တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေ နှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်တို့တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၃၄၄၀၀၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ(၇)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၅)မျိုး၊ လူသုံးကုန် ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၆၀၀၁၁၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၉၄၄၁၁၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင်လ ၃ ရက်တွင် မန္တလေး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ်၊ နတ် ရေကန်ရွာ၊ တပ်မတော်လုံခြုံရေးဂိတ်၌ မော်တော်ယာဉ် (၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၁၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၇၇၁၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck (၂)စီး၊ စက်မှုဇုန်ထုတ် Ngwe Kyairsin Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၉၇၇၁၅၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် လ ၃ ရက်တွင် ဘုရားကြီးမြို့၊ ရွှေသံလွင် တိုးဂိတ်အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၄၆၄၀၀၀)၊ အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Mitsubishi Fuso Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)နှင့် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း(၂၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၈၇၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux Adventure (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀၀)တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ ဇူလိုင်လ ၄ ရက် တွင် တောင်ငူခရိုင်အတွင်း ၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၅၀၅)တန်၊ သစ်မာ (၁ ဒသမ ၀၁၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၆၂၁၆)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၁၆၈၇၂၁၆)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇူလိုင်လ ၃ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့ မော်တော်ယာဉ် (၇)စီးနှင့် လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် (၃၆)စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၀၈၉၉၈၁၆)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်တင်သွင်းမှုများကြောင့် သွင်း ကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ် မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက် နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေး ဦးတည်ချက်များကိုပါ ထိခိုက်စေနိုင် သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

