အမှောင်တွင်းမှ အလင်းသို့ ရောက်လာသူများကိုကြိုဆို

 

အမှောင်တွင်းမှ အလင်းသို့ ရောက်လာသူများကိုကြိုဆို

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ ဇွန်  ၂၃  ရက်)

      မြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ရပ်မှန်သည် ၂၀၂၀  ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများပြားခြင်း၊ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးစဉ်ကာလအတွင်း အုပ်စုဖွဲ့ကာ တရားမဲ့ပြုကျင့်ခြင်းများနှင့် ပတ်သက်၍ ပေါ်ပေါက်လာသော အပြောင်းအလဲဖြစ်သည်။ မဲမသမာမှုများနှင့် ပတ်သက်၍ တိကျခိုင်လုံသော သက်သေအထောက်အထားများဖြင့် သတင်းစာရှင်းလင်းပွဲများ အကြိမ်(၃၀)ခန့်  ရှင်းလင်းပြသခဲ့သည်။ ထိုသို့ရှင်းလင်းပြသခြင်းနှင့် အတူ မြန်မာနိုင်ငံအခြေစိုက် ပြည်ပသံရုံးများမှ တာဝန်ရှိသူများကို သက်သေအထောက်အထားများဖြင့် ရှင်းလင်းပြသခဲ့ပြီးဖြစ်သည်။

ဆိုလိုသည်မှာ   မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများမှာ ခိုင်လုံသော အထောက်အထားများ ဖြစ်နေသည့်အတွက် မည်သူတစ်ဦးတစ်ယောက်ကမျှ ငြင်းချက်ထုတ်ခြင်း မပြုနိုင်ခဲ့ကြပါ။ ထိုစဉ်က  အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်နှင့် လွှတ်တော်ဥက္ကဋ္ဌများထံ အဆိုပါမဲမသမာမှုနှင့် ပတ်သက်၍  ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ သို့သော်  ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိသည့်အတွက်  အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်၏အာဏာကို လွှဲပြောင်းလက်ခံခဲ့ရခြင်း ဖြစ်သည်။

ဤသို့သောအကြောင်းအရာ အခြေအနေအမှန်ကို လူငယ်လူရွယ်များ အနေဖြင့်သိရှိခြင်းမရှိဘဲ  နိုင်ငံရေး အမြတ်ထုတ်လိုသူတို့၏ မြှောက်ပင့်သွေးထိုးမှုအောက်သို့ ကျရောက်ကာ ဆူပူဆန္ဒပြကြရာမှ နောက်ဆုံးတွင် အကြမ်းဖက် လက်နက်ကိုင်ဆောင်သူများအဖြစ်သို့ ရောက်ရှိသွားကြသည်။ သားသမီးချင်း ကိုယ်ချင်းစာနာစိတ်ဖြင့် ဖြစ်စဉ်အမှန်ကို သိရှိအောင်ပြောဆိုသင့်သော်လည်း တိုင်းပြည်ကောင်းစားရေးထက် မိမိတို့အာဏာ ပြန်လည်ရရှိရေးသာ ဦးတည်ခဲ့ကြသည်။ နိုင်ငံရေးဖြစ်စဉ်အမှန်ကို မသိရှိဘဲ တောထဲရောက်ရှိကာ အကြမ်းဖက်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံမှ  ဖောက်ခွဲဖျက်ဆီးနည်းများ သင်ယူခဲ့ကြပြီး မိမိတို့အား ပညာသင်ကြား ပေးသည့်ဆရာ၊ ဆရာမများကို ပြန်သတ်ခြင်း၊ တရားနည်းလမ်းကျစွာ ဟောပြောဆုံးမသော ဆရာတော်၊ သံဃာတော်များအား သတ်ဖြတ်ခြင်း၊ ဝန်ထမ်းများအား သတ်ဖြတ်ခြင်းတို့ဖြင့် လူငယ်တို့ဘဝ နစ်မွန်းခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေများအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ပြန်လည်ကြိုဆို လက်ခံ၍ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ဇွန်လ ၂၀ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက နယ်မြေ ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာ ပုဒ်မများနှင့်ပတ်သက်သည်များကို အသိပညာပေး ပြောကြားသည်။  ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၂၄ ဦးတို့ကို တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

PDF  အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့ အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံ သွားမည်ဖြစ်ကြောင်း  နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌  ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိသည်။ ပြစ်မှုကျူးလွန်ခြင်း မရှိဘဲ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအနေဖြင့်  ယင်းတို့၏ အနာဂတ် လူမှုစီးပွားဘဝကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ကြပြီဖြစ်သည်။ အမြင်မှန်ရ၍ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများတွင် မိမိတို့၏သားသမီးများ ပါဝင်လာစေရေးအတွက် မိဘ/အုပ်ထိန်းသူများ အနေဖြင့်လည်း ဆက်သွယ် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ လူငယ်အများစုမှာ  နောင်တရကာ ပြန်လာချင်ကြပြီဖြစ်သည်။ ကျန်ရှိနေသေးသော လူငယ်များအနေဖြင့်  မိမိတို့၏အနာဂတ်ကို ကြိုတင်မြော်တွေးကာ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းလမ်းမှန်ကို ရွေးချယ်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပေသည်။    ။