးချက်နဲ့ လုပ်ဆောင်ရပါတယ်။ အဲဒီလိုလုပ်ဆောင်တဲ့ အချိန်မှာ Response ပိုင်းအနေနဲ့ ကျွန်တော်တို့ တပ်မတော်သားများဟာ ဖြစ်ဖြစ်ချင်း ၂၈ ရက်နေ့ ညနေပိုင်းကနေစပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်မှုများကို လိုက်ပါလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ယခုကာလမှာဆိုရင်တော့ Recovery ဖြစ်တဲ့ ပြန်လည်တည်ဆောက်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေတဲ့ ကာလဖြစ်ပါတယ်။ ယခုကာလမှာလည်း ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီးတော့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယခုလို သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်တဲ့ ငလျင်ဘေးအန္တရာယ် ကြုံတွေ့ရင်ဆိုင်လာရတဲ့ အချိန်မှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ကူညီကယ်ဆယ်ဖို့အတွက်ကို ဆောင်ရွက်ပေးရတဲ့အတွက် ကျွန်တော့်အနေနဲ့ အတိုင်းမသိဝမ်းသာဂုဏ်ယူမိပါတယ်။ တပ်မတော်သားများဟာ ဆက်လက်ပြီးတော့ တိုင်းပြည်အတွက် လိုအပ်လာတဲ့အချိန် ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့၊ ကူညီကယ်ဆယ်ဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေတယ်ဆိုတာကို ပြောလိုပါတယ်။
ဒုတိယဗိုလ်မှူးကြီးမျိုးထွဋ်လင်း ၊ ဗန္ဓုလစစ်ကြောင်း
ကျွန်တော်တို့ နှစ် (၈၀) ပြည့် တပ်မတော်နေ့ အခမ်းအနားမှာ ကျွန်တော်တို့အနေနဲ့ ဗန္ဓုလစစ်ကြောင်းမှာ သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအနေနဲ့ ပါဝင်ပြီးတော့ နှစ်(၈၀)ပြည့်တပ်မတော်နေ့ အခမ်းအနားကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မတ်လ ၂၈ ရက်မှာ ကျွန်တော်တို့ တပ်ခွဲမှာပါရှိတဲ့ အရာရှိ ၉ ဦး၊ စစ်သည် ၁၃၁ ဦးအတွက် ကျွန်တော်တို့ မိမိတို့ သက်ဆိုင်ရာ တပ်ရင်းတွေကို ပြန်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့အတွက် ပြန်မယ့်လမ်းခရီးမှာ ချောမွေ့စေရေးအတွက် အုပ်ချုပ်မှုကိစ္စများကို ညှိနှိုင်းတိုင်ပင်တဲ့အချိန်မှာ ငလျင်ဘေးကြီး စတင်ဖြစ်ခဲ့ပါတယ် ခင်ဗျ။ သဘာဝဘေးအန္တရာယ် ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ်သင့်တဲ့ နေရာတွေကို မိမိတို့ရဲ့ အဖွဲ့အစည်းအနေနဲ့ ဆောင်ရွက်ပါဆိုတဲ့ တပ်မတော်အကြီးအကဲရဲ့ ညွှန်ကြားချက်အတိုင်းပါပဲ။
တပ်မတော်နေ့ စစ်ရေးပြမှာပါဝင်တဲ့ အထက်အကြီးအကဲ အဆင့်ဆင့်ကနေ ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့တပ်ခွဲအနေနဲ့ သက်ဆိုင်ရာ တာဝန်ပေးအပ်တဲ့ နေရာကို ၂၈ ရက်မှာ သွားခဲ့ပါတယ်ခင်ဗျ။ ဝဏ္ဏသိဒ္ဓိရပ်ကွက်မှာရှိတဲ့ ဝန်ထမ်းအိမ်ရာမှာ ငလျင်ဒဏ်သင့်ခဲ့တဲ့ ပြည်သူတွေကို ၂၈ ရက်နေ့မှာ ကျွန်တော်တို့ သွားရောက်ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ပါတယ်။ အလားတူပါပဲ ၂၉ ရက်နဲ့ ၃၀ ရက်နေ့မှာ သက်ဆိုင်ရာဝန်ထမ်း အိမ်ရာမှာပဲ ဆက်လက်ပြီးတော့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းအိမ်ရာမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေ၊ အရေးကြီးစာရွက်စာတမ်းတွေကို သက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ လိုလားချက်အတိုင်း ၎င်းတို့သယ်ဆောင်ချင်တဲ့ နေရာကို ကျွန်တော်တို့တပ်ခွဲအနေနဲ့ သယ်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ၂၈ ရက်နေ့ကနေစပြီး ယနေ့အထိ ကျွန်တော်တို့ တပ်ခွဲအနေနဲ့ ဆောင်ရွက်ခဲ့တာတွေကတော့ နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်မှာ ရှိတဲ့ ဝန်ထမ်းအိမ်ရာ၊ နောက်ပြီးတော့ ပညာရေးအဆောက်အအုံတွေဖြစ်တဲ့ ပျဉ်းမနားမြို့မှာရှိတဲ့ မင်္ဂလာမူလွန်ကျောင်း၊ နောက်ပြီးတော့ သာသနိက အဆောက်အအုံတွေဖြစ်တဲ့ လယ်ဝေးမြို့နယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းများ၊ တောင်ညိုမှာရှိတဲ့ မြစေတီဘုရားနဲ့ဘုန်းကြီးကျောင်း၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို ကျွန်တော်တို့တပ်ခွဲ အနေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်မြောင်းတာတမံတွေဖြစ်တဲ့ ရန်အောင်မြင်ဆည် မြေဖို့ခြင်းလုပ်ငန်းကို ကျွန်တော်တို့ တပ်ခွဲအနေနဲ့ လက်ရှိဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ငလျင်ဒဏ်သင့်တဲ့အချိန်မှာ ကျွန်တော်တို့ပြည်သူတွေ အနေနဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို တပ်မတော်သားတစ်ဦးအနေနဲ့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတဲ့အချိန်မှာ ဝမ်းနည်းမှုတွေ အမြောက်အမြား ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှိတဲ့အင်အားနဲ့ ငလျင်ဒဏ်သင့်ခဲ့တဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်တဲ့ အချိန်မှာ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ တပ်မတော်အပေါ်၊ တပ်မတော်သားတွေအပေါ်မှာ အားကိုးတကြီး ရင်းရင်းနှီးနှီးနဲ့ ယုံယုံကြည်ကြည်ရှိတဲ့ အတွက် ကျွန်တော်တို့ တပ်မတော်အနေနဲ့ ပြည်သူတွေအကျိုးပြု လုပ်ငန်းကို လုပ်ရတာ ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ ငလျင်ဒဏ်ကြောင့် မိဘပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေ၊ နိုင်ငံတော်အနေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့တာရှိပါတယ်။ ဒါတွေအားလုံးက ပြီးမြောက်ခဲ့ပါပြီ။ ကျွန်တော်တို့အနေနဲ့ ဆက်ပြီးဆောင်ရွက်ဖို့ကတော့ နိုင်ငံမှာရှိတဲ့ပြည်သူတွေနဲ့ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်မယ်ဆိုရင် ဒီငလျင်မှာဖြစ်ခဲ့တဲ့ အပျက်အစီးတွေ၊ ဆုံးရှုံးမှုတွေက အမြန်ဆုံး ပြန်လည်ကောင်းမွန်လာမယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်ခင်ဗျ။
