လူငယ်အားလုံးတို့၏ အဓိကတာဝန်

 

လူငယ်အားလုံးတို့၏ အဓိကတာဝန်

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဇွန်  ၁၈  ရက်)

  မြန်မာနိုင်ငံသည် ရှေးပဝေသဏီ ကာလကတည်းက ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ယဉ်ကျေးမှုဖြင့် ကမ္ဘာ့ အလယ်တွင် လွတ်လပ်ထည်ဝါစွာ ရပ်တည်ခဲ့သည်။ မိမိနိုင်ငံ၊ မိမိလူမျိုးဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစီးဖော်ဆောင်ခဲ့သူ နိုင်ငံ့ခေါင်းဆောင်များ၏ ဦးဆောင်မှုနောက်တွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား မင်းတရားကြီးများသည် တိုင်းပြည်စည်ပင်သာယာအောင်၊ အန္တရာယ်မှန်သမျှ ကင်းဝေးအောင် ဘက်ပေါင်းစုံမှ ဆောင်ရွက်ခဲ့ရာတွင် ထင်ရှားသော တိုင်းကျိုးပြည်ဆောင် ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏အမည်မှာ ယနေ့တိုင် ခိုင်မြဲနေခြင်းဖြစ်သည်။

ထိုကဲ့သို့ စည်ပင်ဝပြောလှသော၊ မြေပေါ်မြေအောက်သယံဇာတပေါများကြွယ်ဝသော မြန်မာနိုင်ငံကို ကိုလိုနီနယ်ချဲ့တို့က မက်မောတွယ်တာခဲ့ကြသည်။ ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၈၅  ခုနှစ်တွင်  တစ်ကြိမ် အကြောင်းမရှိအကြောင်းရှာ၍ ကျူးကျော်စစ်ဆင်နွှဲကာ  မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ကြသည်။

ဤသမိုင်းဖြစ်စဉ်မှာ လူငယ်တိုင်း သိရှိထားရမည့်  သမိုင်းသင်ခန်းစာပင်ဖြစ်သည်။ဘိုးဘွားတို့ လက်ထက်က နယ်ချဲ့တို့၏ ကျူးကျော်မှုကို  သင်ခန်းစာယူကာ ယခုလက်ရှိကာလများတွင်လည်း  နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းတွင် တာဝန်ရှိသည်ဟူသော အသိတရားထားရှိရမည်ဖြစ်သည်။ နယ်ချဲ့တို့နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ထိုခေတ်ကာလများဆီက လက်နက်အင်အားမမျှ၍ အရှုံးပေးလိုက်ရသော်လည်း စိတ်ဓာတ်ခွန်အား လျော့ပါးခြင်းမရှိခဲ့ပေ။ နိုင်ငံကိုသိမ်းပိုက်နိုင်ခဲ့သော်လည်း မြန်မာတို့၏ စိတ်ဓာတ်ကို သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် လွတ်လပ်ရေး ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

နိုင်ငံတိုင်းတွင်ကာကွယ်ရေးအင်အား တောင့်တင်းနေရမည်ဖြစ်သည်။ ကာကွယ်ရေးအင်အား တောင့်တင်းနေမှသာ ပြည်ပကျူးကျော်မှုများကို ကာကွယ်နိုင်မည်ဖြစ်သည်။ မိမိနိုင်ငံကို မိမိတို့ ကာကွယ်ရေးမှာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ အားလုံး၏ မွေးရာပါတာဝန်ဖြစ်သည်။ မိမိတို့အသက်အရွယ်နှင့် လိုက်ဖက်သည့် တာဝန်မှန်သမျှကို ကျေပွန်စွာအားသွန်ခွန်စိုက် ထမ်းဆောင်ကြရမည်ဖြစ်သည်။ အထူးသဖြင့် အရွယ် ရောက်ပြီးသူ လူငယ်လူရွယ်တိုင်း နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရမည်သာဖြစ်သည်။

