တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၁၄
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အမရပူမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၌ တရားမဝင် အခြားသစ် (၃ ဒသမ ၉၈၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၂၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့၊ ရဲသာယာယီ ယာဉ်စစ်ကွင်း၌ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၁၁)မျိုး၊ လုပ်ငန်းသုံးပစ္စည်း(၁၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၇၆၁၁၆၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck (၁)စီး၊ Nissan Diesel Truck (၁)စီး၊ Nissan Diesel Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၇၆၁၁၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင်လ ၁၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ တကောင်း ရပ်ကွက်ရှိ ဇက်ဆိပ်၌ တရားဝင် သယ်ဆောင်ခွင့် အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၁)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀၀၀၀၀)ကို လည်းကောင်း၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်သယ်ဆောင်ခွင့် အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ယစ်မျိုးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇူလိုင်လ ၁၃ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှု စာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် (၇)စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ( ၄၃)စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၉၄၉၃၆၀၀)ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုများသည် အဓိကအဟန့်အတား ဖြစ်ပေါ်စေပြီး လူမှုစီးပွားရေး ကဏ္ဍအပေါ် များစွာ ဆိုးကျိုး သက်ရောက်ခြင်းများကြောင့် ၎င်းတရား မဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက် ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။


