နယုန်လစာအလင်္ကာများ
ဆောင်းပါးရှင် - မောင်လူမွှေး(မြန်မာမှု)
မြန်မာ့ ၁၂ လရာသီ စာအလင်္ကာများကို ရှေးစာဆိုကြီးများရေးဖွဲ့ခဲ့ကြရာ ဆီသည်ရွာစား ဦးအောင်ကြီး (လူးတား)၊ တိုင်းတားမြို့သူကြီးဦးဖက်၊ မယ်ခွေ(အဲချင်း)၊ မဟာအတုလမင်းကြီး (လွမ်းချင်း)၊ ဖိုးသူတော်ဦးမင်း(သဖြန်) စသည့်ပုဂ္ဂိုလ်တို့က ၁၂ လရာသီကို တစ်လချင်းရေးဖွဲ့ထားခဲ့ကြလေသည်။
နဝဒေး၊ နတ်သျှင်နောင်၊ မင်းကြီးကတော်ခင်ဆုံ၊ လူဦးမင်း၊ ဦးဉာဏ်ကျယ်၊ စလေဦးပုည၊ အချုပ်တန်း ဆရာဖေ၊ ဦးဘိုးအို စသည့်စာဆိုများမှာ နွေဘွဲ့၊ မိုးဘွဲ့၊ ဆောင်းဘွဲ့ စသည်ဖြင့်တွဲ၍လည်းကောင်း၊ လတစ်လကိုအထူးပြု၍လည်းကောင်း ရေးဖွဲ့ထားခဲ့သည်မျိုးရှိပေသည်။
၁၂ လရာသီ အစုံများရေးဖွဲ့မှုပါအကြောင်းအရာအလိုက် (လူးတား၊ အဲချင်း၊ သဖြန်၊ လွမ်းချင်း စသည်များ)ကောင်းသလို တစ်ခုချင်း တစ်လချင်းရေးသည့်ရာသီဘွဲ့များသည်လည်း ကောင်းလှ ပေသည်။ အောက်ပါနယုန်လဘွဲ့မှာ ထိုအမျိုးအစားထဲတွင်ပါဝင်ပေသည်။ စာဆိုမှာ စာအလင်္ကာ ကဝေမယ်လှိုင်ထိပ်ခေါင်တင်ဖြစ်ပေသည်။
စာဆိုလှိုင်ထိပ်ခေါင်တင်ဆိုသည်နှင့် စိန်ခြူးကြာညောင်ဘောလယ်ကို တစ်ဆက်တည်းသိကြ၏။ မယ်တော် မမြကလေးမှာလည်း စာပေကဗျာပါရမီရှင်ဖြစ်ပေသည်။ ချစ်သမျှကို၊ မြယဉ်ရေညို၊ ရှစ်စုံရွက် ကြာ၊ ညဉ့်သုံးယံခါ စသည့်ပတ်ပျိုးများ၊ လှေလှော်သံ၊ တေးဘွဲ့၊ ဒွေးချိုး၊ သဖြန်၊ တေးထပ်များကို ဖန်တီးခဲ့ သူဖြစ်ပေသည်။
သမီးဖြစ်သူ လှိုင်ထိပ်ခေါင်တင်အနေနှင့်လည်း ငှက်ပျောပင်စိုက် မိလိုက်ဖပါဆိုသလို ဂီတစာဆို ပါရမီရှင်ဖြစ်၏။ ဝိဇယကာရီဇာတ်၊ ဣန္ဒာဝံသဇာတ်(အီနောင်)ဘောလယ်၊ တေးထပ်၊ ဒွေးချိုး၊ လေးဆစ်၊ လွမ်းချင်း၊ လူးတား၊ ရတု၊ ကြိုးသီချင်း၊ ပတ်ပျိုးစသည့် ဂီတအနုသုခုမစာစုံကိုရေးဖွဲ့ခဲ့သူဖြစ်လေသည်။
