နယုန်လ

နယုန်လ

ဆောင်းပါးရှင် - မောင်လူမွှေး(မြန်မာမှု)

မြန်မာ့ဆယ့်နှစ်လရာသီလများတွင် နယုန်လ သည် တတိယမြောက်လဖြစ်ပေသည်။ ပုဂံခေတ်ထိုး ကျောက်စာများတွင် နံယုန် ဟု နငယ်တွင် နိဂ္ဂဟိတ်တင်၍ရေးကြ၏။ အချို့ကျောက်စာများတွင်မူ နယုန် ဟု နငယ်တွင် နိဂ္ဂဟိတ်မတင်ဘဲရေးသည်လည်း ရှိပေသည်။

ပုဂံဒေသရှိ တက်နွယ်ကျောင်း ကျောက်စာ (အင်းဝခေတ်-၈၀၄ ခု)၊ ပြာသာဒ်ဥမင် ကျောက်စာ (၈၀၄-ခု)၊ မြစည်းခုံဘုရားကျောက်စာ (၈၇၀-ပြည့်) တို့တွင် နံမျုန်ဟု ရေးထိုးထားသည်ကို တွေ့ရပေသည်။ တန်ခူးကဆုန်၊ လနမျုန်၊ ဖုန်ဖုန်လွင့်မြူလိမ်း (မှန်စီသတ်ပုံ)၊ ကဆုန်နမျုန်၊ ကြိုးသုန်သုန်၊ နယုန်န သတ်မြန်း (သီရိမင်္ဂလာသတ်ပုံ) ရေးသားကြသည်ကိုလည်း တွေ့ရလေသည်။ ထိုသတ်ပုံများအရ နမျုန် ဟု အရေးအသားတွင်ခဲ့သည်ကိုလည်း တွေ့ရပေသည်။

ဝေါဟာရလီနတ္ထဒီပနီကျမ်းပြု ဆရာလှေသင်းအတွင်းဝန် ဦးချိန်က နယုန်လအဖွင့်ကို -

“နယုန်၏ရင်းမြစ်မှာ “နရယုဂ” ဟူသော ပါဠိပုဒ်ဖြစ်သည်။ နရယုဂ သဒ္ဒါပျက်၍ နယုန်ဖြစ် လာသည်ဟု ယူရန်ရှိသည်။ မေထုန်ရာသီ၏အမည်များကို ရာဇမတ္တဏ်ကျမ်း ရာသီအဘိဓာန်အပိုင်း၌− “ဇိတုမ၊ မိထုန၊ နရယုဂ”ဟု သုံးမျိုးပြဆိုထားသည်။ ထိုသုံးမျိုးတွင် “နရယုဂ” ကား မေထုန်ရာသီ၏ နာမည်တစ်မျိုးဖြစ်၏။ အဓိပ္ပာယ်မှာ မိန်းမ ယောက်ျားအစုံ (နရ=လူ+ယုဂ=အစုံ) ဟု ဆိုလိုပေသည်။”

ဝန်မင်း၏ဆိုလိုချက်မှာ   မေထုန်ရာသီဟော နရယုဂသဒ္ဒါမှ ပါဠိပျက်အနေနဲ့ နရယုဂ် ဖြစ်လာ၍ နရယုဂ် မှ နယုန် ဖြစ်လာသည်ဟု ဆိုလိုပေသည်။ 

နံတွင် နိဂ္ဂဟိတ်ကို မသတ်ပြု၍ နမျုန်ဟု ယှဉ်ပူးပြောဆိုရေးသားကြသည်။ ရေးနည်း ခေါ်နည်း မူမမှန်၍ ဖောက်ပြန်သောကြောင့် လိုက်နာသူနည်းသဖြင့် နောင်ကွယ်ပျောက်သွားလေသည်။ သို့ဖြစ်၍ ရေရှည် တွင်မူ “နယုန်” ဟူသော အရေးသည်သာတည်တံ့ခဲ့ပေသည်။

ဤ၌ “နံယုန်” တွင် “နံ” ဝေါဟာရသည် အချိန်အခါဟောဖြစ်ပေသည်။ ဘယ်နံရောအခါ၊ ဘယ်နံသော အခါ၊ ဘယ်နံခါ ဟု ပြောဆိုရေးသားကြသည်။ ဤသို့သိနိုင်ကြောင်းကို-

“… သည်းအူဆွတ်ပျံ့၊ ရှိရစ်တံ့လည်း၊ ဘယ်နံ့မတွေ့၊ ဘယ်နေ့မမြင် (ရှင်အဂ္ဂသမာဓိ နေမိမဂ္ဃစိုးပျို့)”

