အောင်မြင်မှုပန်းတိုင် လှမ်းကိုင်နိုင်ကြစေ

 

အောင်မြင်မှုပန်းတိုင် လှမ်းကိုင်နိုင်ကြစေ

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဇွန်  ၁၉  ရက်)

       မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က အင်အားပြင်းထန်သော ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်ကို မန္တလေးငလျင်ဟု မှတ်တမ်းတင်သည်။ မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ပျက်စီးသွားခဲ့သည်။ အဆိုပါအဖြေလွှာများပျက်စီးသွားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ ပြန်လည်ဖြေဆိုခြင်းကို ဇွန်လ ၁၆ ရက်မှစတင်ကျင်းပပေးသည်။ သတ်မှတ်ထားသည့်မြို့နယ်များရှိ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည့် မြင်ကွင်းများကို မြင်တွေ့ရသည်။

ထိုသို့လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ကျဆရာ၊ ဆရာမများက ကျောင်းဝင်ပေါက်အသီးသီး၌ စာမေးပွဲဖြေဆိုရန် လိုအပ်သည့် အချက်အလက်များနှင့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပေးပြီး စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း နေ့စဉ်လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်း သတ်မှတ်ချက်များအတိုင်း လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးကာ စနစ်တကျဖြင့် စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ စာမေးပွဲဖြေဆိုရာတွင် လိုအပ်သည့် ကျောင်းသုံးစာရေး ကိရိယာများကိုလည်း သက်ဆိုင်ရာစာစစ်ဌာနများတွင် အဆင်သင့် ဆောင်ရွက်ပေးထားသည်။

အဓိကအားဖြင့်စာစစ် ဌာနများတွင် လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း အချိန်ပြည့်ပေးထားပြီးဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ပထမအကြိမ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုမှုစိတ်တိုင်းမကျ ဖြစ်ခဲ့ပါက ယခုအကြိမ်တွင်မိမိအတွက် အခြေအနေကောင်းများ ဖန်တီးနိုင်ပြီဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူစာဖြေသူများ အတွက် လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးထားသည့်အတွက် မိမိတို့တစ်ဦးချင်းက ရိုးသားစွာကြိုးစား ဖြေဆိုကြရန်ဖြစ်သည်။

လူသားတိုင်းသည် အမိရင်ခွင်မ ှမွေးဖွားကြီးပြင်းလာပြီးနောက် သတ်မှတ်အရွယ်ရောက်သည့်အခါ ပညာသင်ကြားကြရမည်ဖြစ်သည်။ သားသမီးတိုင်းကို မိဘထက်သာလွန်သော သူများဖြစ်စေချင်သည်မှာ မိဘတိုင်း၏ ဆန္ဒဖြစ်သည်။ မိမိတို့သားသမီးများသည် ကျောင်းနေအရွယ် ရောက်လာပါက မိဘများအနေဖြင့် မဖြစ်မနေကျောင်းသို့ လာရောက်အပ်နှံပေးကြရမည်ဖြစ်သည်။ စီးပွားရေး အခြေအနေအရကျောင်းမအပ်နိုင်ခြင်းမျိုး မဖြစ်စေရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပေးလျက်ရှိသည်။  

အတန်းပညာတတ်မြောက်မှု အားနည်းသော၊ သိမြင်တွေးခေါ်နိုင်မှု အားနည်းသောအခါ လူငယ်အချို့သည် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်တတ်ကြသည်။ ထို့ကြောင့် မိသားစုအတွက် မျက်နှာငယ်စရာ၊ အရှက်ရစရာကောင်းသော သားသမီးဖြစ်လာမည်။ နိုင်ငံတော်အတွက် အဖိုးမတန်၊ တန်ဖိုးမဲ့သောနိုင်ငံသားများဖြစ်လာပေလိမ့်မည်။ ပညာမတတ်က အသိဉာဏ် ထက်သန်လိမ့်မည်မဟုတ်ပေ။ မိမိနေထိုင်သည့် ပတ်ဝန်းကျင် တွင် ချို့တဲ့စွာနေထိုင်ရခြင်းမျိုး ဖြစ်လာသည့်အခါ အရာရာကို အဆိုးမြင်စိတ်ဖြင့်ကြည့်မြင်လာသည်။ ရပ်ကွက်၊ ကျေးရွာအတွက် ကောင်းကျိုးမပြုနိုင်ဘဲ ဆိုးကျိုးသာပွားများလာလျှင် “ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးသား” ကဲ့သို့ လူဖြစ်ရှုံးတော့မည်ဖြစ်သည်။ ထို့ကြောင့်မိဘများကသားသမီးကို ပညာတတ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၁၁ ရက်က ပြင်ဦးလွင်ခရီးစဉ် အတွင်း “ကလေးငယ်များအား မိဘများအနေဖြင့် သွန်သင်ဆုံးမပေးမှုများ ရှိသကဲ့သို့ ဆရာ၊ ဆရာမများကလည်း သွန်သင်ပေးမှုများရှိကြောင်း၊ ငယ်စဉ်ကလေးဘဝတွင် ကျောင်းတက်ရသည့် အချိန်များသဖြင့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမပေးမှုကို ပိုမိုရရှိကြကြောင်း၊ ကျောင်းလုံးဝ မနေဘူးသူများ အနေဖြင့် ဆရာ၊ ဆရာမများ၏ သွန်သင်မှုအောက်တွင် နေခဲ့ရခြင်းမရှိခဲ့ကြောင်း၊ အတန်းပညာသင်ကြား ပေးရမည်ဖြစ်သကဲ့သို့ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ မြင့်မားစေရေးတို့အတွက်လည်း ဆရာ၊ ဆရာမများအနေဖြင့် စနစ်တကျလေ့ကျင့် သင်ကြားပေးရန်လိုကြောင်း” လမ်းညွှန်ပြောကြားခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားသည့်အရွယ်တွင် သတ်မှတ်ထားသည့် အတန်းများအလိုက် အောင်မြင်အောင် သင်ကြားကြရမည်ဖြစ်သည်။ အောင်မြင်သူအတွက်အခွင့်အလမ်း ဆိုသည်မှာ အသင့်ရှိထားပြီးဖြစ်သည်။ ဥပမာအားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပါက မိမိတို့ဝါသနာပါသည့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ တက်ရောက်နိုင်မည်ဖြစ်သည်။ ထိုသို့တက်ရောက်ရန် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့်ကြိုးစားကြရမည်ဖြစ်သည်။ သူများထက်ပို၍ တော်လိုလျှင် သူများထက်ပိုမိုကြိုးစားရမည်ဖြစ်သည်။ လူငယ်တိုင်းရည်မှန်းချက် ကိုယ်စီထားရှိကာ အောင်မြင်စွာ ကြိုးစားကြမှသာ မိမိတို့၏လူမှုစီးပွားဘဝ မြင့်မားနေမည်ဖြစ်သည်။ ထို့ကြောင့်၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ရည်မှန်းထားသည့် ပန်းတိုင် လှမ်းကိုင်နိုင်ရေး စာမေးပွဲကိုအောင်မြင်စွာ ဖြေဆိုကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။