ရေးလိုက်တိုင်းသည်လည်း စာကြီးပေကြီးဝင်ဂန္ထဝင်များအဖြစ်ဖြင့်သာ ကျန်ခဲ့ပါ၏။ စာဆိုလှိုင်ထိပ် ခေါင်တင်သည် အထက်ဖော်ပြပါ စာဆိုကြီးများကဲ့သို့ ၁၂ လရာသီကို တစ်လချင်းရေးမသွားသော်လည်း ပြဇာတ်များတွင် ရာသီကာလအလိုက် ဇာတ်ဝင်ခန်းဆိုက်လာသောအခါ လရာသီများကို ရေးခဲ့လေ သည်။
ဝိဇယကာရီဇာတ်၊ ဣန္ဒာဝံသဇာတ်ကြီးများတွင် ကာလဒေသပတ်ဝန်းကျင်ကိုပြရမည့် အခန်း ရောက်သောအခါ ဖော်မစုံဘွဲ့၊ ဖော်ကွာဝေးဘွဲ့၊ မိုးဘွဲ့၊ တောဘွဲ့၊ ယာတဲဘွဲ့၊ တောင်ယာမီးရှို့ဘွဲ့ စသည်ဖြင့်ရေးဖွဲ့သွားရာ ဇာတ်ဝင်ခန်းတစ်ခုတွင် နယုန်လဆိုင်ရာကို အောက်ပါအတိုင်းသရုပ်ဖော်ထား လေသည်။
ပင်ခံစပ်ကယ်နှင့် ဒဟတ်ကယ် ကွင်းမြောင်၊
ယုန်ပိုက်ကယ်ထောင်သည် ဖိုးတောင်သူ ပျော်ရာရပ်ပေထင့်၊
ပုတတ်ညို ကြင်ဖော်ရှာလို့ ကျစ်စာစားတဲ့ လ ပေလေး။
ဂျိုးဂျိမ်းသံငယ် မိုးသံတစ်လိုက် လေတစ်ပြိုက်ကယ်နှင့်၊
မှိုင်းဝိုက်ကယ် ရီမှုန် စည်မုရိုးငယ်နှင့် ငွေမိုးတွေ အုံတော့၊
နယုန်လ ချိန်နယ်မှာ လူသူငယ် ဝါးထောင်ချောက်ကယ်နှင့်၊
တောခြောက်တယ်လေး။ ။ ....... ဟုရေးဖွဲ့ထားလေသည်။
ဤနယုန်လဘွဲ့မှာ ဒဟတ်တောကွင်း ခံစပ်ပင်တောတန်းတွင် တောင်သူတို့ ယုန်ထောင်ကြပုံ၊ ပုတတ် ကောင်လေးများ မဖိုသဘာဝကြင်ဖော်ရှာကြပုံ၊ ကျစ်စာစားကြပုံ၊ မိုးတစ်လိုက် လေတစ်ပြိုက်နှင့် အုံ့မှိုင်းကာ မိုးရွာပုံ၊ လူငယ်လေးများတောခြောက်ပြီး ယုန်ထောင်ပုံတို့ကို ကွက်ကွက်ကွင်းကွင်း ရေးထားသောစာအလင်္ကာမိုးဘွဲ့ (နယုန်လ)ဖြစ်ပေသည်။ ဤမိုးဘွဲ့မှာ မည်သည့်စာကြီးပေကြီးမှ မပါဝင်ဘဲ အရပ်သိ ဇာတ်သိဝေါဟာရများသာဖြစ်ပေသည်။
ကဗျာကဝိတို့၏သီအိုရီအရ ဒေါသကင်းသော ဂုဏ်မြောက်သောအလင်္ကာအထိုက်အလျောက်ပါဝင်သော သဒ္ဒါနှင့်အနက်သည် ကဗျာမည်၏ဆိုသည့်အလိုက် ကဗျာပီသပါပေ၏။ ရိုးရှင်း၍ သဘာဝအလှ ပေါ်လွင် လှပါဘိ။ ကာရန်စည်းဝါးလည်းကိုက်လှပါ၏။
အောက်ပါနယုန်ဘွဲ့မှာ တိုင်းတားမြို့သူကြီး ဦးဖက်၏ တေးထပ်ဖြစ်သည်။
နန်းနယုန် နယ်လကို ကြယ်ဗြာဟ္မဏ တာရာ၊
ရွှေဇေဋ္ဌ ပုဏ္ဏာဝယ် ယုန်စန္ဒာ ပြိုင်မျှ၊