“… ဤလူပေါင်း၏၊ အကြောင်းမှားကျင့်၊ ဆိုလှစ်ဖွင့်ပိတ်၊ ယခင်ရှေးလွန်၊ တမနွန်က၊ ဖြစ်ဟန်ခြင်းရာ၊ လူ၏ရွာတွင် (ရှင်အဂ္ဂသမာဓိ-နေမိငရဲခန်းပျို့)”

“… ဤလူတွင်သောချံသာ၊ တမုနွန်ချံသာကိုဝ်လိုဝ်သောသူကာ။”

“… အမုနွန် စကားကိုဝ် ဖတ်စိတ်၏။…”

“… ဤကား မင်တကာ အမုနွန်ဟုတ္တာ” (ပုဂံမြို့- သက္ကရာဇ် ၆၁၁ ထိုး ကျစွာမင်း အမိန့်တော်ပြန် တမ်းကျောက်စာ) ပါစာပေများအရ သိရပေသည်။

ထိုအချိန်အခါအဓိပ္ပာယ်ဆောင်သော နံ ဝေါဟာရကို တိဗက်၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို စသည့် တိုင်း နိုင်ငံဒေသရှိ လူမျိုးစုတို့၏ ဝေါဟာရဖြစ်သော… နာမ်(တိဗက်)၊ နင်-နိအေန်(တရုတ်)၊ နာမ်(ဂျိန်းဖော)၊ န-နန်-နိုင်(ကချင်)၊ နီ(ရှမ်း)၊ နီး(ကရင်)၊ ဆနမ်(ပလောင်)၊ နိ(လီဆူး) ဘာသာစကားများတွင်လည်း အချိန်အခါ ရာသီနှစ်ကာလများကို ဤနည်းနှင်နှင် နာမ်၊ နံ၊ န ဟု ပြောဆိုသည်ကိုတွေ့ရလေသည်။ နယုန်တွင် သုံးသော န ဖြစ်လေသည်။

ယုန် ဝေါဟာရသည်လည်း ယိုစီး၊ သက်၊ ဆင်း၊ ကျ၊ ကြွေ၊ ပြို၊ လဲ၊ ရွာ၊ သွန်း၊ လောင်း၊ ဖျန်း၊ ပက် ဆိုသည့် အနက်အဓိပ္ပာယ်ကိုဆောင်ကြောင်း- ရုဒ်(တိဗက်)၊ ယှက်-ယှာက်(ထိုင်း)၊ ယုန်-ယု(တရုတ်)၊ ဗော-ရုန်(မွန်ဂို)၊ ယုန် ယု ရု ရုန် ရုမ် ရင် ရော(ကချင်)၊ ရွာ-ရွှာ-ရုင်-(ပေါင်းရှေ့ချင်း)၊ ရို-ရူ(နာဂ)၊ ဟာဟိုစ်(ရှမ်း)၊ သရိုဟ်(မွန်)၊ ရူ-ရ (ကရင်) စသည့် တိုင်းပြည် နိုင်ငံလူမျိုးစုတို့၏ ဘာသာစကားဆင့်ပွားပြောင်းလဲမှုကို သုတေသနပြု၍ ဖော်ပြပါလူမျိုးစုတို့၏ ယု-ရု ဟူသော ဝေါဟာရများမှ ယိုစီးခြင်း၊ ရွာသွန်းခြင်း၊ ကြွေကျခြင်း အဓိပ္ပာယ်ဆောင်သော ယုန် ဖြစ်လာသည်ဟု ဆရာကြီး ဦးဖိုးလတ်က ဆိုမိန့်ထား လေသည်။ ထို့ကြောင့် နယုန်လကို မိုးရွာချိန်၊ မိုးကျချိန်၊ မိုးရွာသောလဟု အဓိပ္ပာယ်ဖွင့် ဆိုထားလေ သည်။

စာပြန်ပွဲ

“နွေအကုန် မိုးအကူး ဝသန်ကာလ မိုးသားကျူးစ အခါသမယတွင် “ရွှေစာတော် ပြန်မေးလို့ မြတ်လေး တဲ့ စံပယ်ငုံ၊ မေထုန်ဆိုရာသီကူး၊ ဖူးပွင့် ဝတ်မှုန်…” ဆိုသည့်အတိုင်း မေထုန်ရာသီတွင် ကျရောက်သော နယုန်လနှင့် စာတော်ပြန်ပွဲသည် တွဲလျက်ရှိပေသည်။

