ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၄၈ ကီလိုကျော် ဖမ်းဆီးရမိ

 

ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၄၈ ကီလိုကျော် ဖမ်းဆီးရမိ

နေပြည်တော်  ဇူလိုင်   ၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇွန်လ ၂၂ ရက်နေ့ ညနေ ၃ နာရီတွင်  ကျောက်ဆည်နှင့် မိတ္ထီလာခရိုင်ချင်းဆက်လမ်း၊ တောင်တော်ကျေးရွာအနီး၌   သတင်းအရစောင့်ဆိုင်းနေစဉ် ရှမ်းပြည်နယ်(မြောက်ပိုင်း)  မိုင်းရယ်မှ မန္တလေးသို့ သန်းအောင်စိုး(ခ)မျောက်ကြီး မောင်းနှင်ပြီး  ပိုင်ခန့်လိုက်ပါလာသည့် NISSAN DIESEL ၆ ဘီးမော်တော်ယာဉ်အား   စစ်ဆေးရှာဖွေရာ  ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၄၈ ဒသမ ၇၉၇ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများအားမိုင်းရယ်မြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခိုင်းသူ နန်းသီရိအောင်၊ ဟန်ထွန်းနိုင်(ခ)စိုင်းကျော်မိန်းနှင့်စောရန်နိုင်တို့အား ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားသွားကားလမ်း၌ FORD RANGER မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ၃ ဦးအနက် ဟန်ထွန်းနိုင်(ခ) စိုင်းကျော်မိန်းသည် မူးယစ်အမှုများဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက် အရ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဘုန်းမြင့်ကျော်(ခ)ဦးတီပွားနှင့်ဇော်ဇော်နောင်(ခ)ကိုနောင်တို့အား အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်ရှိနေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဘုန်းမြင့်ကျော်(ခ)ဦးတီပွားမှာလည်း မူးယစ်အမှုဖြင့် အလိုရှိ တရားခံပြေးတစ်ဦးဖြစ်ကြောင်း၊ ဖော်ထုတ်ချက်အရ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာနေ   အောင်ဖြိုးသူနှင့်မိုင်းရယ်မြို့နေ စိုင်းစောတို့က   မူးယစ်ဆေးဝါးများကိုလွှဲပြောင်းပေးခဲ့သူများဖြစ်ကြောင်း သိရှိရသဖြင့်  ၎င်းတို့အားဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား  ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းရရှိသည်။