မုလေးပျံ့ သေးသွယ်ငယ် ရွှေစံပယ် သင်းတဲ့မာသ။
သုဓမ္မရိပ်သာမှာ သဘင်စာ သည်လ၊
မင်္ဂလာ ထွန်တော်ချလို့ သေနင်္ဂ လေးအင်၊
ထုံးစဉ်စံ သွေမခွတယ် ဘုန်းရာများထွတ်(ထိပ်ဘုရင်)။
ဉာဏ်တမွတ် ဆန်ဆင်တယ် မေထုန်ခွင် နွေစွန်လမှာမို့၊
မိုးမာန်က တအုံအုံ မည်းတည့်လို့ မှုန်၊
မြဖြန်ရဲ့တိမ်ဂဠုန်လို သိန်တဂုဏ် ကူဖြိုးလှလေး။
မစုံသူ့ ရွှေရင်မှာ ဖြေတင်နိုင် ပူညှိုးရလေး။ ။
ဤတေးတပ်တွင် လယ်ထွန်မင်္ဂလာအကြောင်းအရာပါ ပါဝင်၏။အောက်ပါနယုန်လဘွဲ့မှာ မဟာအတုလ မင်းကြီး၏ လွမ်းချင်းဘွဲ့ဖြစ်ပေသည်။
နတ်စဉ်ငယ် ရွမ်းပါလို့ ခြိမ့်မွှမ်းငယ်သံစုံ၊ကမြူးငယ် ခုန်သည် လနယုန်သည်ချိန်မို့၊မြူတိမ်လွှာဆိုင်းပြန် တော့တယ်လေး။
ရာသီငယ် မေထုန ဆယ့်နှစ်လမို့၊ဇေဋ္ဌပြောင်ရှိန် တောက်လောင်ငယ်ထိန်သည်၊ရာဇိန္ဒနတ် ပိဋကတ်မှာ မပြတ်ကယ်ထွက်စံစာညီလာခံသောခါ၊ဗိုလ်ခြံတဲ့ရွေလယ်မှာငွေစံပယ်ဖြူမုလေးကမွှေးလှတယ် လေး။ ။
ဖော်ပြပါစာအလင်္ကာများမှာ နယုန်လဘွဲ့ ပုံမှန်သဘောများကို သိသာပေပြီ။
ရှေးခေတ်မြန်မာ့ရိုးရာနတ်ချင်းနှင့်တေးကဗျာများသည် ပုဂံခေတ်မှသည် ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းခေတ်စဉ်များတစ်လျှောက် ကျေးလက်ဒေသ လယ်တောတစ်ခွင် ရိုးရာသဘောမှသည် အခြေ တည်ကာ မြို့ပြအခြေအနေ ထီးမူနန်းရာပိုင်းကိုပါ တဖြည်းဖြည်းချဉ်းကပ်ဝင်ရောက် လာလေသည်။ ညောင်ရမ်းခေတ်ကုန်လုနီးကာလတွင် ဝန်ကြီးပဒေသရာဇာကဲ့သို့သော စာဆိုများက အချင်းကဗျာ၊ အဲချင်းကဗျာများကို အခြေခံကာ သီချင်းခံတည်းဟူသော အဆင့်မြင့်တေးကဗျာများကို ပုံစံကျကျဖွဲ့နွဲ့ သီကုံးမှုပြုလာကြသည်။ ဤအစဉ်အလာကို ကုန်းဘောင် ခေတ်ဦးကာလတွင် ဆက်လက်သုံးစွဲ အကောင်အထည်ဖော်လာကြသည်။ ကုန်းဘောင်ခေတ်အလယ် သက္ကရာဇ် ၁၁၆ဝ ကျော် နှစ်ပိုင်းကာလ အတွင်းက မုံရွေးဆရာတော်သည် မြန်မာရှေးရိုးရေးကဗျာများကို စုစည်း၍ “အချင်းစုံ”ခေါ် “ဟာသ ဇဝနိက ဉာဏမဉ္ဇရီ”ကျမ်းကို ပြုစုခဲ့သည်။