စာမေးသဘင်သည် မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာနှင့်အတူ ပုဂံခေတ်ကပင် ရှိခဲ့ရာ၏။ သို့သော် စာပေအထောက်အထားအရ စာပြန်ပွဲ စာမေးပွဲ ဟူသော ဝေါဟာရကို မတွေ့ရပေ။ ပုဂံခေတ်တွင် ထင်ရှားခဲ့သော ဦးကျည်ပွေ့ကို စာမေးသည့်ကန်ဟူသော ပြောစမှတ်ပြုခဲ့သည့်နေရာကား ယခုတိုင်တွေ့ နေရပါ၏။ သို့သော် ပုဂံသုတေသီများ၊ ရှေးဟောင်းသုတေသနပညာရှင်များ     အတည်မပြုသောနေရာ ဖြစ်ပေသည်။

ပုဂံခေတ်ထိုးကျောက်စာများတွင် ပိဋကသုံးပုံအလှူ၊ ကျောင်းအလှူ၊ မြေအလှူ၊ ကျွန်အလှူ စသည်များ ကို များစွာပင်တွေ့ရသော်လည်း စာမေးသဘင်ကိုမူ မတွေ့ရပေ။ စာသင်သည်ဆိုသည်နှင့် အမေးအဖြေ သည် ရှိမြဲပင်ဖြစ်၏။ ဤသည်ကို သုတေသီများက သမိုင်းမှတ်တမ်းအရရှာဖွေရာ  ပုဂံခေတ်  ပထမ အင်းဝခေတ်ထိ   အထောက်အထားမတွေ့ရပေ။ ဒုတိယအင်းဝခေတ် သာလွန်မင်းတရားလက်ထက်မှ သာ စတင်ခဲ့သည်ဟုဆိုလေသည်။ စနေမင်း၊ တနင်္ဂနွေမင်း၊ ဟံသာဝတီရောက်မင်း မင်းသုံးဆက် အမှုတော်ထမ်းခဲ့သော သီရိဥဇနာ ခေါ် အင်ရုံဝန်ကြီးရေးသားခဲ့သော လောကဗျူဟာကျမ်းတွင် (ကျော်အောင်စံနန်း) နန်းတော်ကိုသိမ်း၍ အင်းဝမြို့တော်မှာ ကျောင်းဆောက်ပြီးလျှင် ပခန်းကြီးမြို့ ကျေးပိုက်သင် (ပထမကျော်) ရှင်ညာဏဝရကို တင်လှူ၍ ကျော်အောင်စံထား ဟုတွင်၏။… ဟုလည်း ကောင်း။ ဘိုးတော်ဘုရားမေးသဖြင့် မောင်းထောင်သာသနာပိုင် ဆရာတော် ဖြေကြားတော်မူသော “အမေးတော် ဖြေကျမ်း” လာ ပထမရှင်လောင်း၊ ပဉ္စင်းလောင်းများကို ရှေးမင်းများလက်ထက် စာပြန်သည့် နည်းပြန်စေသော် သင်၊ မသင့် ဟု မေးလျှောက်ချက်သည်လည်းကောင်း၊ ရှေးယခင်မင်းစဉ် မင်းဆက် စာပြန်ပွဲဆိုင်ရာမှတ်တမ်းများ မရှိခဲ့သော်လည်း (မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းပါ ပထမပြန် စာပြန်ပွဲ ဥပဒေထုတ်ပြန်ချက်များကဲ့သို့…) စာတော်ပြန်ပွဲများ အစဉ်အဆက်ရှိခဲ့သည်ကို သိနိုင် ရာ၏။စာတော်ပြန်ပွဲကို ဘုရင့်သုဓမ္မာဇရပ်ကြီးများတွင် ကျင်းပကြောင်းကို “ရွှေသား ခြယ်လှယ်၊ ဆန်းကြယ်အရောင်၊ တောက်လောင် ဝင်းဝါ၊ သုဓမ္မာဝယ်…” ဟုစာဆိုဦးယာ ဖွဲ့ဆိုသော လူတားစာ အရသိရပေသည်။

ကုန်းဘောင်ခေတ်နောက်ပိုင်း ပဉ္စမသင်္ဂါယနာတင်မင်းတုန်းမင်းတရားကြီးလက်ထက်နှင့် သားတော် သီပေါမင်းလက်ထက် စာတော်ပြန်ပွဲများမှာမူ အလွန်စည်ကားသိုက်မြိုက်ပြီး မင်းခမ်းမင်းနားဝင် စ်လာသည်ကို မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းအရရော၊ ကုန်းဘောင်ဆက် ရာဇဝင်များ အရပါသိရ ပေသည်။

