ဂေဟစနစ် ဝန်ဆောင်မှုများနှင့် ညီညွတ်မျှတရေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ ဇွန် ၂၀ ရက်)
သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်တွင်ရှိသည့် သက်ရှိများ ရှင်သန်ရပ်တည်ရေး အတွက် အလွန် အရေးပါလှသည်။ သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိများ အသက်ရှင်သန်ရေး အတွက် အဓိကလိုအပ်သည့် အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးသည်။ ထို့ပြင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို လေထုအတွင်းမှ စုပ်ယူဖယ်ရှားပေးသည်။ သစ်ပင်သစ်တောများသည် ရာသီဥတုမျှတရေး၊ သဘာဝဘေး အန္တရာယ် တားဆီးကာကွယ်ရေး၊ ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေး စသည့်ဂေဟစနစ် ဝန်ဆောင်မှုများနှင့် ညီညွတ်မျှတရေးကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားများကို ပြည်သူလူထုပူးပေါင်း ပါဝင်မှုဖြင့် နှစ်စဉ် ဦးစီးဦးဆောင်လုပ်ပြီး ကျင်းပဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဒေသအလိုက်၊ ဌာနအလိုက် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်များ ပြုလုပ်လျက်ရှိသည်။ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်ကောင်းမွန် မျှတစေရေး၊ တောတောင်ရေမြေကို ထိန်းသိမ်းပြီး သဘာဝဘေး အန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ နိုးကြားတက်ကြွစွာ ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်များကို နိုင်ငံတစ်ဝန်း နှစ်စဉ်ကျင်းပကြခြင်းဖြစ်သည်။ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၆ မျိုး၊ သစ်ပင်ပေါင်း ၃၀၀၀ ကို စိုက်ပျိုးခဲ့ကြသည်။
သစ်ပင်သစ်တောများသည် ကျေးလက်နေပြည်သူများအတွက် သစ်၊ ထင်း၊ ဝါး၊ ကြိမ်၊ အစားအစာ၊ ဆေးဝါးစသည့် သစ်တောထွက်ပစ္စည်း အမျိုးမျိုးနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။ သစ်ပင်သစ်တောများကို စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်မျှတသာယာပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍအသီးသီးအတွက် ကုန်ကြမ်းပစ္စည်းများ၊ သွင်းအားစုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာသည့်အခါ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်ပေးခဲ့သကဲ့သို့ သဘာဝဘေး အန္တရာယ်များ တားဆီးကာကွယ်ရေးနှင့် နိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည် သာယာဝပြောရေးတို့ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ သစ်တောသယံဇာတများ ကာကွယ်ထိန်းသိမ်းခြင်း၊ စီမံအုပ်ချုပ်ခြင်း၊ ပြန်လည် တည်ထောင်ခြင်းနှင့် တိုးချဲ့စိုက်ပျိုးခြင်း လုပ်ငန်းများကို နိုင်ငံတော်၏ ဦးစားပေးအစီအစဉ်တစ်ရပ်အနေဖြင့် ရေရှည်စီမံချက်များ ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများ တည်ထောင်ခြင်း၊ မြစ်ချောင်းများဘေးဝဲ/ ယာတစ်လျှောက် သစ်ပင်များစိုက်ပျိုး ထိန်းသိမ်းခြင်း၊ လမ်းမကြီး အသီးသီးနှင့် ရထားလမ်းဘေး ဝဲ/ယာ သစ်ပင် စိုက်ပျိုးခြင်း၊ ဒီရေတောများ ထိန်းသိမ်း စိုက်ပျိုးခြင်း၊ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး အတွက် တစ်ရွာ ၂ ဧက စိုက်ခင်း၊ ဘက်စုံသုံးစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးခြင်း၊ ရာဂိမုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်ခဲ့သည့် နေရာဒေသများတွင် သစ်ပင်များစိုက်ပျိုးခြင်းများကို အကောင်အထည်ဖော်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်က ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ပထမအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် အမှာစကားပြောကြားစဉ် “နိုင်ငံတော်အနေဖြင့် အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပေးလျက်ရှိကြောင်း၊ နိုင်ငံ၏ သဘာဝအရင်းအနှီး သစ်ပင်သစ်တောတွေ ပိုမိုတိုးပွားလာပြီး ပတ်ဝန်းကျင်ရေးရာ ကာကွယ်စောင့်ရှောက်မှုနှင့် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအမြတ်များကို ရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအဝန်းသစ်တော ဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် သစ်တောစိုက်ပျိုး ထိန်းသိမ်းခြင်းလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်”ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ရေ၊ မြေ၊ တောတောင်၊ သဘာဝသယံဇာတများနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ ထို့ပြင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများအနက် သစ်တောဖုံးလွှမ်းမှု ကောင်းမွန်ပြီး သစ်တောဖုံးလွှမ်းမှု ဧရိယာ ဒုတိယအများဆုံး ပိုင်ဆိုင်ထားသည်။ ၂၀၂၅ ခုနှစ် ပဏာမအစီရင်ခံစာအရ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံ့တာဝန်ယူပြီးနောက်ပိုင်း သစ်ပင်စိုက်ပျိုးမှု၊ သစ်တောများ ပြုပြင် ထိန်းသိမ်းမှုကို အလေးထား ကြပ်မတ်ဆောင်ရွက်ခဲ့သည့်အတွက် နှစ်ကာလအလိုက် သစ်တောပြုန်းတီးမှု သိသိသာသာ လျော့နည်းကျဆင်းခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူများအနေဖြင့် ရာသီဥတုမျှတပြီး သစ်တောဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုရရှိစေရေးအတွက် နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းအထိ သစ်တောများ ဖုံးလွှမ်းအောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။ ။