(၂၆)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ကျင်းပ

 

(၂၆)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ကျင်းပ

 

တောင်ကြီး    ဇူလိုင်    ၃

     (၂၆) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ယနေ့ နံနက် ၈နာရီတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တောင်ကြီးမြို့  တောင်ကြီးဟိုတယ်၌ ကျင်းပရာ အစည်းအဝေးဖွင့်ပွဲ အခမ်းအနား၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး နှင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် Pol. Lt. Gen. Phanurat Lukboon တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်  ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းရာတွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုးကာ အဆိုပါ ကွန်ဗင်းရှင်းများနှင့်အညီ လိုက်နာဆောင်ရွက်လျက် ရှိကြောင်း။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်များနှင့်  သယ်ဆောင်ရာလမ်းကြောင်းပြောင်းလဲမှုများကို သုံးသပ်ပြီး အထူးစစ်ဆင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ လျှော့ချနိုင်ရေး၊ နှစ်နိုင်ငံ ပရီကာဆာဓာတုပစ္စည်း ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါး ချက်လုပ်ရာ၌ အသုံးပြုသည့်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မူးယစ်ဆေးဝါးချက်လုပ်ရာဒေသများသို့  မရောက်ရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ထိုင်းနိုင်ငံနှင့် လည်း အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ထိုင်းနိုင်ငံ  မယ့်ဖားလုံဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်နေသည့်    ရှမ်းပြည်နယ်(တောင်ပိုင်း) နောင်တရားမြို့နယ်ရှိ အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းသည် ထိရောက်မှုရှိပြီး    အောင်မြင်မှုများစွာ ရရှိနေသည့် အတွက် အဆိုပါစီမံကိန်းများကို ဆက်လက်ကူညီ ပံ့ပိုးစေလိုကြောင်း။

မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးစုတစ်စုတည်းကိုသာ ထိခိုက်စေခြင်းမဟုတ်ဘဲ ဒေသတစ်ခုလုံးမှ တစ်ကမ္ဘာလုံးအထိ ဆက်စပ်ထိခိုက်စေသောကြောင့် နှစ်နိုင်ငံမူးယစ်ဆေးဝါးတားဆီးရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အတူလက်တွဲဖြေရှင်းသွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ကြာမြင့်စွာ တည်ရှိခဲ့သည့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ခိုင်မာစွာ တည်ရှိနေရန်အတွက် မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံနှစ်ခု အမြင် တစ်ခုဖြင့် ပိုမိုတောက်ပသော မနက်ဖြန်များစွာအတွက် မူးယစ်ဆေးဝါး ကင်းစင်သော ဒေသဖြစ်စေရေး ပူးပေါင်းဆောင်ရွက်သွားကြပါစို့ "Two Nations, One Vision - Collaborating   for  Brighter Tomorrows" ဆောင်ပုဒ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။

အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော အန္တရာယ်  တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အတွင်းရေးမှူး  မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်  ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး ဦးဆောင်သောကိုယ်စားလှယ် ၁၄ ဦးနှင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် Pol. Lt. Gen. Phanurat Lukboon  ဦးဆောင်သော ကိုယ်စားလှယ် ၁၁ ဦးတို့ တက်ရောက်ခဲ့ကြပြီး နှစ်ဖက်ကိုယ်စားလှယ်များက နှစ်နိုင်ငံအကြား လတ်တလောဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါး အခြေအနေနှင့် တားဆီးနှိမ်နင်းရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အနာဂတ်ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးဖမ်းဆီး ရမိမှု ဖြစ်စဉ်များ၊ ပရီကာဆာဓာတုပစ္စည်းများ ထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါးစိစစ် လေ့လာရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး ကိစ္စရပ်များနှင့် (၂၇)ကြိမ်မြောက်   အစည်းအဝေးကို  ထိုင်းနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။