ရှေးယခင်က စာပြန်ပွဲအနေနဲ့သာရှိခဲ့ပြီး နောင်တွင် သဘောရေးဖြေပါ ပါဝင်လာပေသည်။ ပထမကျော် ဖြေဆိုရာ အမှတ်ပေးအရ အာဂုံပြန်လည်းတူ၊  အဖြေတွင်လည်းတူနေ၍ လက်ရေးလက်သားနှင့် မျဉ်းသားသည်ကို  အမှတ်ဖြတ်၍  ပထမကျော်ပေးခဲ့သည့် သာဓကမျိုးလည်း ရှိခဲ့ပေသည်။ဤ၌ စာပြန်ပွဲ၊  ပထမပြန်ပွဲ၊ ပါဠိပထမပြန်စာမေးပွဲဆိုသည်ကို ခွဲခြားသိဖို့ရာ လိုပေသည်။ ရှေးအစဉ်အလာအရ နယုန်လ စာပြန်ပွဲဆိုသည်ကို စာအလင်္ကာများအရ သိရပါ၏။

အင်ရုံစာတမ်းအရ  ပထမပဉ္စင်းလောင်း၊ ဒုတိယပဉ္စင်းလောင်း စသည်ဖြင့် အဆင့်လေးဆင့်၊ အတန်း လေးတန်းရှိလေသည်။ သမဏသာရုပ်ကျ (ဝိနည်းတော်နှင့်အညီ ပြောဆိုမှု)၍   စာပေအနေနှင့်လည်း မေးတိုင်းဖြေဆိုနိုင်သော သာမဏေကို ပထမပဉ္စင်းလောင်းတော်၊ ထို့နောက် ဉာဏ်ပညာအရည် အသွေးကို ထောက်လျက် ဒုတိယ၊ တတိယ၊ စတုတ္ထ လေးခုခွဲ၍ ရဟန်းဘောင်သို့ တက်ရောက်ကြရလေ သည်။ ထိုကိုအကြောင်းပြု၍ ပထမစာတော်ပြန်ဟု ခေါ်ကြောင်း မှတ်သားရပေသည်။

ဤသဘောမျိုးကိုပင် ပင်းယရွှေစည်းခုံဆရာတော် သဒ္ဓမ္မာလင်္ကာရ စီရင်တော်မူသော သက္ကဒါန် သိကြားစာတမ်း၊ နန္ဒယော်ဓာဝန်ကြီးခန့် ပြန်တမ်းတို့တွင်လည်း မှတ်တမ်းပြုထားပေသည်။ ဟံသာဝတီရောက် မင်းကြီးလက်ထက်(၁၀၈၆)ပထမကျော်ရတော်မူသော   ပထမကျော်အောင်စံထား ဆရာတော်ပြုစုတော်မူသည့်   အဋ္ဌသာလိနီ ဂဏီဌကျမ်း နိဂုံးပိုဒ်တွင်- “အညေသံ=တစ်ပါးသောသူတို့၏၊   ပထမတာဝ=ရှေးဦးစွာ၊  ဥပ္ပန္နဥပသမ္ပဒါ=ရအပ်သော ပဉ္စင်းအဖြစ် ရှိလေသတည်း။

ဣတိတသ္မာ=ထို့ကြောင့်၊ ပထမေ=ပထမမည်၏။”ဟု မိန့်ဆိုထားလေသည်။ သမိုင်းစဉ်အရမူ ဘိုးတော်ဘုရားလက်ထက်မှ ပုဂံမင်းလက်ထက်တိုင် ပြဋ္ဌာန်းကျမ်းများနှင့် ဖြေဆိုနည်းများသည် များစွာကွဲလွဲမှုမရှိဟု ဆိုရာ၏။

ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးလက်ထက် ၁၂၃၅ ခုနှစ် နောက်ပိုင်းတွင် ပထမ စာတော်ပြန်ဥပဒေသများကို ပြင်ဆင်ဖွဲ့စည်းပြီး ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများကို ဖွဲ့စည်းခဲ့လေသည်။

