တာဝန်သိပြည်သူနှင့် တာဝန်ကျေပွန်သည့် တပ်ဖွဲ့ဝင်များ

 

တာဝန်သိပြည်သူနှင့် တာဝန်ကျေပွန်သည့် တပ်ဖွဲ့ဝင်များ

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဇွန်  ၁၅  ရက်)

     မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိသော သတင်းသည် လူသားအားလုံးအတွက် အလွန်ဝမ်းသာဖွယ် ကောင်းလှသည်။ အခြားနိုင်ငံသို့ပို့လျှင်လည်း အခြားနိုင်ငံမှ လူသားတွေ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးကြမည်။  မိမိနိုင်ငံအတွင်း ဖြန့်ဖြူးခဲ့လျှင်လည်း မိမိနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးကြမည်။ အထူးသဖြင့် ပြည်တွင်းသောင်းကျန်းမှုများကို ဖန်တီးနေသူများ အတွက်  မူးယစ်ဆေးဝါးသည် ကြီးမားစွာသော အထောက်အပံ့တစ်ခုဖြစ်နေသည်။ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိအောင် ဆောင်ရွက်နိုင်ခြင်းမရှိလျှင် လူသားတို့၏ဆိုးကျိုးကို ဖန်တီးပေးနေသကဲ့သို ့ဖြစ်နေမည်။

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း သတင်းများကို တွေ့မြင်သည့်အခါ ပြည်သူတို့ ဝမ်းသာကြသည်။   နိုင်ငံအတွင်း  စိတ်အေးချမ်းသာ ငြိမ်းချမ်းစွာနေထိုင် လိုသူတိုင်းက မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းကိုမလိုလားကြပေ။ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့၏ ဆောင်ရွက်ချက်များကို အားရကျေနပ်သည်။ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်ကြသူများဖြစ်သည်။ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု သတင်းများတွင် မူးယစ်ဆေးဝါးများ၏ တန်ဖိုးသည် ဘီလီယံပေါင်း များစွာရှိနေသည်။

ဇွန်လ ၁၃ ရက်နေ့ သတင်းစာများတွင် “မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ရခိုင်ပြည်နယ်သို့ တင်ပို့မည့် တန်ဖိုးငွေကျပ် ၈ ဒသမ ၁၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၇ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိ” ဟူသော သတင်းကိုဖော်ပြထားသည်။ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ ၃၀ အချိန် ပြည်-အောင်လံသွား ကားလမ်းရှိ တိုးဂိတ်အနီး၌ မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းနေခဲ့သည်။

ထိုသို့စောင့်ဆိုင်းနေစဉ် အောင်ဇော်ဦးမောင်းနှင်သည့် မော်တော်ယာဉ်ပေါ်မှ မူးယစ်ဆေးဝါးများကို ဘိုဘိုအောင်မောင်းနှင်ပြီး ဇင်သူအောင်၊ အောင်ပြည့်ဖြိုးတို့ လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်သို့ လွှဲပြောင်း တင်ဆောင်နေစဉ် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းတို့လေးဦးနှင့်အတူ  စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းအား   ဖမ်းဆီးရမိခဲ့သည်။ ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်များအရ အောင်ဇော်ဦး ငှားရမ်းနေထိုင်သည့် ပြည်မြို့ကျောင်းကြီးအိုးတန်းရပ်ကွက်   ဆွေးနွေးဘုရားလမ်းရှိ နေအိမ်တွင် ကျော်ဇင်နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ ဒသမ ၈၈၅ သိန်းကိုလည်းကောင်း၊  စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ သိန်းဌေးနှင့် ၎င်း၏ဇနီး နန်းခမ်းဖိန်တို့အား ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မိုးကြိုးပစ်ကျေးရွာတွင် မော်တော်ယာဉ်တစ်စီးဖြင့် လည်းကောင်း၊ ဇွန်လ ၇ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စိုင်းဗညားမြင့်အောင်(ခ)ပီးပီး(ခ)စစ်ကားနှင့် မင်းလွင်ဦးနှစ်ဦးအား မင်္ဂလာဒုံမြို့နယ် စွယ်တော်စီးတီးအိမ်ရာရှိ ကားပါကင်တွင် မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းဖြင့် လည်းကောင်း ထပ်မံဖော်ထုတ်ဖမ်းဆီး ရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေ ၈ ဒသမ ၁၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၇ ဒသမ ၈၈၅ သိန်းဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်များအရ ၎င်းတို့၏မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်နေသော လမ်းကြောင်းမှာ ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ဝမ်ဟိုင်းမှ ပြည်မြို့သို့သယ်ဆောင်ပြီး   ပြည်မြို့တွင်   နေအိမ်ငှားရမ်း သိုလှောင်ထားရှိကာ ရခိုင်ပြည်နယ်သို့ တစ်ဆင့်ပြန်လည် တင်ပို့ပေးခြင်းဖြစ်သည်။

အလားတူ မန္တလေးမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ သယ်ဆောင်ပြီး ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်ရောင်းဝယ်သူမှာ ထင်ထင်ကျော်(ခ) ရခိုင်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါမူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိသည်။  မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့်ငွေကြေး အကျိုးအမြတ် များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ဆေးဝါးများသည် လူသားတို့အတွက် ကောင်းကျိုးလုံးဝမပေးသည့်အပြင်  လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ပျက်စီးစေသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူများမှာ မိမိတို့ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုသာကြည့်ရှုပြီး ဘယ်သူသေသေ ငတေမာလျှင်ပြီးရော မကောင်းစိတ်ဖြင့် မကောင်းသောလုပ်ရပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးတရားမဝင် ရောင်းဝယ်မှုနှင့် ပတ်သက်၍ သတင်းများပေးပို့လာခြင်း၊ ဖမ်းဆီးရန် တာဝန်ရှိသူများကလည်း  မိမိတို့လုပ်ငန်းတာဝန်များကို  ကျေပွန်စွာဆောင်ရွက်ခြင်းတို့မှာ ကောင်းသော စွမ်းဆောင်ချက်များဖြစ်သည်။ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိခြင်း များစွာရှိသည်။ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုများ ချုပ်ငြိမ်းမှသာ နိုင်ငံအတွင်း လက်နက်ကိုင် သောင်းကျန်းနေသူတို့၏ လုပ်ရပ်များ ချုပ်ငြိမ်းမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တာဝန်သိပြည်သူနှင့် တာဝန်ကျေပွန်သော တပ်ဖွဲ့ဝင်များအား လူသားတို့အသက် အိုးအိမ်စည်းစိမ်ကို ကယ်တင်ခြင်းအတွက် ဝမ်းသာ ပီတိဖြစ်ရပါကြောင်း ရေးသားလိုက်ရပေသည်။    ။