တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၇
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဇူလိုင်လ ၄ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာနိုင်ငံသားခရီးသည် (၉)ဦးနှင့် တရုတ် နိုင်ငံသားခရီးသည်(၁)ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း(၂၈)မျိုး၊ လုပ်ငန်းသုံးပစ္စည်း(၄)မျိုး၊ စားသောက်ကုန်ပစ္စည်း(၂)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၉၆၉၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဇူလိုင်လ ၅ ရက်တွင် ရှမ်းပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Honda CRV (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇူလိုင်လ ၆ ရက်တွင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျိုက်မရောပူးပေါင်း စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၄၈၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Suzuki Carry Pickup (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၄၈၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၆ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၃၃၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၇၄၄၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဇူလိုင်လ ၇ ရက်တွင် ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးနှင့် ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော် ယာဉ် (၁)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၂၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး၊ Dong Feng Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀၃၇၇၄၄၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဇူလိုင်လ ၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့၊ အမှတ်(၆)ရပ်ကွက်၊ အာရှလမ်းမကြီး၊ လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၄၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဇူလိုင်လ ၆ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှု စာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် (၁၅)စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၄၁)စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇူလိုင်လ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၃၉၄၉၄၀)ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေး ကဏ္ဍအပေါ် များစွာဆိုးကျိုး သက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက် ပိုမို၍တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