နောင်သော် ပထမကျော်ဘွဲ့ကိုမူ ပထမကြီးတန်းတွင် အမှတ်အများဆုံးဖြင့် အောင်မြင်တော်မူသော ပုဂ္ဂိုလ်ကို  ပေးအပ်လေသည်။ မဟာရာဇဝင်ကြီး တတိယတွဲတွင် ထိုအကြောင်းအရာများကို သိနိုင်ပါ၏။ ဖော်ပြပါအကြောင်းအရာသည် စာပြန်ပွဲမတိုင်မီ (တကယ့်ပွဲကြီးမတိုင်မီ) ပြဋ္ဌာန်းချက်ကျမ်းစာများကို ပထမပြန်ဆိုရပြီးနောက်ပိုင်း ပထမ၊ ဒုတိယခွဲခြားကာ ဝင်ရောက်ရ၍ ပထမပြန်ဟု ခေါ်ကြောင်းလည်း ယူဆကြ၏။ ဒုတိယပြန်ဟု ခေါ်ကြောင်းလည်း ယူဆကြ၏။

ဒုတိယအယူမှာမူ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး(တတွဲ)   မြန်မာ့မင်းအုပ်ချုပ်ပုံစာတမ်းများအရ စာပြန်ပွဲဝင်မည့် ရဟန်းလောင်း၊ ရှင်လောင်းများသည် သတ်မှတ်အရည်အချင်းပြည့်စုံပြီဆိုပါက ဘုရင့်ရှေ့တော်မှောက်သို့ မင်းညီမင်းသားဝတ်စုံများဖြင့် ဝင်ရောက်ခစားကြရ၏။ (အားလုံး ရှင်လိင်ပြန် ရသည်)ဘုရင့်ရှေ့တော်မှောက်ခစားရသောအခါ  တော်၊ ဒူး၊ စနည်း၊ ဘဝေါ၊ လင်္ကျာမင်းခန်းတော် လက်ဝဲမင်းခန်းတော် စသည့် (Protocol) ဖြင့်သာ ခစားကြရ၏။ “တော်” ဆိုသည်မှာ မြန်မာ့နန်း တွင်းရေး သမိုင်းရာဇဝင်တွင် ထင်ရှားခဲ့ကြသော တွင်သင်းမင်းကြီး ဦးထွန်းညို၊ ပခန်းမင်းကြီး ဦးရန်ဝေး၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ယောအတွင်းဝန်  ဦးဖိုးလှိုင် စသည့်ပုဂ္ဂိုလ်များကဲ့သို့ သင့်လျော်သည့် နေရာများတွင် အခြေအနေအရ နေထိုင်ခစားကြသည်မျိုးကိုဆိုပေသည်။

“ဒူး”ဆိုသည်မှာ သတ်မှတ်နေရာတွင် ဒူးတုတ် ခစားရကြောင်းကို ဆိုလိုပေသည်။ ထိုကဲ့သို့ပင် မင်းညီမင်းသားများ   ခစားကြရသော   ပထမနေရာတော် ဆိုသည်လည်း ရှိပေသည်။ ထိုနေရာတွင် ရှင်လိင်ပြန်ပြီး လူပုဂ္ဂိုလ်တို့သည် မင်းညီမင်းသားဝတ်စုံဖြင့်   ဘုရင်အားခစားကြရ၏။  ဘုရင်က အားပေးချီးမြှောက်၏။ ထိုကဲ့သို့ ခစားသောအခါ မင်းညီမင်းသားဝတ်ရုံ၊ ဗောင်း၊ နားတောင်း၊ ခေါင်းပေါင်းဖြူ ဖော့လုံး၊ မင်းခမ်းတော်ဆိုင်ရာ အသုံးအဆောင်များပါ   ပါဝင်ရ၏။   မှတ်တမ်းပြုထား ချက်များ ရှိပေသည်။

ထို့ကြောင့် ပထမနေရာတော်ကို အကြောင်းပြု၍ “ပထမ” ပြန်စာမေးပွဲဟု ခေါ်ကြောင်းလည်း ပြောစမှတ်ပြုကြပါ၏။ ထိုစာပြန်ပွဲတော်သည် သီပေါမင်းပါတော်မူပြီး (၂၉-၁၁-၁၈၈၅) ကိုးနှစ်ကျော် ၁၀ နှစ်မျှ စာမေးသဘင်မရှိဘဲ ဖြစ်နေလေတော့သည်။

