အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် သာစည်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိ

အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် သာစည်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိ

နေပြည်တော် ဇူလိုင် ၄

ဇူလိုင်လ ၂ ရက်နေ့ ၁၆၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံ ရပ်ကွက်၊  ၁၂ လမ်းအတိုင်း   အရှေ့မှအနောက်သို့ ကိုကိုဝင်း(ခ)သူရဝင်း မောင်းနှင် လာသည့် ဆိုင်ကယ် အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား   ၁၀၀၀ ပြား (တစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၂၀) ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၇၀၀ အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်၊ ၄၀ လမ်းနှင့် ၈၂ လမ်းထောင့်တွင် ဆေးပြား များရောင်းချပေးသူ မျိုးမင်းအား ဆိုင်ကယ်(၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက် ဆက်လက် ဖော်ထုတ်ချက်အရ ၁၈၃၀ အချိန်တွင် ဆေးပြားများရောင်းချပေးသူ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံး ဥသျှောင်ရပ်ကွက်နေ   ဖြိုးကျော်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွ ရူးသွပ် ဆေးပြား  ၉၂၀၀၀ ပြား (တစ်ပြားလျှင်   ၂၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁၈၄၀)နှင့် ဘိန်းဆီခဲ ၂၇ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၆၇၅ သိန်း) တို့အား ဖမ်းဆီးရမိသဖြင့် ကိုကိုဝင်း(ခ)သူရဝင်း(၄၁)နှစ်၊ မျိုးမင်း(၅၀)နှစ်နှင့် ဖြိုးကျော် (၃၁)နှစ်တို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း  သိရှိရသည်။

အလားတူ ဇူလိုင်လ ၂ ရက်နေ့ ၁၀၁၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် အေးသာယာ ဘက်မှ ကျောက်ပန်းတောင်းသို့ အောင်ဇော်ဦး(ခ)ဖိုးခက် မောင်းနှင်လာသော ဆိုင်ကယ် အား စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသည့် ကြက်စာမှုန့်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀ ပြား (တစ်ပြားလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၃၀၀) ဖမ်းဆီးရမိသဖြင့် အောင်ဇော်ဦး(ခ)ဖိုးခက်(၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။