ဒုတိယဗိုလ်မှူးကြီးရဲဝင်းမြင့် ၊ကျန်စစ်သားစစ်ကြောင်း
ကျွန်တော်တို့ အဓိက ပထမဦးဆုံး စတာကတော့ဆေးရုံပေါ့။ ဒုတိယကတော့ ဝန်ကြီးဌာနမှာ ကယ်ဆယ်ရေး အများဆုံး လုပ်ခဲ့ရတယ်။ နောက်တတိယအနေနဲ့ ကတော့ ဥပ္ပါတသန္တိဘုရားကြီးမှာ လုပ်ခဲ့ရတယ်။ အဲ့ဒီမှာ အဓိက ဘာတွေကြုံခဲ့ရတုံးဆိုတော့ စပြီးတော့သွားကတည်းက တပည့်တွေနဲ့တိုင်ပင်ပြီးတော့ ဘယ်လိုနေရာတွေကို ဘယ်လိုဝင်ရမယ်။ ဘယ်လိုနေရာတွေမှာ တချို့ဘယ်လိုအရေးကြီးတဲ့ပစ္စည်းတွေ ဘယ်လိုသယ်ယူရမယ်။ အဓိကဆက်စပ်နေတာကတော့ ပထမဦးဆုံး စလုပ်ရတာပေါ့။ အရေးကြီး စာရွက်စာတမ်းနဲ့ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေကိုစပြီး ဆယ်တင်ပေးရတယ်။ ဆယ်တင်ပေးတဲ့အချိန်မှာ အန္တရာယ်ကင်းအောင် ဘယ်လိုလုပ်ရမယ်။ နောက်ပြီး အန္တရာယ်ကင်းတဲ့ အနေအထားရောက်မှ တပည့်တွေအင်အားနဲ့ ဝိုင်းပြီးတော့ ကူညီကယ်ဆယ်ရွှေ့ပြောင်းခြင်း လုပ်ရတယ်။ ဒုတိယအဆင့်အနေနဲ့ ဘာဆက်လုပ်ရလဲဆိုတော့ ပရိဘောဂပစ္စည်းတွေ၊ လုပ်ငန်းသုံးပစ္စည်းတွေ အကုန်လုံးရွှေ့ပြောင်းပေးရတယ်။တတိယအဆင့်ကတော့ ဝန်ထမ်း အိမ်ရာတွေ အခု Modular House ဆောက်တဲ့အခါ ဝန်ထမ်းအိမ်ရာတွေဆောက်တဲ့အခါ ကူညီကယ်ဆယ်ပေးတဲ့ အတွေ့အကြုံတွေရခဲ့ပါတယ်။ လက်ရှိလည်း ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ အဓိကအမြင်ကတော့ ကျွန်တော်တို့ ဘာအတွေ့အကြုံရခဲ့လဲဆိုတော့ နည်းပညာပေါ့။ ကျွန်တော်တို့မှာ လိုအပ်တဲ့နည်းပညာတွေ၊ သူတို့နည်းပညာသုံးပြီး ဆောင်ရွက်သွားတဲ့အခါ လျင်လျင်မြန်မြန် ကယ်ဆယ်နိုင်တာတွေ၊ လူ့အသက်တွေ ကယ်ဆယ်နိုင်တဲ့ အတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။ အားပေးစကားအနေနဲ့ကတော့ ပြည်သူတွေ အားတင်းထားပါပေါ့။ ကျွန်တော်တို့လည်း ပြည်သူထဲကပေါက်ဖွားလာတဲ့ ပြည်သူတစ်ယောက်ပဲ။ အဲဒီတော့ မုန်တိုင်းပြီးရင် လေပြည်လာပါလိမ့်မယ်ဗျ။ အားတင်းထားကြပါ။ ကျွန်တော်တို့လည်း ပြည်သူနဲ့အတူရှိပါတယ်လို့ ပြောချင်ပါတယ်။ လိုအပ်လာလျှင် အချိန်မရွေးကူညီနိုင်တဲ့အနေအထား ကျွန်တော်တို့ဖွဲ့စည်းပြီးသားပါခင်ဗျ။
ဒုတိယဗိုလ်မှူးကြီးဝင်းကိုလတ် ၊ ဘုရင့်နောင်စစ်ကြောင်း
မတ်လ ၂၈ ရက်မှာလှုပ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြီးဖြစ်တဲ့ ငလျင်ဘေးအန္တရာယ်မှာ ကျွန်တော်တို့တွေက တစ်တပ်တစ်အားအနေနဲ့ ဒီမှာပြည်သူတွေကို ဝိုင်းဝန်းကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ဖြစ်ပြီးချင်းမှာတော့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် သဘာဝဘေး အန္တရာယ်ကြီးမားစွာ ခံစားခဲ့ရတဲ့ နေရာတွေကို