ထိုသို့စစ်မှုထမ်းဆောင်ခြင်းဖြင့် ပထမဆုံးရရှိလာသည့် ကောင်းကျိုးသည် မိမိတို့တစ်ဦးချင်း အနေဖြင့် စည်းစနစ်ကျနစွာ သွားလာပြောဆို လုပ်ကိုင်ဆောင်ရွက်တတ်မည်။ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ပြီး မိမိဘဝတိုးတက်ရေး၊ မိမိနိုင်ငံတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်တတ်လာမည်။ လူမှုဆက်ဆံရေး နယ်ပယ်တွင် လိမ္မာရေးခြား ရှိစွာပြောဆိုတတ်လာမည်။ မိမိနိုင်ငံ၏ သမိုင်းကြောင်းများကို တိကျမှန်ကန်စွာ သိရှိနားလည်လာမည်။ အထူးသဖြင့် ရဲဘော်စိတ် ရှိလာကြမည်ဖြစ်သည်။ ရဲဘော်အချင်းချင်း မေတ္တာတရား ထားရှိလာမည်။ သံယောဇဉ်တိုးပွားလာမည်။ သစ္စာစောင့်သိမှုဖြစ်ပေါ်လာမည်။

နိုင်ငံတော်၏ အနာဂတ်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းမှာ အလွန်ကောင်းမွန်သည့် ဆောင်ရွက်ချက်ဖြစ်သည်။ လူငယ်များအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းထားသည်ဖြစ်စေ၊ မပြဋ္ဌာန်းသည်ဖြစ်စေ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ကြရမည်မှာ မွန်မြတ်သော တာဝန်ဝတ္တရားဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ အနှစ်သာရမှာ အရွယ်ရောက်သူ နိုင်ငံသားအားလုံးသည် မိမိနိုင်ငံကိုကာကွယ်ရန် တာဝန်ရှိသည်။ လိုအပ်လျှင် စစ်မှုထမ်းဆောင်ကြရမည်။

နိုင်ငံတော်ကာကွယ်ရေး အတတ်ပညာများ တတ်မြောက်ရမည်ဆိုသည့် အသိစိတ်ရှိလာအောင် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အတိတ်ကဖြစ်ခဲ့ရသော ကိုလိုနီလက်အောက်ခံ ဘဝမျိုးပြန်လည် မကျရောက်စေရေးအတွက် နိုင်ငံသားတိုင်းက နိုင်ငံတော်ကာကွယ်ရေး အသိပညာ၊ အတတ်ပညာများ ပြည့်ဝနေရပေမည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူတိုင်းက မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေချင်ကြသည်။ ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည်မှာ စိတ်ဆန္ဒရှိရုံမျှဖြင့် ပေါ်ထွန်းလာမည်မဟုတ်ပေ။ မိမိတို့တစ်ဦးချင်းကိုယ်၌က နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် ကျရာတာဝန်ကိုစိတ်သဘောထား ဖြူစင်စွာ ပါဝင်ထမ်းဆောင်ကြရမည်ဖြစ်သည်။ ဖွံ့ဖြိုး တိုးတက်ရေးအတွက်  အဓိကလိုအပ်ချက်မှာ  တည်ငြိမ်အေးချမ်းရေးဖြစ်သည်။  တည်ငြိမ်အေးချမ်းမှု မရှိပါက ဖွံ့ဖြိုးတိုးတက်မှု မဖြစ်လာနိုင်ပေ။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သတ်မှတ်ချက်နှင့် ကိုက်ညီသောလူငယ်တိုင်းက ပြည်သူ့စစ်မှုထမ်း သင်တန်းများ တက်ရောက်ကြပြီး သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအတိုင်း နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ဘိုးဘွားများ ပေးအပ်ခဲ့သောအမွေအနှစ် မြန်မာနိုင်ငံကို မြန်မာလူငယ်တို့က ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်သာဖြစ်သည်။ ထိုတာဝန်သည် အမွန်မြတ်ဆုံးသော တာဝန်၊ လူငယ်အားလုံး၏ အဓိကတာဝန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။