ထိုအခါ အမျိုးသားရေးဦးဆောင်သူများက(Conservative)စာပြန်ပွဲ စာမေးပွဲသဘင်ကို တမ်းတလွမ်းမိ ကြောင်းကို ရေးဖွဲ့သီဆိုလာကြ၏။ ထိုအထဲတွင် ၁၂ လရာသီ စည်တော်သံ တွဲ၍ -လမေထုန်နယုန်ကျလို့၊ သာသနာ့ဒါယကာလွမ်းမိဖြာဖြာ၊ ခုနှယ်ခါသုဓမ္မာရွှေစာပွဲနှင့် လွဲပြီဗျလေး …ချိန်ရာသီကရကဋ်မို့   နှစ်ပါးနတ်တစ်ကျွန်းပါ လွမ်းမိခါခါ၊ ရိုက်ချုံးငယ်ညာ၊ ပဉ္စင်းတော် ချိန်ခါနှင့်၊ နန်းနှစ်ဖြာနယ်မြေဝေးလို့၊ လွဲရှာပေါ့လေး…စသဖြင့်နှိုးဆော်လာကြရာ ဗြိတိသျှအစိုးရက စာမေးပွဲကျင်းပရန် စိုင်းပြင်းလာရလေသည်။ ထိုစဉ်က မြန်မာနိုင်ငံပညာရေးကို ဗြိတိသျှအစိုးရမှ ဦးဆောင်သူမှာ လော့ဒ်မက်ကောလေးဆိုသူဖြစ်၏။     သူ၏မူဝါဒအရ အုပ်ချုပ်ရေးနှင့် ကြေးတိုင်နှင့်  မြေစာရင်းကို အထူးဦးစားပေးလေ၏။   ထို့နောက် ၁၈၈၉ ခုနှစ်နောက်ပိုင်းတွင် မစ္စတာ ဂျန်ဗင်ဆိုဖရန်ပုပ်(MA)က   ဦးဆောင်၏။   ထိုပုဂ္ဂိုလ်သည် တောင်ခွင်ရှင်သာသနာပိုင်၊ ပခန်းဆရာတော်၊ လှထွေးဆရာတော်၊ ကင်းဝန်မင်းကြီးစသည့် ဘုရင်ခေတ်မီလိုက်သော ပုဂ္ဂိုလ်များနှင့် တိုင်ပင်၍ စာပြန်ပွဲစနစ်ဟောင်းကို ပြုပြင်ပြောင်းလဲခဲ့လေသည်။ မစ္စတာပုပ်မှာ မြန်မာနိုင်ငံ ပညာရေးတာဝန်မယူမီ အိန္ဒိယပြည် ဘင်္ဂလားပြည်နယ်တွင် တိမ်ကောပပျောက်နေသော သက္ကတဘာသာကို ပြန်လည်ထွန်းကားအောင်မြင် အောင် နည်းစနစ်သစ်များဖြင့် ပြောင်းလဲတီထွင်ရာ၌ အောင်မြင်မှုရခဲ့သူ တစ်ဦးဖြစ်ခဲ့သည်။

သက္ကရာဇ် ၁၂၅၆ ခုနစ် (၁၈၉၃-ဒီဇင်ဘာလ)တွင် မြန်မာဘုရင်များလက်ထက်တော်ကကဲ့သို့ ပထမပြန်စာမေးပွဲများ ကျင်းပရန် အမိန့်ရလေသည်။ ထိုအမိန့်အရ ၁၂၅၇ နယုန်လဆန်း ၈ ရက် (၁-၆-၁၉၈၅) တွင် ပထမပြန်စာမေးပွဲကို ပထမဦးစွာ ကျင်းပပေးခဲ့လေသည်။ ရပ်တန့်နေသော စာမေးသဘင်ကို ပုံသဏ္ဌာန်သစ်ဖြင့် ရဟန်းသာမဏေများသာမက လူဝတ်ကြောင်များကိုပါ ဖြေဆိုခဲ့စေသည်။ အာဂုန်ပြန်မပါဘဲ  ပါဠိဘာသာထွန်းကားရေးကို ဦးတည်မှုကြောင့် “ပါဠိပထမပြန်”စာမေးပွဲဟု အမည်တွင်ခြင်းလည်း ရှိပေသည်။ ရှေးအစဉ်အလာအရ ရဟန်းသာမဏေများသာ ဖြေဆိုခဲ့ကြသော်လည်း မစ္စတာတော် စိန်ခို၏ အကြံပေးချက်အရ ၁၂၆၃ (၁၉၀၁) ခုနှစ်မှစ၍ သီလရှင်များကို ပါဝင်ခွင့်ပြုခဲ့လေသည်။

ထိုသို့    ကျင်းပသည့်အချိန်အခါတွင် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သူ လူပုဂ္ဂိုလ်နှင့် ရဟန်းတော် အချို့က ဗြိတိသျှအစိုးရက ပါဠိပထမပြန်စာမေးပွဲကို  နှစ်စဉ်ကျင်းပနေစဉ် ဤစာမေးပွဲကို မဖြေဆိုကြဘဲ အမျိုးသားစာမေးပွဲများကို စီစဉ်၍ မြန်မာပြည်အနှံ့ကျင်းပ ဖြေဆိုလာကြပေသည်။