ကိုယ်တိုင်သွားပြီးတော့ ချက်ချင်း အကူအညီများကို ပေးအပ်နိုင်ရေး စီမံခန့်ခွဲမှုတွေကိုပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် နိုင်ငံတကာ အသိုင်းအဝိုင်းကို အကူအညီတောင်းခံခဲ့တဲ့ အတွက် နိုင်ငံ တကာ အသိုင်းအဝိုင်းကလည်း ကျွန်တော်တို့တိုင်းပြည်ကို ချက်ချင်းကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန် ရောက်ရှိလာခဲ့ပြီးတော့ အကူအညီတွေလည်း ပေးအပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည် အခြေအနေကို မလိုတဲ့သူတွေက ဘယ်လိုပဲပြောပြော အမှန်တကယ် ကျွန်တော်တို့တိုင်းပြည် အခက်အခဲဖြစ်လာတဲ့ အချိန်မှာတော့ တပ်မတော်သားတွေနဲ့ပြည်သူတွေကလည်း လက်တွဲညီစွာပူးပေါင်း ဆောင်ရွက်ခဲ့၊ ဆောင်ရွက်နေကြတာကိုလည် တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကူညီကယ်ဆယ်ရေး လာလုပ်တဲ့အချိန်မှာ တိုင်းပြည်မှာ တပ်မတော်သားတွေနဲ့ ပြည်သူတွေက စည်းလုံး ညီညွတ်စွာနဲ့ ဒီအခက်အခဲကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်နေတာကို တွေ့ရှိသွားမယ် လို့လည်း မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ကတော့ မသွားခင်မှာ စီမံခန့်ခွဲရေးလုပ်တာပေါ့။ လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ဆီမှာ တပ်ခွဲ၊ တပ်ရင်း၊ စစ်ကြောင်းအလိုက် လူအင်အားတွေ ခွဲပေးပါတယ်။ သတ်မှတ်တဲ့နေရာကို လူအင်အားတွေ ခွဲတဲ့အချိန်မှာလည်း စနစ်တကျနဲ့ ကွပ်ကဲမှုအဆင့်ဆင့်ယူပြီးတော့ ထိခိုက်အန္တရာယ်မဖြစ်အောင်လည်း ကျွန်တော်တို့ စီမံဆောင်ရွက်ကြပါတယ်။ ဦးထုပ်တို့၊ လက်အိတ်တို့ လိုအပ်တဲ့ပစ္စည်းတွေလည်း စစ်ရေးပြကော်မတီကနေ ထုတ်ပေးပြီးတော့ အန္တရာယ်မဖြစ်အောင် အဆင့်ဆင့် သေသေချာချာ ကြီးကြပ်ကြပ်မတ်ပြီးတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာတော့ ခေတ်အဆက်ဆက်ပေါ့၊ အခက်အခဲတွေဆိုတာကြုံခဲ့ပြီးဖြစ်ပါတယ်။ ဒီအခက်အခဲကိုလည်း ကျွန်တော်တို့ တပ်မတော်သားတွေလည်း ပြည်သူနဲ့အတူ အောင်မြင်စွာ ကျော်ဖြတ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဒီလိုအသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးသွားရတာဖြစ်တဲ့အတွက်လည်း များစွာစိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့လည်း ပြည်သူတွေကို ပြောကြားလိုတာကတော့ ကျွန်တော်တို့တွေ ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်းအမြန်ပြန်လည် ထူထောင်နိုင်တယ်ဆိုတာ သမိုင်းသာဓက သက်သေတွေလည်း ရှိပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ စိတ်ဓာတ်မကျ၊ အားမငယ်ဘဲ သတ္တိရှိရှိ ရင်ဆိုင်ကျော်ဖြတ်ကြရအောင်လို့ အားပေးစကားပြောကြားလိုပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကျွန်တော်တို့ တစ်တပ်တစ်အားကူညီပံ့ပိုးခွင့်ရတဲ့အတွက်လည်း များစွာကျေနပ်ပီတိဖြစ်မိပါတယ်။ ပြည်သူတွေလိုပဲ ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်တို့ တပ်မတော်သားတွေလည်း ငလျင်ဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ တပ်မတော်သားတွေက ကိုယ့်ရဲ့အခက်အခဲကို လျစ်လျူရှုပြီးတော့ ပြည်သူတွေရဲ့အကျိုးကို ကျွန်တော်တို့က ရှေးရှုပြီးတော့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တတ်နိုင်သမျှ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် လိုအပ်တဲ့အချိန်မှာလည်း ကျွန်တော်တို့ အမြဲတမ်းပြည်သူအတွက် ကူညီကယ်ဆယ်ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ဒုတိယဗိုလ်မှူးကြီးကျော်စိန်ထွန်း ၊ ဆင်ဖြူရှင်စစ်ကြောင်း
ကျွန်တော်တို့အဖွဲ့ကတော့ နှစ်(၈၀)ပြည့် တပ်မတော်နေ့ အခမ်းအနားမှာ တာဝန် ထမ်းဆောင်ပြီးတော့ မတ်လ ၂၈ ရက်မှာဖြစ်ပွားခဲ့တဲ့ငလျင်ဒဏ်ကြောင့် ကျွန်တော်တို့ ဆင်ဖြူရှင်စစ်ကြောင်းတစ်ကြောင်းလုံးဟာ နေရပ်ဌာနကိုမပြန်ဘဲနဲ့ နေပြည်တော်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ငလျင်စဖြစ်တဲ့နေ့ကတည်းက ကျွန်တော်တို့အဖွဲ့ဟာ ကိုယ်တာဝန်ကျတဲ့ ပြည်သူလူထုတွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ ဘုရားစေတီတွေ၊ ကျောင်းကန်တွေ၊ ဆေးရုံတွေ အပျက်အစီးနေရာတွေကို သွားရောက်ပြီးတော့ အလျဉ်းသင့်သလို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ယနေ့အထိ ဆောင်ရွက်နေတာဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ အကူအညီတောင်းခံမှုနဲ့ အတူ နိုင်ငံတကာမှ အဖွဲ့အစည်းများက လာရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လာရောက်လုပ်ကိုင်တာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ကြုံတွေ့ခဲ့ရတာကတော့ ဘူတန်နိုင်ငံမှ အဖွဲ့တွေ လာရောက်တယ်။ သူတို့အဖွဲ့အနေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ရေသန့် စက်တွေလှူသွားကြတယ်။ ဝန်ထမ်း အိမ်ရာတွေမှာ မိုးကာတဲတွေကူညီ ဆောင်ရွက်ပေးတယ်။ အဲဒီလိုဆောင်ရွက်တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ဗုဒ္ဓဘာသာမြန်မာ လူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် ဘုရားစေတီတွေ၊ ကျောင်းကန်တွေမှာလည်း ပြုပြင်ဆောင်ရွက်ခဲ့တဲ့အတွက် ကုသိုလ်ထူးတွေရရှိတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်ခင်ဗျ။ ငလျင်ဒဏ်ကြောင့်ခံစားနေကြတဲ့ မိဘပြည်သူတွေကိုလည်း အားပေးစကား ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဒီငလျင်မတိုင်ခင် ရေဘေးလည်း ခံစားခဲ့ရ တယ်။ ငလျင်ဒဏ်လည်းခံစားခဲ့ရတယ်။ ရောဂါအနေနဲ့ ကိုဗစ်-၁၉ ရောဂါလည်း