မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကူနီကျေးရွာမှ ကျောင်းအုပ်ဆရာမကြီး ၁ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကူနီကျေးရွာမှ ကျောင်းအုပ်ဆရာမကြီး ၁ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်

 

နေပြည်တော်  ဇွန်   ၇

PDF အမည်ခံအစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့်   ပညာရေးဆိုင်ရာရုံးဌာန များနှင့်   စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ် မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အနာဂတ်မျိုးဆက်သစ် လူငယ်၊ လူရွယ်များအား စာပေသင်ကြားပြသပေးလျက်ရှိသည့်   ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ် လျက်ရှိသည်။

ထိုသို့ပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကူနီကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(မူလွန်)မှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ရီရီထွေး အသက် ၄၆ နှစ်သည်    နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ တာဝန်များထမ်းဆောင်လျက်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နေသည်ကို မလိုလားသော PDF အမည်ခံအကြမ်းဖက် သမားများက ဇွန်လ ၆ ရက်နေ့ ကျောင်းဆင်းချိန်တွင် ကျောင်းဝင်းအတွင်းသို့ မော်တော် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant- DCS) ပြုလုပ်ခြင်းမရှိဟုဆိုကာ ကျောင်းအုပ်ဆရာမကြီးအား သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဓားဖြင့် ရက်ရက်စက်စက် ခုတ်ဖြတ်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သဖြင့် သေဆုံးသွား ကြောင်း သိရှိရသည်။

အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ပညာရေးဝန်ထမ်းများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်ထိ  အကြမ်းဖက်ကျူးလွန်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ပညာရေးဝန်ထမ်း သေဆုံးသူ ၈၀ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း သိရှိရသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းကောင်းဆရာ၊ ဆရာမများအား PDF အမည်ခံအကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ၊ အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်မှုများကို ပြည်သူလူထုက စိတ်နှလုံးမချမ်းမြေ့ဖွယ် တွေ့မြင် ကြားသိနေရသဖြင့် အကြမ်းဖက် သမားများ၏ လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ  ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လိုအပ်သော တုံ့ပြန်မှုများဆောင်ရွက်နိုင်ရန်အတွက်  လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။