ထိုစာမေးပွဲများအနက် နောင်သော် နှစ်ရာကျော်  ရာပြည့်တည်ရှိလာသော  စာမေးပွဲကြီးများ ဖြစ်ပေါ်လာ ပေသည်။ မန္တလေးပရိယတ္တိသာသနဟိတအသင်း (ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားတည်ရှိ)၊ ရန်ကုန်တွင် စေတီသင်္ဂဏအသင်း (ရွှေတိဂုံစေတီတော် အပေါ်တွင် တည်ရှိ) မန္တလေးစာမေးပွဲကို  ထိုစဉ်က သကျသီဟဘုရားကြီး ပရိဝုဏ်အတွင်းကျင်းပခဲ့၍ သကျသီဟစာမေးပွဲဟု ပရိယတ္တိစာပေလောကတွင် ထင်ရှားပေသည်။   ထိုစာမေးပွဲများ အောင်သောအခါအဘိဝံသဆိုသည့် ဘွဲ့ကိုရရှိပေသည်။ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီး၊ ဗန်းမော်ဆရာတော်ကြီး၊    ယောဆရာ တော်ကြီး၊ ပါချုပ်ဆရာတော်ကြီး၊    အင်းစိန်ရွာမဆရာတော်၊ လှရတနာဆရာတော်     ယခုနိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်       စသည့်ထေရ်ကြီးများမှာ ထိုအမျိုးသား စာမေးပွဲများကို အောင်မြင်တော်မူခဲ့ကြ၍ ဘိဝံသ… “သ.စ.အ” ဟု ချီးမြှင့်တပ်ခွင့် ရရှိကြလေသည်။ (သကျသီဟစာမေးပွဲအောင်လျှင် “သ”၊ စေတီသင်္ဂဏ စာမေးပွဲအောင်လျှင် “စ” အစိုးရ ဓမ္မာစရိယ အောင်လျှင် “ အ” ဟု အတိုကောက် သုံးပါကြောင်း)ဤသို့နှင့် နယုန်လတိုင်း ရှေးအစဉ် စာပြန်ပွဲ၊ စာမေးပွဲများကို ကျင်းပလာခဲ့ရာ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စာဖြေလကို ပြောင်းလဲခဲ့လေသည်။ တနွေစာဝါများလိုက်၊ စာသင်ပြီး နယုန်လစာပြန်ပွဲပြီးသည်နှင့် ဝါဆိုရောက်သွားသောအခါ နားချိန် မရှိခြင်း၊ နွေရာသီစာပေသင်ကြားရမှု ရာသီသဘောကို ငဲ့ခြင်း၊ နိုင်ငံတော် အစိုးရကျောင်းများ ပိတ်ထားချိန်ဖြစ်၍ စာဖြေဌာနလွယ်ကူခြင်း၊ တောင်သူလယ်သမားများ အလုပ်ခွင်နားချိန်ကာလ ဖြစ်ခြင်း၊ ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စ ဆောင်ရွက်ရေးကိုအဆင်ပြေခြင်း စသည် စသည် အကြောင်းကြောင်းတို့ကြောင့် တပေါင်းလတွင်   ပြောင်းလဲ၍ကျင်းပရန် ဆုံးဖြတ်ခဲ့ကြလေသည်။ ၁-၄-၁၉၅၄ ခုနှစ်တွင် ပါဠိပထမပြန် ဥပဒေပြဋ္ဌာန်းခဲ့လေသည်။

နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့ ငြိမ်းချမ်းရေးအခါတော်နေ့ဟုသတ်မှတ်ခဲ့ကြပေသည်။  ကပ္ပိလနှင့်  ကောလိယနှစ်ပြည်ထောင်တို့    ရောဟဏီမြစ်ခွဲဝေမှုကို အကြောင်းပြု၍    စစ်မက်ဖြစ်ပွား အံ့ဆဲဆဲတွင် ဗုဒ္ဓဘုရားရှင်  လာရောက်ဖြန်ဖြေ တရားဟောတော်မူရာ၌ ပြေငြိမ်းသွားပေသည်။

ထိုဟောကြားချက်တွင် ငြိမ်းချမ်းရေးမူ ၆ ချက်ကို ဇာတ်တော်များကို အခြေခံ၍ ဟောကြားတော်မူလေ သည်။