လက်ဝဲနော်ရထာသည် ရှေးရိုးမြန်မာတေးချင်းများကို အသံအမှတ် အသားမှသည် သီချင်းစာသား များထည့်သွင်း၍ အလိုက်သီချင်းများ စပ်ဆိုခဲ့သည်။ ရှေးရိုးဂီတစာဆိုတစ်ဦးဖြစ်သည်။ ယခုခေတ် မဟာဂီတကျမ်းပါ “ကြိုး/ဘွဲ့/သီချင်းခံ/ပတ်ပျိုး/ယိုးဒယား”စသည့် ပုံစံတကျ မဟာဂီတသီချင်းဟူ၍ ပီပီပြင်ပြင် မပေါ်ပေါက်သေးသည့်ချိန်ခါဖြစ်သည်။ မြဝတီမင်းကြီးဦးစ၏ကိုယ်တိုင်ရေးဂီတမှတ်တမ်းကို လေ့လာကြည့်ရှုပါက ယခုခေတ်မဟာဂီတတွင် မိမိရရခွဲခြားပြသလက်ခံကျင့်သုံး နေသည့် သီချင်း အမည်များ မပေါ်ပေါက်သေးသည်ကို အထင်အရှားတွေ့ရမည်ဖြစ်သည်။
စာဆိုဝန်ကြီးပဒေသရာဇာသည်လည်း “ကြိုး/ဘွဲ့/သီချင်းခံ”ဟူသော မဟာဂီတသီချင်းကြီးများအတွက် မျိုးစေ့ချပေးခြင်းနှင့်အတူ မြန်မာရှေးရိုးမဟာဂီတလောကကို တစ်ဆင့်မြင့်အောင် ဆောင်ရွက်မှုများ ကိုပါဆောင်ရွက်ခဲ့သည်။ ထိုအထဲတွင် အဲချင်းသည်လည်း စာအလင်္ကာအမျိုးအစားတစ်ခုဖြစ်လေသည်။ နတ်ချင်းအဲ၊ မင်းမိဖုရားနှင့်စပ်သောအဲ၊ ဗုံအဲ၊ ကောက်စိုက်အဲ၊ မောင်းအဲ၊ လွန်တေး ခေါ် မိုးခေါ်အဲ၊ ကြိုးသံအဲ စသည်ဖြင့်အဲချင်းအမျိုးမျိုးရှိပေသည်။
ထိုအထဲတွင် စာဆိုမယ်ခွေ၏ (၁၁၅၀ ခန့်-၁၂၀၀ ခန့်) ၁၂ လရာသီအဲသည်လည်း ပါဝင်ပေသည်။ မောင်းအဲ၊ လယ်ထွန်ကောက်စိုက်အဲ စသည်တို့တွင် ပညာရပ်ဆိုင်ရာများလေးလေးနက်နက်မပါဘဲ အရပ်သုံးဇာတ်သုံးမျှသာပါဝင်ပေသည်။
အဲချင်းစာဆိုများမှာ ဦးယာ၊ မောင်ထွား၊ မောင်ရီ၊ မယ်ခွေ စသည်တို့ဖြစ်သည်။ အထူးသဖြင့် ဦးယာ နှင့်မယ်ခွေ၏အဲချင်းများမှာ ပို၍ထင်ရှား၏။ ပညာရပ်ဆန်၏။ လေးနက်မှုရှိ၏။ ထိုထဲတွင် မယ်ခွေ၏ အဲချင်းသည် ပို၍ပင်လေးနက်သည်ဟုဆိုရာ၏။
ရာသီဘွဲ့တစ်ခုရေးစပ်ရာတွင်
၁။ လရာသီ(မိဿ၊ ဗြိဿ၊ မေထုန်၊ ကရကဋ်...တန်ခူး၊ ကဆုန်၊ နယုန် စသည်...)
၂။ နက္ခတ်တာရာ(လပြည့်စန်းယှဉ် ... စသည်...)
၃။ လရာသီပန်း
၄။ တိတ်စွဲဒေသ (တိုင်းနိုင်ငံ...)
