မိုးရာသီနှင့်သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ပေး

 

မိုးရာသီနှင့်သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ပေး

မိုးရာသီရောက်လာသည်နှင့်ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များအတွက် ကျန်းမာရေးကို ပိုမိုဂရုစိုက်ကြရမည်ဖြစ်သည်။ ကျန်းမာရေးကောင်းမွန်မှ ပညာသင်ကြားခြင်းကို လုပ်ဆောင်နိုင်မည်ဖြစ်၍ ကျန်းမာရေး ကောင်းမွန်နေစေရန် မိဘ၊ ဆရာနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးက သတိပြုကြရမည် ဖြစ်သည်။ မိုးရာသီတွင် အဖြစ်များသည်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်ပိုး (Dengue Virus)သယ်ဆောင်ထားသော ခြင်ကျားအကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ကြိုတင်ကာကွယ်၍ရသောရောဂါဖြစ်သည်။ သွေးလွန်တုပ်ကွေးသည် ယခင်က ကလေးသူငယ်များတွင်သာ ဖြစ်ပွားကြောင်း သိရှိရသော်လည်း ယခုအခါအသက်အရွယ်မရွေး၊ ကလေး/လူကြီးမရွေး၊ ကျား/မ မရွေးဖြစ်ပွားနိုင်သည်။ အသက် ၁၅ နှစ်အထက်လူကြီးများတွင် ဖြစ်ပွားပါက သေဆုံးမှုနှုန်းမြင့်မားသည်။ ခြင်ကျားလောက်လမ်းသည် ရေကြည်ရေသန့်တွင် အဓိကပေါက်ပွားပြီး ခြင်ကျားပေါက်ပွားပုံ အဆင့်ဆင့်ဖြစ်သည့် (ဥမှပိုးလောက်လမ်း၊ ပိုးရုပ်ဖုံး၊ သက်ကြီးကောင်)ဖြစ်စဉ်မှာ ပျမ်းမျှ ၈ ရက်မှ ၁၀ ရက်ခန့်အထိ ကြာမြင့်သည်။ ထို့ကြောင့် မိမိတို့နေအိမ်၊ ကျောင်းနှင့်ပတ်ဝန်းကျင်တွင် တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် ခြင်ကျားလောက်လမ်းရှာဖွေပြီး လောက်လမ်းပေါက်ပွားမှု လုံးဝမရှိအောင်ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ဖုံး၊ သွန်၊ လဲ၊ စစ် အိုးအတွင်းပိုင်းတိုက်ချွတ် စသဖြင့် ဆောင်ရွက်ရန်လိုအပ်သည်။

လူတိုင်းအတွက် အရေးကြီးသည်မှာ ခြင်ကိုက်မခံရရေးဖြစ်သည်။ ခြင်ကိုက်မခံရရေးအတွက် ကျောင်းများတွင် လေဝင်လေထွက်ကောင်း၍ သန့်ရှင်းနေစေရမည်။ ကျောင်းပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ကြရမည်။ ချုံနွယ်ပိတ်ပေါင်းများ ရှိနေလျှင် ခုတ်ထွင်ရှင်းလင်းထားရမည်။

အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းတို့အပြင် အစားအစာသန့်ရှင်းခြင်း၊ ရေသန့်ရှင်းခြင်း၊ လက်သန့်ရှင်းခြင်း၊ သန့်စင်ခန်းများ သန့်ရှင်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းခြင်းဟူသော သန့် ၅ သန့်နှင့်အညီ လုပ်ဆောင်ကြရမည် ဖြစ်သည်။

