၁၅ နှစ်ကြာ အမြင့်ပေစံချိန်ကို ချိုးလိုက်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်လေယာဉ်

 

၁၅ နှစ်ကြာ အမြင့်ပေစံချိန်ကို ချိုးလိုက်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်လေယာဉ်

 

      ပြီးခဲ့တဲ့ ၁၅ နှစ်အကြာတုန်းက နေရောင်ခြည် စွမ်းအင်ကို အသုံးပြုထားတဲ့  လျှပ်စစ်လေယာဉ်ငယ်တစ်စင်းဟာ အမြင့်ပေ ၃၀၂၉၈ ပေအထိကို ပျံတက်နိုင်ခဲ့ပါတယ်။ အမြင့်ပေ ၃၀၀၀၀ ကျော်ဆိုတာ ခရီးသည်တင်လေယာဉ်တွေပျံသန်း လေ့ရှိတဲ့အမြင့်ပေပမာဏ တစ်ခုဖြစ်ပါတယ်။ ဒီပမာဏကို ရောက်ဖို့ဆိုတာကလည်း သိပ်တော့မလွယ်ကူပါဘူး။ ဒါကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အဲဒီ လေယာဉ်ငယ်လေးဟာ အမြင့်ပေ ၃၀၀၀၀ ကျော် အထိတက်နိုင်ခြင်းအားဖြင့် စံချိန်တင်နိုင်ခဲ့တာဖြစ် ပါတယ်။ အဲဒီအချိန်တုန်းက စံချိန်တင်ခဲ့တဲ့နေရောင် ခြည်စွမ်းအင်သုံးလေယာဉ်က Solar Impulse လို့ခေါ်တဲ့လေယာဉ်ဖြစ်ပြီး ကမ္ဘာပတ်ပျံသန်းမှုကို လုပ်ဆောင်ခဲ့တာပါ။

အခုတော့ ဆွစ်ဇာလန်နိုင်ငံသား လေယာဉ်မှူး တစ်ဦးဖြစ်တဲ့ ရာဖေးဒွမ်ဂျန်က နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်လေယာဉ်ငယ်တစ်စင်းကို မောင်းနှင်ပြီး အမြင့်ပေစံချိန်ကို ချိုးလိုက်နိုင်ပါပြီ။  သူမောင်းနှင်ပျံတက်သွားတဲ့အမြင့်ပေက ပေပေါင်း ၃၁၂၃၇ ပေရှိပါတယ်။ သူက   ဆွစ်ဇာလန်နိုင်ငံ  အနောက် တောင်ပိုင်းရှိ ဆိုင်အွန်လေဆိပ်ကနေ ပျံတက်သွားခဲ့တာပါ။ ဒီလိုမျိုးအမြင့်ပေအထိ ပျံတက်နိုင်စေဖို့ အတွက် ဒွမ်ဂျန်က လေပူဆန်ကြောကို အသုံးပြုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အခုလိုမျိုး မှတ်တမ်းအသစ် တင်နိုင်ခြင်းဟာ လူသားများနဲ့ နည်းပညာပိုင်းဆိုင်ရာ စွန့်စားမှုတို့ကြားမှာရရှိလာတဲ့  အမြင့်ဆုံးသော မှတ်တိုင်တစ်ရပ်ဖြစ်တယ်လို့ ဒွမ်ဂျန်က ပြောထားပါတယ်။

ဒွမ်ဂျန်အနေနဲ့ ဒီအမြင့်ပေကနေ ပျံသန်းနေစဉ်မှာ ခရီးသည်တင် လေယာဉ်တစ်စင်းရဲ့လမ်းကြောင်းပေါ်ကနေတောင်မှ ဖြတ်သွားလိုက်သေးတယ်လို့ ဆိုပါတယ်။ ဒါဟာ မနက်ဖြန်နေ့ရက်များအတွက် ကာဗွန်ထုတ်လွှတ်မှုကင်းစင်သော လေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် ကြီးမားလှတဲ့ပြယုဂ်တစ်ခုဖြစ်ပါတယ်လို့ ဒွမ်ဂျန်ရဲ့အဖွဲ့ကပြောထားပါတယ်။ ဒွမ်ဂျန်ဆိုတာ စွန့်စားခရီးနှင်သူနဲ့ ကထိကတစ်ဦး ဖြစ်ပါတယ်။ သူက လေယာဉ်တွေ၊ လေဟုန်စီးယာဉ် တွေ၊ ရဟတ်ယာဉ်တွေကို မောင်းနှင်နေသူတစ်ဦးပါ။

