တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၉
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဇူလိုင်လ ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၁၃၂၁၂၈၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ(၃၇) လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃၂)မျိုး၊ စားသောက် ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၆၄၅၉၅၂၇) ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ CHINA Southern Airlines လေယာဉ် ခရီးစဉ်အမှတ် CZ - 3055/ SF - 6342 ဖြင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လိုက်ပါလာသည့် တရုတ်နိုင်ငံသား ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၃၈၀၀၀၀) ကိုလည်းကောင်း၊ လေဆိပ် (ကုန်လှောင်ရုံ)၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်၃၁၀၆၃၈၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၁၂၆၇၁၈၇)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဦးအောင်ဇေယျ(၅) လမ်းရှိ ကမ်းနားဂိုဒေါင် (၁)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၂)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၃၇၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့ကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေး စခန်း၌ ပြင်ဦးလွင်မြို့ မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးနှင့် လားရှိုးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၅)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း(၂၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၆၁၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan AD Station Wagon (၄)စီး၊ Nissan Wingroad Station Wagon(၁)စီး၊ Mazda Familia Station Wagon(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၁၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၆၆၁၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဇူလိုင်လ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ်၊ ဖလုံ ကျေးရွာအနီး၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၃၂၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၅၉၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ဇူလိုင်လ ၈ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် (၁၆)စီးနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၃၅)စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၆)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈၇၇၇၆၇၇၇)ကို ဖမ်းဆီးရမိခဲ့ပြီး ထိုကဲ့သို့တရားမဝင် တင်သွင်း လာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက် ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံး နစ်နာခြင်းများ ဖြစ်ပေါ်စေနိုင် သည်။ သို့ဖြစ်ပါ၍ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ မှ သတင်းရရှိသည်။