(၁) အရာရာမဟုတ်သည်၌ အငြင်းအခုံမပြုသင့်ကြောင်းကို ဖန္ဒနဇာတ်တော်ဖြင့် ဟောဖော် ရှင်းပြတော် မူပါသည်။

(၂) တစ်ဆင့်စကားဖြင့် အငြင်းအခုံမပြုသင့်ကြောင်းကို “ပထဝီဥန္ဒိယ” ဇာတ်လမ်းဖြင့် ခပ်ဆန်းဆန်း ရှင်းပြတော်မူသည်။

(၃) အားရှိသူတိုင်း အားနည်းသူအား အောင်နိုင်သည် မဟုတ်ကြောင်းကို “လဠုကိက” ဇာတ်ကွက်ဖြင့် မှတ်ချက်ပြတော်မူပါသည်။

(၄) စည်းလုံးမှုမရှိက ပျက်စီးတတ်ကြောင်းကို “ဝဋ္ဋက”ဇာတ်ကြောင်းဖြင့် ထပ်လောင်းရှင်းပြတော်မူပါ သည်။

(၅) စည်းလုံးမှုရှိမှသာ ကြီးပွားနိုင်ကြောင်းကို“ရုက္ခဓမ္မဇာတ်သဘောဖြင့် ထပ်ဟောတော်မူပြန်ပါသည်။

(၆) နောက်ဆုံးတွင် မိမိကိုယ်ကို မိမိက ဒုက္ခ

မပေးသင့်ကြောင်းကို”အတ္တဒဏ္ဍ”သုတ်ဖြင့် ဖုံးအုပ် ငြိမ်းအေးစေတော်မူပါသည်။

ထိုဇာတ်တော်ပါအကြောင်းအရာထဲမှ အချက်အလက်များကို လူသားများ လိုက်နာကျင့်သုံးကြပါက ယနေ့ခေတ် ကမ္ဘာကြီး ပြန်ပေးဆွဲခံထားရသလို အဖြစ်မျိုးမှ တစ်နည်းမဟုတ်တစ်နည်း လွတ်မြောက်ရာ၊ ငြိမ်းချမ်းရာ၏။ လူမှုအဖွဲ့အစည်း    သေးသေးလေးမှသည် အာဆီယံ၊ နေတိုး၊ ဆီတိုး၊ ကုလသမဂ္ဂအထိပင် ကျင့်သုံး၍ရ၏။မဟာသမယသုတ်ရွတ်လျှင် နတ်များချစ်ခင်၏ဟုဆို၏။ ထိုသည်ကို   တိပိဋကမင်းကွန်း ဆရာတော်ဘုရားကြီးက မဟာသမယသုတ်တွင်ပါသော နတ်ဒေဝတာများ၏ နာမတော်များ (နာမည်များ)ကို ရွတ်ဖတ်ရုံနှင့် ငြိမ်းချမ်းမှုကို မည်သို့မည်ပုံရနိုင်ကြောင်းကို ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဖြေကြားထားသော အမေးရှိပေသည်။ဗုဒ္ဓ၏သုတ္တန်ဒေသနာတော်သည် အသုံးချတတ်သူအတွက် ကောင်းခြင်းကို ပေးစွမ်းပါ၏။

ဆရာတော်ကြီးမိန့်ဆိုချက်မှာ နှစ်ဖက်သောလူများမှာ(နတ်များမှာ) အချို့ မျက်နှာငယ် မထင်မရှား သူများပါ၏။    ထိုသို့သောသူများကို ဘုရားရှင်က ဇာတိ၊ နာမ၊ ဂုဏ  စသည့်အမျိုးနာမနှင့်တကွ တရင်း တနှီး ခေါ်ဝေါ်ပြောဆိုဆက်ဆံသောအခါ ပီတိများဖြစ်၍ ဘုရားစကား (တရားတော်)အတိုင်း လိုက်နာ ကျင့်သုံး၍ ငြိမ်းချမ်းမှုရပုံကို ဟောထားသည့် တရားတော် ရှိပေသည်။

ကမ္ဘာကျော် လူမှုဆက်ဆံရေး မိတ္တဗလဋီကာဆိုင်ရာ ဟောပြောပို့ချသူ ဒေးကာနက်ဂျီနှင့် နပိုလျံဟီး ကဲ့သို့သော မိတ္တဗေဒ ပညာရှင်က ၂၀ ရာစုမှပေါ်ပေါက်လာခဲ့ခြင်းဖြစ်၏။ ဗုဒ္ဓ၏မိတ္တဗလ မဟာသမ ယသုတ္တန်ကား  B.C ၆ ရာစုကပင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုရပါမည်။   ။