ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ ဇွန် ၂၄ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးသည် လူသားတစ်ဦးချင်းစီနှင့် နိုင်ငံတစ်နိုင်ငံအတွက် အထူးပင်အရေးပါလှသည့် ကိစ္စရပ်ဖြစ်သည်။ စီးပွားရေး ကောင်းမွန်မှသာ လူမှုစီးပွားဘဝများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေး စနစ်ကိုကျင့်သုံးနေသည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကိုမြှင့်တင်ပေးလျက်ရှိသည်။ စီးပွားရေး ကောင်းမွန်လာမှသာ တိုင်းပြည်သာယာ ဝပြောလာမည်ဖြစ်သည်။ တိုးတက်ကောင်းမွန်သည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးလျက်ရှိသည်။ လုပ်ငန်းများအားလုံး တိုးတက်အောင်ဆောင်ရွက်နိုင်ပါက ပြည်ပပို့ကုန်ကဏ္ဍလည်း မြင့်မားလာမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်ပြည်ပမှ လောင်စာဆီများကို တင်သွင်းနေရသည်ဖြစ်၍ နိုင်ငံအတွင်းရှိ ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓာတ်အား ရရှိရေးကို ပိုမိုဆောင်ရွက်သွားနိုင်ရန် လိုအပ်သည်။ လျှပ်စစ်ဓာတ်အား ဖူလုံပေါများစွာရရှိခြင်းဖြင့် လူမှုစီးပွားဘဝ များသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မှ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများသည် အချိန်ရယူတည်ဆောက်ရပြီး ငွေကြေးများစွာ သုံးစွဲရသည်။ ထို့ကြောင့် တည်ဆောက်ချိန်တိုတောင်းသည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို ကိုယ်ပိုင်တစ်နိုင်တစ်ပိုင်သုံးစွဲသည်မှ လုပ်ငန်းများ၊ စက်ရုံများ လည်ပတ်နိုင်သည်အထိ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် ရက်ပေါင်း ၃၀၀ ကျော်ခန့်သည် အလင်းနှင့်နေရောင်ခြည်ကို ရရှိသည်။
စက်ရုံ၊ အလုပ်ရုံများ၌ ဆိုလာလျှပ်စစ်ဓာတ်အားများဖြင့် အသုံးပြု၍ ကုန်ထုတ်လုပ်ခြင်းများ ဆောင်ရွက် သွားမည်ဆိုပါက ကုန်ထုတ်လုပ်မှုစရိတ်ကို များစွာလျှော့ချနိုင်သည်။ အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်သည်။ ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရေး အားပေးဆောင်ရွက်ရန်ဖြစ်သည်။
ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိစေမည့် လုပ်ငန်းဖြစ်သည်။ ဆိုလာပြားများအား ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုပြီး ဆိုလာပြား ထုတ်လုပ်မှု တိုးတက်ရေးနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့က ပူးပေါင်း ဆောင်ရွက်၍ ပြည်တွင်း၌ Solar Panel များအား လုံလောက်စွာ ထုတ်လုပ်သွားကြရန်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ပြည်တွင်းမှ ထုတ်လုပ်ထားသည့် ဆိုလာပြားများအား ပြည်ပမှတင်သွင်းသည့်ဆိုလာပြားများနှင့် တန်းတူအရည်အသွေး ရရှိအောင် ဆောင်ရွက် ရန်လိုကြောင်း၊ ခေတ်နှင့်အညီပြောင်းလဲ တိုးတက်လာသည့် ဆိုလာထုတ်လုပ်ခြင်း နည်းပညာများကိုလည်း
မျက်ခြည်မပြတ်လေ့လာ၍ အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရာသီဥတု သာယာကောင်းမွန်ပြီး နေသာသည့်ရက် များပြားသည့်နိုင်ငံတစ်ခုဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ တိုးတက်စေရေး မိမိအနေဖြင့် ၂၀၂၂ ခုနှစ်တွင် စတင်ပြောကြား ခဲ့ကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများအား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများမှတစ်ဆင့် အမြန်ဆုံးရရှိနိုင်မည်ဖြစ်ကြောင်း” စသည်ဖြင့် ဇွန်လ၂၁ ရက်တွင် ဆိုလာပြားစက်ရုံ၌ တာဝန်ရှိသူတို့၏ ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ဆိုလာပြားထုတ်လုပ်ခြင်းအတွက် လိုအပ်သည့်ကုန်ကြမ်းများအား ပြည်တွင်း၌ ထုတ်လုပ်သွားနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်သည်။ ဆီလီကွန်ကဲ့သို့သော ကုန်ကြမ်းများ လိုအပ်သဖြင့် ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး နည်းလမ်းရှာဖွေ ဆောင်ရွက်သွားကြရမည်လည်း ဖြစ်သည်။ ပြည်တွင်း၌ ဆိုလာပြားများကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို များစွာဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည်။ ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်နိုင်မည် မဟုတ်သည့်အတွက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
လျှပ်စစ်နှင့်ပတ်သက်၍ ဝိုင်ယာကြိုးများကိုလည်း ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ကြရမည်
ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝိုင်ယာကြိုးပြုလုပ်ရန်အတွက် အခြေခံဖြစ်သည့် ကြေးနီများလုံလောက်စွာ ရှိပြီးဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း၌ ဝိုင်ယာကြိုး လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြ ရမည်ဖြစ်သည်။ နိုင်ငံ့စီးပွား တိုးတက်ရေးနှင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းများ ပိုမိုတိုးတက်ရေးကို အလေးထားသောအားဖြင့် ဆိုလာပြားထုတ်လုပ်ခြင်း၊ နေရောင်ခြည်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြခြင်းဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို များစွာဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။