မိမိတို့တစ်ဦးချင်းတစ်ကိုယ်ရေ သန့်ရှင်းရေးသည် ကျန်းမာရေးကို အထောက်အကူပြုသည်။ သန့်ရှင်းစွာ နေထိုင်တတ်သူအဖို့ သာမန်ရောဂါများဖြစ်ပွားမှု လျော့နည်းသည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာသင်ကျောင်းတိုင်းတွင် ရှိနေသော “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဟူသော ဆောင်ပုဒ်ကို အလေးထားရမည်ဖြစ်သည်။ စိတ်ဓာတ်ကောင်းထားရှိကာ မိမိအတန်းသန့်ရှင်းရေး၊ မိမိကျောင်းသန့်ရှင်းရေးတို့ကို လုပ်ဆောင်လိုစိတ်ရှိကြရမည်။ ထို့အတူ စည်းကမ်းကောင်းခြင်းဟူသောအသိစိတ်ဖြင့် ကျန်းမာရေးနှင့် ပတ်သက်၍ အချိန်အခါအလိုက် ထုတ်ပြန်သော သတိပေးချက်များကို လိုက်နာကြရမည်ဖြစ်သည်။

သို့မှသာ ပညာရေးကိုကောင်းမွန်စွာ သင်ယူနိုင်ကြမည် ဖြစ်သည်။

သွေးလွန်တုပ်ကွေးမဖြစ်ပွားစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးအသိမြှင့်တင်ပေး လျက်ရှိသည်။ မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ကြရန် နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြပေးထားသည်။ သွေးလွန်တုပ်ကွေးမဖြစ်ဖို့ ခြင်ကျားလောက်လမ်း နှိမ်နင်းကြပါဗျို့ဟု အော်ဟစ်သတိပေးနေသည့်ရုပ်ပုံရေးဆွဲကာ  အသိပညာပေးထားသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းများ စတင်မဖွင့်လှစ်မီကပင် ကျောင်းဝင်းအတွင်း/အပြင် သန့်ရှင်းရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ပေးထားသည်မှာ ကျန်းမာရေးအတွက်အဓိကဖြစ်သည်။

မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါအဖြစ်များသည့်အတွက် ကြိုတင်ကာကွယ်ခြင်းဖြင့် ရောဂါမဖြစ် ပွားအောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကမ္ဘာ့လူဦးရေထက်ဝက်ခန့်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး တစ်နှစ်လျှင်ရောဂါကူးစက်ခံရသူ သန်း ၄၀၀ နီးပါးရှိသည်။ ၎င်းတို့အနက် လူကြီး ၁၀ ရာခိုင်နှုန်းနှင့် ကလေး ၃၀ ရာခိုင်နှုန်းပါဝင်သည်။ အရှေ့တောင်အာရှဒေသ၌ မုတ်သုံတောများပေါများလှသည်။ မုတ်သုံတောပေါများသည့် အင်ဒိုနီးရှား၊ ထိုင်းနှင့်မြန်မာနိုင်ငံတို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်သည်။

မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါကို ကပ်ရောဂါအဖြစ် ၁၆၃၅ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ၌ ၁၉၇၀ ပြည့်နှစ်တွင် ကပ်ရောဂါအဖြစ် ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 

လူဦးရေထူထပ်ပြီး စိုစွတ်သောနေရာများတွင် သွေးလွန်တုပ်ကွေးရောဂါအဖြစ်များသည်။ သွေးလွန်တုပ်ကွေး ရောဂါသည် ဖြစ်ဖြစ်ချင်း သိရှိလျှင် ကုသမှုလွယ်ကူသော်လည်း ဖြစ်မှန်းမသိဘဲ လွန်မှသိခဲ့လျှင်ကုသမှုခက်ခဲသည်။ ပထမတစ်ကြိမ်ဖြစ်ပြီး သွားသူများအနေဖြင့် နောက်တစ်ကြိမ်ထပ်ဖြစ်လျှင် ပိုဆိုးတတ်သည်။ မည်သို့ပင်ဖြစ်စေ ရာသီဥတုသည် စွတ်စိုသောမိုးရာသီကာလဖြစ်၍ သွေးလွန်တုပ်ကွေးမဖြစ်ရေးအတွက် ကျန်းမာရေးနှင့် လျော်ညီစွာ ပြုမူနေထိုင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။