၅။ ပွဲတော် စသည့် အချက်အလက်...... များပါရပေသည်။
ဤမယ်ခွေ၏ နယုန်လဘွဲ့စာပေတွင် ရာသီပန်းဖွဲ့ စံပယ်မြတ်လေး၊ ရာသီစာမေးသဘင်၊ နယုန်လ စာပြန်ပွဲ၊ မေထုန်ရာသီ အဒြနက္ခတ်နှင့် နေသွားလသွား အကြောင်းခြင်းရာများ၊ နေ့နာရီ ညနာရီ၊ စန်းယှဉ်နက္ခတ်၊ ကလိင်္ဂရာဇ်တိုင်းနိုင်ငံ တိတ်စွဲ စသည်တို့ပါရှိလေသည်။
ကလိင်္ဂတိုင်း တံငါတာရာ ကြယ်မှိန်ပါက တိုင်းနိုင်ငံဒေသများ ကံကြမ္မာညှိုးနွမ်းတတ်ကြသည် ဟုဆိုလို သည့်သဘောပါလေသည်။ (ဗြိစ္ဆာရာသီ ဇေဋ္ဌနက္ခတ် တံငါတာရာ)ယနေ့ခေတ်အနေနှင့် ကမ္ဘာနိုင်ငံများ အရ ပြောရလျှင် ဆွီဒင်၊ ဘရာဇီး၊ မော်ရိုကို၊ နော်ဝေး၊ ဆီးရီးယား၊ အယ်ဂျီးရီးယား၊ ဝါရှင်တန်၊ နယူးကာဆယ်၊ မက်ဆီနာဒို၊ အော်ရီတွန်၊ ပို့တလင်း စသည်တို့ဖြစ်၏။
ဗြိစ္ဆာရာသီ တံငါတာရာထဲရှိ ကြယ်မှိန်ပါက တိုင်းနိုင်ငံဒေသတို့ ကံကြမ္မာညှိုးတတ် သည်ဟုလည်း ဆိုလိုပေသည်။ ထိုအကြောင်းခြင်းရာများသည် ငိုတတ်သည့်ကလေးကို ကျီစားသလိုမလုပ်ပါနှင့်၊ အားကိုးပါတယ်။ တိုင်းပြည်သာယာဝပြောပါစေ။ ထိုအကြောင်းခြင်းရာများ မဖြစ်ပါစေနဲ့ဟုဆိုလိုသည့် သဘောဖြစ်သည်။ ဤထက်နက်နဲကျယ်ဝန်းသောအကြောင်းခြင်းရာများလည်းပါပေသေး၏။ စာရှုသူ များ မယ်ခွေ၏ နယုန်လဘွဲ့ကိုဖတ်ရှုခံစား၍ စာပေရသအနက်အဓိပ္ပာယ်ကို ကြံဆနိုင်ကြပါစေကုန် သတည်း။
ရွှေသားမှသိင်္ဂီလေ.... အဒြကြယ်၊ ပါဒ်သုံးသွယ်နှင့်၊ နေဆွယ်ရထား၊ ယှဉ်ပြိုင်သွားလို့၊ စက်နားမေထုန်၊ လွမ်းဖို့ဆုံလှတယ်၊ နယုန်ဆီကိုတဲ့လေး။
သီတာငယ်မှစိမ်းလှည့်၊ ရေမှာကြည့်လည်း၊ ရေ၏ထုံးတမ်း၊ တောင်မှာစမ်းလည်း၊ တောင်ကမ်းဖွယ်ရာ၊ မြေမျက်နှာလည်း၊ မသာစတောင်း၊ ရှုမညောင်းသည်၊ နွေနှောင်းလမို့၊ ကမ္ဘာ့ကျက်သရေ၊ ရဂုံနက်ကျယ်၊ တောမြိုင်လယ်မှာ၊ စမ္ပယ်မြတ်လေး၊ ပျံ့မွှေးမွှေးနှင့်၊ စာမေးသဘင်၊ ငှက်ပေါင်းရွှင်လို့၊ မင်းလင် ငယ်ဝေသည်၊ တောင်လေပြေမှိုင်းပုံနှင့်၊ ကြုံပြန်လေခြင်း။
မလင်းမှ ကောင်းကင်၊ တိမ်ခိုနန်းမြှောင့်၊ ရာဟုထောင့်က၊ မြတောင့်ပမာ၊ လက္ခဏာလည်း၊ လာ၍ဆင်သို့၊ သဘင်မှမွေ့သိမ်၊ တစ်ဆယ့်ခုနစ်၊ ပြင်နာရီနစ်တုန်းမို့၊ ဇေဋ္ဌစန္ဒာ၊ ရွှေလညိုသာဘဲနှင့်၊ တံငါငယ် ကြယ်မှိန်သည်၊ ပြည်ကလိင်္ဂရာဇ်နေတို့၊ ကံရွှေတိုင်ညှိုး။
လရာသီစု(စိတ်ကယ်မှရှုပါဘူး၊ ရွှေဥနှင့်မင်းမိ၊ ဝေးခိုက်မှ ဖိတယ်လို့၊ ကလိ မျက်ညိုး၊ ဘယ်ငြိုးတော်သိုရ တယ်၊) ငိုတတ်သည့် သူငယ်လို၊ အသွယ်သွယ် မကျီစားပါနှင့်၊ တအားကိုး။ ။