သူက နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်တစ်စင်းကို ခရီးသည်တင်လေယာဉ်တွေ ပျံသန်းလေ့ရှိတဲ့ အမြင့်ပေအထိ ပျံသန်းနိုင်စေဖို့ရည်မှန်းထားတာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ရည်မှန်းချက်ပြည့်ဝ သွားပြီလို့ဆိုရမှာပါ။

အခုပျံသန်းမှုမှာအသုံးပြုခဲ့တဲ့လေယာဉ်က စွန့်စားမှုနဲ့အတူ အနုစိတ်ပုံဖော်ထားတဲ့  အင်ဂျင်နီယာ လက်ရာဖြစ်တယ်လို့ SolarStratos ကုမ္ပဏီကပြောပါတယ်။ ဒီလေယာဉ်မှာ အင်ဂျင်ကိုရှေ့ပိုင်းမှာ တပ်ဆင်ထားတာဖြစ်ပါတယ်။ လေယာဉ်ကိုယ်ထည်ကိုတော့ ကာဗွန်ဖိုက်ဘာနဲ့ပြုလုပ်ထားပါတယ်။ လေယာဉ် အလျားက ၃၁ ပေခွဲရှည်ပြီး တောင်ပံရဲ့အကျယ်က၂၃၇ စတုရန်းပေရှိပါတယ်။ အဲဒီတောင်ပံမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ ဆိုလာပြားများကိုတပ်ဆင်ထားတာပါ။ လေယာဉ်အနေနဲ့ ပျံတက်နိုင်တဲ့အရှိန် နှုန်းက တစ်နာရီ ၃၁ မိုင်နှုန်းဖြစ်ပြီး လေထဲမှာတော့အမြင့်ဆုံးသောအရှိန်အဖြစ် တစ်နာရီကို ၈၇ မိုင်နှုန်း နဲ့ပျံသန်းနိုင်ပါတယ်။ အရှိန်နှုန်းမှန်မှန်နဲ့မောင်းနှင်မယ်ဆိုရင်တော့ တစ်နာရီကိုမိုင် ၅၀ နှုန်းနဲ့မောင်းနှင်နိုင်ပါတယ်။

အခုလို အမြင့်ပေစံချိန်အသစ်တင်မယ့် ပျံသန်းမှုမျိုးမလုပ်ခင်မှာ ဒွမ်ဂျန်ကအစမ်း ပျံသန်းမှုကို ဦးစွာလုပ်ဆောင်ပါတယ်။ အဲဒီအစမ်းပျံသန်းမှုမှာ အမြင့်ပေ ၂၁၆၁၆ ပေအထိတက်နိုင်ခဲ့ပါတယ်။ ဒီနေရာမှာနေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်လေယာဉ်အနေနဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပါတယ်။ အဲဒါတွေက ဝေဟင်ပေါ်ပျံတက်ခြင်းမပြုမီ နေရောင်ခြည်စွမ်းအင်နဲ့သွင်းထားတဲ့ ဘက်ထရီအားအပြည့်ရှိရပါမယ်။ ပြန်ဆင်းလာတဲ့အခါမှာလည်း ဘက်ထရီအား လက်ကျန်က ၁၆ ရာခိုင်နှုန်း အနည်းဆုံးရှိရပါမယ်။  လေယာဉ်ကအသုံးပြုတဲ့ စွမ်းအင်တွေအားလုံးကို နေရောင်ခြည်ကနေပဲ ရယူအသုံးပြုရပါမယ်။ လက်ရှိမှာတော့ ဒီလေယာဉ်အနေနဲ့ပျံတက်နိုင်ခဲ့တဲ့ အမြင့်ပေကြောင့် အနာဂတ်မှာ နေရောင်ခြည်စွမ်းအင်သုံး ခရီးသည်တင်လေယာဉ်တွေ ပေါ်ထွက်လာမယ့် အိပ်မက်ကလည်း  ပိုမိုတောက်ပလာပါတယ်။