အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ ဇွန် ၁၇ ရက်)
ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးနှင့် ပတ်သက်လာလျှင် ဆရာ၊ ဆရာမတို့သည် အဓိက ထိန်းကျောင်းပဲ့ပြင်နိုင်သူများ ဖြစ်ကြသည်။ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာ သင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်း ရှိစေမည့်အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးရမည်ဖြစ်သည်။ ငယ်စဉ်ကလေး ဘဝကတည်းက စနစ်တကျဖြင့် နေထိုင်သွားလာတတ်စေရေး၊ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ လိမ္မာယဉ်ကျေးမှုရှိစေရေး သင်ကြားလေ့ကျင့်ပေးမှသာလျှင် အနာဂတ်ဘဝလမ်း တစ်လျှောက်၌ သာယာကောင်းမွန်သည့် လူမှုဘဝကို ရရှိစေမည်ဖြစ်သည်။
“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အနာဂတ် နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် ပညာတတ်လူသား အရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင် ရမည်ဖြစ်သည်။စာရင်းကောက်ယူ ထားရှိသည့် ကိန်းဂဏန်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် ပညာရေးကို အားပေးမြှင့်တင်ရန် လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်သည်။ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်း နေနိုင်ရန် အတွက် အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိရာ မိဘများအနေဖြင့် သားသမီးများအား ကျောင်းသို့ရောက်ရှိရေး အဓိကဆောင်ရွက် ပေးကြရမည်ဖြစ်သည်။
လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖဆိုသည့်အတိုင်း ကလေးငယ်များအား မိဘများအနေဖြင့် သွန်သင်ဆုံးမပေးမှုများ ရှိရမည်ဖြစ်သကဲ့သို့ ဆရာ၊ ဆရာမများကလည်း သွန်သင်ပေးရမည်ဖြစ်သည်။
မြန်မာမှုနယ်ပယ်တွင် သားသမီးမကောင်းမိဘခေါင်း၊ တပည့်မကောင်းဆရာ့ခေါင်းဟု ဆိုထားပေရာ မိဘ၊ ဆရာတို့အနေဖြင့် တာဝန်ကျေပွန်နေကြရမည်ဖြစ်သည်။ ငယ်စဉ်ကလေးဘဝတွင် ကျောင်းတက်ရသည့် အချိန်များသဖြင့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမပေးမှုကို ပိုမိုရရှိကြသည်။ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အတန်းပညာ သင်ကြားပေးရမည်ဖြစ်သကဲ့သို့ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ မြင့်မားစေရေးတို့ အတွက်လည်း စနစ်တကျ လေ့ကျင့်သင်ကြားပေးရမည်ဖြစ်သည်။ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ အမျိုးသားရေး စိတ်ဓာတ် မြင့်မားရေးသည် အဓိကအရေးကြီးလှသည်။
ကျောင်းသား၊ ကျောင်းသူအရွယ်ဆိုသည်မှာ အသိဉာဏ်မြင့်မားခြင်း မရှိသေးသည့်အတွက် အသိဉာဏ် ပိုမိုမြင့်မားလာစေရန် ဆရာ၊ ဆရာမများက ဟောပြောပို့ချမှုများ ပြုလုပ်ရမည့်အပြင် ကျောင်းစာကြည့်တိုက် များတွင် လည်း တန်ဖိုးကြီးမားသော စာပေများကို ဖတ်ရှုရမည်ဖြစ်သည်။ ပညာရေးတွင် အားနည်းသောကလေးများ၊ စာပေလေ့လာဖတ်ရှုမှု အားနည်းသောကလေးများသည် မကောင်းသော ပတ်ဝန်းကျင်၏ ဆွဲဆောင်မှုခံရသောအခါ အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်သွားကြသည်။ ဤသည်ကို ပညာရေးအားနည်းသည့် ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရသည်။ မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကို ကြည့်မည်ဆိုပါက အတန်းပညာ တတ်မြောက်မှုအားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှု အားနည်းခြင်း တို့ကြောင့် အကြမ်းဖက်မှု လုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၁၁ ရက်က ပြင်ဦးလွင်မြို့အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းစုံညီခန်းမ၌ ဆရာ၊ ဆရာမများအားတွေ့ဆုံ၍ အမှာစကားပြောကြားစဉ် “ကျောင်းသား၊ ကျောင်းသူများ သုတ၊ ရသ စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာအတတ်ပညာများ တိုးပွားလာပြီး ၎င်းတို့ဘဝအတွက်များစွာ အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း၊ အတန်းပညာကို သင်ကြားမှုမှရရှိသကဲ့သို့ အသိပညာအား စာအုပ်စာပေများ ဖတ်ရှုခြင်းမှရရှိနိုင်ကြောင်း၊ ကလေးငယ်များကို သင်ကြားလေ့ကျင့်ပေးရသည့် သူများဖြစ်သည့် ဆရာ၊ ဆရာမများ အနေဖြင့်လည်း အသိပညာများပြည့်ဝစေရေး စာပေဖတ်မှတ် လေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့တာဝန်ယူထားရသည့် ဘာသာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားလေ့ကျင့် ပေးနိုင်ရမည်ဖြစ်သကဲ့သို့ မိမိတို့ကြုံတွေ့ခဲ့ရသည့် ဘဝအတွေ့အကြုံများ၊ စာပေဖတ်မှတ်ခြင်းမှ ရရှိခဲ့သည့် အသိအမြင်များကိုလည်း ကလေးငယ်များထံသို့ မျှဝေပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးနိုင် မှသာလျှင် မိမိတို့နိုင်ငံ၏အနာဂတ်ကို ဦးဆောင်ကြမည့် အနာဂတ်မျိုးဆက်သစ် လူသားအရင်းအမြစ်ကောင်းများကို ပိုမိုမွေးထုတ်ပေးနိုင်မည် ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ပြင်ဦးလွင်မြို့သည် ပညာရေးနှင့် ပတ်သက်၍ အခြေခံကောင်းများ၊ အစဉ်အလာကောင်းများရှိသည့် မြို့ဖြစ်သည်။ ထိုသို့သော ပညာရေးဆိုင်ရာ အခြေခံကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်း၍ ပညာရေး မြို့တော်အဖြစ် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကာ စည်းကမ်း စနစ်တကျရှိသည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများကို ဆက်လက်မွေးထုတ် ပေးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပညာရေးပိုမိုကောင်းမွန်ရန် အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်စကားနှင့်အညီ ကျောင်းသား၊ ဆရာ၊ မိဘတို့ပူးပေါင်း ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။ ။