တောင်ကြီးမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၇
ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀မိနစ်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ခြင်္သေ့လမ်းရှိ ဦးဒေါန၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသော Happy Water သုည ဒသမ ၄၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၁၀၀ နှုန်းဖြင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၅ သိန်း)နှင့် ကက်တမင်း ၁ ဒသမ ၁၇ ကီလို (တစ်ကီလိုလျှင်ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇ သိန်း)တို့အား ဖမ်းဆီးရမိသဖြင့်ဒေါန(၇၄)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီချိန်ခန့်တွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြရပ်ကွက်၊ ဂျိုးဖြူလမ်းပေါ်တွင် ကျော်သက်ထံမှစိတ်ပြောင်းဆေးဝါးများရောစပ်ထားသော Happy Water သုည ဒသမ ၄၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၃၅၀ နှုန်းဖြင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇ ဒသမ ၅ သိန်း)နှင့် ကက်တမင်း ၁ ကီလို (တစ်ကီလိုလျှင်ငွေကျပ်သိန်း ၅၀၀ နှုန်းဖြင့် ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅၀၀) တို့အား ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရညနေ ၆ နာရီခန့်တွင် တောင်ဥက္ကလာပ မြို့နယ်၊ (၅)ရပ်ကွက်၊ ပင်းယ(၁၃)လမ်းနေရန်နိုင်အောင်၏နေအိမ်အား ဆက်လက်သွားရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသော Happy Water သုည ဒသမ ၅၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၃၅၀ နှုန်းဖြင့်ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၆ ဒသမ ၅ သိန်း)၊ကက်တမင်း သုည ဒသမ ၀၁၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၅၀၀ နှုန်းဖြင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၇ ဒသမ ၅ သိန်း)နှင့် အက်တက်စီဆေးပြား ၁၀ ပြား (တစ်ပြားလျှင် ၄၀၀၀၀ ကျပ်နှုန်းဖြင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၄ သိန်း) တို့အား ထပ်မံဖမ်းဆီးရမိသဖြင့် ကျော်သက်(၃၄)နှစ်နှင့် ရန်နိုင်အောင်(၃၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
