မြင်းကောင်ရေ ၃၀၀၀ ကျော်အားနဲ့ အားလုံးကိုကျော်တက်မယ့် BYD ရဲ့ U9 အသစ်
မြင်းကောင်ရေဆိုတာ အင်ဂျင်တစ်လုံးက စွမ်းအင်ပမာဏ ဘယ်လောက်ထုတ် ပေးတယ်ဆိုတာကို တိုင်းတာတဲ့စံနှုန်း တစ်မျိုးဖြစ်ပါတယ်။ မြင်းကောင်ရေအားများလေ အင်ဂျင်ရဲ့စွမ်းဆောင်မှုအားများလေဆိုတဲ့ သဘောမျိုးပေါ့။ လူငယ်ပိုင်းတွေနဲ့လူလတ်ပိုင်းအမျိုးသား တွေမှာ ထုတ်ဖော်ပြလေ့မရှိပေမယ့်လည်း တူညီတဲ့ နှစ်ခြိုက်မှုတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ ပြိုင် ကားပါပဲ။ ပြိုင်ကားကောင်းကောင်းလေးတစ်စီး တွေ့ရင် ငေးကြည့်မိတတ်ကြတာ အမျိုးသားတိုင်း လိုလိုပါ။ အဲဒီပြိုင်ကားတွေမှာ အဓိကအားဖြင့်မြင်း ကောင်ရေက အင်မတန်စကားပြောပါတယ်။ မြင်း ကောင်ရေပမာဏနဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး ပြိုင်ကားတွေပြိုင်တဲ့အခါ အနိုင်ရကြတာမျိုးမဟုတ် လား။
လက်ရှိမှာ ကမ္ဘာ့စွမ်းဆောင်ရည်အမြင့်ဆုံးပြိုင်ကားဖြစ်တဲ့ Devel Sixteen Engine Dyno ကမြင်း ကောင်ရေအား ၄၅၁၅ ကောင်နှုန်းနဲ့ရပ်တည်နေ တာဖြစ်ပါတယ်။ သူ့ရဲ့နောက်မှာတော့ Dagger GT က မြင်းကောင်ရေအား ၂၀၂၈ ကောင်အားနဲ့ပါ။ အဲဒီကားတွေအားလုံးက ရုပ်ကြွင်းလောင်စာသုံး အင်ဂျင်တွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အခုဆို ရင် ကမ္ဘာ့အဆင့် ၁ ကိုမမီပေမယ့် လက်ရှိထုတ်လုပ် ပြီးသား လျှပ်စစ်စွမ်းအင်သုံးပြိုင်ကားတွေကို ကျော်တက်မယ့် ကားတစ်စီးက ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ အဲဒီကားကို ထုတ်လုပ်မယ့်သူက တရုတ်နိုင်ငံရဲ့ အကြီးဆုံးဖြစ်ရုံသာမက ကမ္ဘာပေါ်မှာပါ လျှပ်စစ်ကားအစီးရေ အများဆုံးရောင်းချထားရတဲ့ BYD ကုမ္ပဏီပါပဲ။
BYD ကုမ္ပဏီက Yangwang U9 ဆိုတဲ့အမျိုး အစားကားကို ထုတ်လုပ်ထားပြီးပါပြီ။ အဲဒီကားက လျှပ်စစ်စွမ်းအင်သုံး ပြိုင်ကားဖြစ်ပြီး တကယ့်ကို နာမည်ကြီးတဲ့ပြိုင်ကား အမျိုးအစားအဖြစ်ရပ်တည်နေတာပါ။ အခု အဲဒီကားကို အဆင့်မြှင့်တင်ကာ တခြားအမျိုးအစားခွဲ တစ်ခုအနေနဲ့ ပြောင်းလဲထုတ် လုပ်တော့မှာဖြစ်ပါတယ်။ ပြောင်းလဲထုတ်လုပ်သွား မယ့်အမျိုးအစားက Yangwang U9 'Track Edition' ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်က သူ့မှာမြင်းကောင်ရေ ၃၀၁၉ ကောင်အားနဲ့ညီမျှတဲ့ မော်တာတွေ ပါဝင်လာခြင်းပဲဖြစ်ပါတယ်။ ဒီဇိုင်း ပိုင်းမှာဆိုရင်လည်း လေခွင်းအား ပိုမိုကောင်းမွန်စေ ဖို့နဲ့ အရှိန်နှုန်းမြင့်နဲ့မောင်းချိန်မှာ ပိုမိုတည်ငြိမ်မှုရှိစေဖို့အတွက် အဆင့်မြှင့်တင်မှုတွေ လုပ်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ဘရိတ်တွေကိုလည်း အကြီး စား တပ်ဆင်ပေးထားပါတယ်။
Yangwang U9 မှာ မြင်းကောင်ရေ ၁၃၀၀ အား နဲ့ညီမျှတဲ့ မော်တာလေးလုံး တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မော်တာတစ်လုံးရဲ့ စွမ်းအင် ထွက်ရှိမှုက ၂၄၂ ဒသမ ၅ ကီလိုဝပ်ရှိပါတယ်။ Yangwang U9 'Track Edition' မှာတော့ မော်တာတစ်လုံးစီက ၅၅၅ ကီလိုဝပ်ရှိမှာဖြစ်ပြီး မော်တာလေး လုံးပေါင်းလိုက်ရင် ကီလိုဝပ် ၂၂၂၀ အထိထွက်ရှိ စေမှာပါ။ ဒါက မြင်းကောင်ရေအား ၃၀၀၀ ကျော် နဲ့ညီမျှပါတယ်။
Yangwang U9 'Track Edition' နဲ့ပတ်သက်လို့ တခြားအသေးစိတ် အချက်အလက်တွေတော့ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ဥပမာ အားတစ်ခါသွင်း ပြီးရင်မောင်းနိုင်တဲ့ ခရီးအကွာအဝေး၊ အားသွင်းရန် ကြာချိန်၊ ကီလိုမီတာ ၁၀၀ နှုန်းကို ဘယ်လောက် စက္ကန့်အတွင်းရောက်နိုင်တာ စတဲ့အချက်အလက် တွေကိုတော့ ထုတ်ဖော်ပြောထားတာ မတွေ့ရသေး ပါဘူး။ အဲဒီထဲမှာ ကျသင့်ဈေးနှုန်းလည်း အပါအဝင်ဖြစ်ပါတယ်။
