သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍ လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်း စစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက် ရရှိမှုသည် အလွန်အရေးပါလျက်ရှိသည်။
တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ်၊ဇွန်လအတွင်း သတင်းရရှိမှု (၆၇)ကြိမ်ရရှိခဲ့ပြီး သတင်းမှား (၄)ကြိမ်၊ နောက်ကျသတင်း (၂)ကြိမ်နှင့်ဖမ်းဆီးရမိမှု သတင်းမှန်(၆၁)ကြိမ်ဖြစ်သည်။ သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ အမှုတွဲ(၁၀၀)မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့်စားသောက်ကုန် ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း(၅၇)မျိုးအပါအဝင် ဖမ်းဆီးရမိမှုခန့်မှန်းတန်ဖိုးကျပ် (၄၆၉၆ ဒသမ ၉၂၈)သန်းနှင့် တရားမဝင် ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း သတင်းပေး တိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးကျပ် (၄၆၉၆ ဒသမ ၉၂၈) သန်း၏ ၂၀ ရာခိုင်နှုန်း ဖြစ်သော ကျပ် (၉၃၉ ဒသမ ၃၈၅ )သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန်ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှု သတင်းများနှင့်ပတ်သက်၍ လက်ကိုင်ဖုန်း - ၀၉၄၀၄၃၃၉၉၆၉၊ အော်တို တယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။