ဖြစ်ပွားခဲ့ရတယ်။ ကိုဗစ်-၁၉ ရောဂါကိုလည်း ဖြတ်ကျော်ခဲ့တယ်။ ရေဘေးကိုလည်းဖြတ်ကျော်ခဲ့တယ်။ ယခုငလျင်ဒဏ်ဟာလည်း အခိုက်အတန့်သာလို့ပြောချင်ပါတယ်။ ပြည်သူလူထုနဲ့အတူ ကျွန်တော်တို့ တပ်မတော်သားတွေက ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်ပေးတဲ့အတွက် ဒီအခက်အခဲကိုလည်း အောင်မြင်စွာဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ပါတယ်။ လဲကျတယ်ဆိုတာတော့ရှိမှာပဲ။ လဲကျရင်ပြန်ထနိုင်ဖို့သာ အဓိကဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံး တက်ညီလက်ညီနဲ့ ဝိုင်းဝန်းပြီးဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံဟာ ယခင်အခြေအနေအတိုင်း ပြန်လည်ဖွံ့ဖြိုးပြီး ဆောင်ရွက်နိုင်မယ်၊ အောင်မြင်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ မိဘပြည်သူတွေအနေနဲ့ အားတင်းထားကြပါ။ များမကြာမီကာလမှာ အအောင်မြင်ဆုံးဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။
ဒုတိယရဲမှူးကြီးဝေငြိမ်း ၊ အောင်ဆန်းစစ်ကြောင်း
မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ကျွန်တော်တို့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ မြို့အချို့မှာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ငလျင်စတင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်မှစတင်ပြီး ကျွန်တော်တို့စစ်ရေးပြ တပ်ဖွဲ့ဝင်တွေဟာ နေပြည်တော်မှာရှိတဲ့ ဘုရားစေတီတွေ၊ အစိုးရအဆောက်အအုံတွေ၊ အိမ်ရာတွေမှာရှိတဲ့ ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေမှာရှိတဲ့ ပြည်သူလူထုတွေကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ငလျင်ဒဏ်သင့်ဒုက္ခရောက်နေတဲ့ မိသားစုဝင်တွေ အိမ်ထောင်စု စုစုပေါင်း ၁၁၄ ဦးကိုလည်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်တဲ့နေရာတွေဟာ ဆိုရင် များသောအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာတွေ၊ အများနဲ့သက်ဆိုင်တဲ့ ဆေးရုံတွေ၊ ဈေးတွေ၊ လမ်းတံတား၊ အဆောက်အအုံတွေ ဖြစ်ပါတယ်။ ယခု လက်ရှိမှာဆိုရင် ဘာသာရေး အဆောက်အအုံတွေဖြစ်တဲ့ ဘုရားစေတီပုထိုးတွေ၊ ဘုန်းကြီးကျောင်းအဆောက်အအုံတွေကို လက်ရှိဆောင်ရွက်ဆဲဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက် တာဝန်လေးရပ်ဖြစ်တဲ့ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုတဲ့ ရည်မှန်းချက်တာဝန်ကြီး လေးရပ်မှာ နောက်ဆုံးရည်မှန်းချက် တာဝန်ဖြစ်တဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းကို ကျွန်တော်ကိုယ်တိုင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များနှင့်အတူ ပူးပေါင်းပြီး လက်တွဲပြီးတော့မှ ထိထိရောက်ရောက် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။
ဦးစိုးမိုးထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ဧရာဝတီတိုင်း ဒေသကြီး
ကျွန်တော်တို့ ဒီနယ်မြေခံ မီးသတ်တပ်ဖွဲ့ဝင်တွေက ဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့တဲ့ ဒီSky Villa မှာရှိတဲ့သူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာဆိုလို့ရှိရင် အသက်ရှင်သူ ၄၃ ဦးနဲ့ Dead Body ကိုးဦးကို ကယ်ဆယ်သယ်ထုတ်နိုင်ခဲ့ပါတယ်ခင်ဗျ။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု မီးသတ်တပ်ဖွဲ့ဟာဆိုရင် ၂၉ ရက်နေ့မှာ အင်အား ၃၆ ဦးနဲ့ ရောက်ရှိလာခဲ့ပြီးတော့ ဒီ Sky Villa မှာရှိတဲ့ လုပ်ဆောင်နေတဲ့ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့အတူ တရုတ်နိုင်ငံက လာရောက်ကူညီတဲ့အဖွဲ့တွေ၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပရဟိတအဖွဲ့တွေ၊ ဒီမှာရှိတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာမှာ စတင်ဖြစ်ပွားတဲ့ အချိန်ကစပြီး ဒီနေ့အချိန်ထိဆိုလို့ရှိရင် အသက်ရှင်လျက်ရှိသူ ၂၅ ဦးနဲ့ သေဆုံးသူ ၅၀ ဦးတို့ကို ကျွန်တော်တို့ ကယ်ဆယ်သယ်ထုတ်နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ အဆောက်အအုံမှာရှိတဲ့ အသက်ရှင်လျက်ရှိသူတွေ၊ သေဆုံးနေတဲ့ Dead Body တွေ၊ အဆောက်အအုံမှာနေတဲ့သူတွေပိုင်ဆိုင်တဲ့ တန်ဖိုးကြီးပစ္စည်းဥစ္စာတွေ အားလုံးကို ကျွန်တော်တို့က ရှာဖွေပြီး စနစ်တကျ အပ်နှံလျက်ရှိပါတယ်။
တပ်ကြပ်ကြီးကျော်လင်း ၊ အောင်ဇေယျစစ်ကြောင်း
ကျွန်တော်ကတော့ အောင်ဇေယျစစ်ကြောင်း စစ်တီးဝိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီး ကျော်လင်းဖြစ်ပါတယ်။ ဒီနေ့ကတော့ မင်္ဂလာဗျူဟာခန်းမမှာ အိပ်စင်တွေ သယ်ဆောင်ပေးနေတာပါ။ ငလျင်ဘေးသင့် ပြည်သူတွေ အားမငယ်ကြဖို့ ပြောချင်ပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးနေပါတယ်လို့ ပြောချင်ပါတယ်။
တပ်ကြပ်ကြီးရှင်းသန့် ၊ ဆင်ဖြူရှင်စစ်ကြောင်း
ကျွန်တော်က တပ်ကြပ်ကြီးရှင်းသန့် ဖြစ်ပါတယ်။ ကက(လေ)ကိုယ်စားပြု ဆင်ဖြူရှင်စစ်ကြောင်း ဂုဏ်ပြုတပ်ခွဲကဖြစ်ပါတယ်။ ပထမဆုံးဆိုရင်တော့ ပျက်စီးနေတဲ့ အဆောက်အအုံတွေရွှေ့တာရှိတယ်။ ပြိုပြီးသားဟာတွေ ခြံစည်းရိုးတွေရွှေ့တာရှိတယ်။ အခုလက်ရှိဆိုရင် အဆောက်အအုံပျက်တွေ ဖြိုတဲ့ဟာတွေ အခြားဘုန်းကြီးကျောင်းတွေမှာလည်း ထိုနည်းတူစွာ ပြိုကျနေတဲ့ အဆောက်အအုံတွေက ကောင်းတဲ့အုတ်ခဲတွေကို တတ်နိုင် သလောက် သယ်ထုတ်ပေးတယ်။ ငလျင်ဘေးဒဏ်ခံရတဲ့ ပြည်သူတွေအတွက်လည်း အများကြီးစိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ကာယလုပ်အားဖြင့် ကူညီပေးပါတယ်။ ဘာမှလည်း အားမငယ်ပါနဲ့လို့ပြောချင်ပါတယ်။
မြဝတီ