နယူးယောက်မှပဲရစ်အထိ လေးနာရီသာကြာမယ့် ပေါက်ကွဲသံကင်းမဲ့ အသံထက်မြန်လေယာဉ်
နယူးယောက်မြို့မှသည် ပဲရစ်မြို့အထိ ခရီးသည်တင်လေယာဉ် နဲ့ခရီးသွားမယ်ဆိုရင် ကြာမြင့် ချိန်ဟာ ခုနစ်နာရီခွဲအထိရှိပါတယ်။
ဒါတောင်မှ လေယာဉ်ကိုမရပ်မနား ပျံသန်းမှသာရမှာပါ။ တကယ်လို့များ ကြားမှာ ဆင်းသက်ရပ်နားမှုလုပ်တယ်ဆိုရင် အဲဒီခရီးရဲ့ကြာမြင့်ချိန်က ၁၀ နာရီနဲ့အထက် ဖြစ်သွားနိုင်ပါတယ်။ အကယ်၍အသံထက်မြန်တဲ့ လေယာဉ်နဲ့သွားမယ်ဆိုရင် ဒီခရီးအတွက်ကြာမြင့်ချိန်ကို ထက်ဝက်လောက်လျှော့ချနိုင်မှာပါ။ ဒါပေမဲ့ ကန့်သတ်ချက်တစ်ခုရှိနေပါတယ်။ အဲဒီကန့်သတ်ချက်ကတော့ အသံထက်မြန်တဲ့နှုန်းနဲ့ ပျံသန်းမယ်ဆိုရင် လေယာဉ်က လေထုအတွင်းအရှိန်ပြင်းစွာ တိုးဝင်မှုနဲ့အတူ ထွက်ပေါ်လာရတဲ့ ပေါက်ကွဲသံပဲဖြစ်ပါတယ်။
အဲဒီလိုထွက်ပေါ်လာတဲ့ ပေါက်ကွဲသံဟာ အင်မတန်မှကျယ်လောင်ပါတယ်။ဒါကြောင့် လေယာဉ်တွေအနေနဲ့ အသံထက်မြန်တဲ့နှုန်းနဲ့ စမ်းသပ်မောင်းနှင်မှု လုပ်မယ်ဆိုရင် အသိပေးကြေညာချက်တွေကို ထုတ်ပြန်ပြီးမှ လုပ်ရတာပါ။ ဒီလိုပြောလိုက်လို့ အသံထက်မြန်လေယာဉ်က လက်တွေ့မှာ အသုံးမပြုနိုင်တော့ဘူး
လားလို့ မေးကောင်းမေးနိုင်ပါတယ်။ ဒီအတွက်အဖြေကတော့ သာမန်ခရီးသွားလာမှုတွေမှာလည်း အသံထက်မြန်တဲ့နှုန်းနဲ့ ပျံသန်းမယ့် ခရီးသည်တင်လေယာဉ်ကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ဘော်စတွန်မြို့အခြေစိုက် Spike Aerospace ဆိုတဲ့ကုမ္ပဏီက အသံထက်မြန် လေယာဉ်တစ်စင်းကို ဖန်တီးနေတာဖြစ်ပါတယ်။ လေယာဉ်ကို Spike S-512 Diplomat လို့နာမည်ပေးထားပါတယ်။ အဲဒီလေယာဉ်က မြန်ဆန်မှု၊ တိတ်ဆိတ်မှု၊ စွမ်းအင်ချွေတာမှုတို့ကို ပေးစွမ်းနိုင်မယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အခုတော့ သူတို့အနေနဲ့ ဒီလေယာဉ်ထုတ်လုပ်မှုအတွက် နောက်ထပ်တစ်ဆင့်ကို တက်လှမ်းသွားပြီလို့ဆိုပါတယ်။
အဲဒီအဆင့်ကတော့ လေယာဉ်ရဲ့ဒီဇိုင်း ပိုင်းဆိုင်ရာလေ့လာမှုဖြစ်ပါတယ်။ အခုနောက်ဆုံး အတည်ပြုလိုက်တဲ့ဒီဇိုင်းအရလေယာဉ်ဟာ လေခွင်းအားပိုကောင်းလာမယ်။ လေယာဉ်ကိုယ်ထည်အတွင်းပိုင်းကလည်း သက်သောင့်သက်သာဖြစ်လာမယ်။ အရေးအကြီးဆုံးအချက်ကတော့ အသံထက်မြန်တဲ့နှုန်းကြောင့် ထွက်ပေါ်လာမယ့် လေထုပေါက်ကွဲသံကို အကောင်းဆုံး လျှော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။
Spike S-512 Diplomat ကိုဖန်တီးရတဲ့ ရည်ရွယ်ချက်က နယူးယောက်မြို့ကနေ ပဲရစ်မြို့ကို အချိန်လေးနာရီလောက်နဲ့ ပျံသန်းနိုင်စေဖို့ဖြစ်တဲ့အပြင် ထွက်ပေါ်လာတဲ့ဆူညံသံကိုလည်း လျှော့ချနိုင်စေဖို့အတွက် လုပ်ဆောင်ခြင်းဖြစ်တယ်လို့Spike Aerospace ကုမ္ပဏီကပြောထား ပါတယ်။ အမေရိကန်နိုင်ငံမှာ အသံထက် မြန်လေယာဉ်တွေပျံသန်းမှုကို ၁၉၇၃ ခုနှစ် ကတည်းကပိတ်ပင်ခဲ့တာပါ။ ဒါကြောင့် လေယာဉ်ကုမ္ပဏီတွေက ဆူညံမှုလျှော့ချနိုင်မယ့် လေယာဉ်တွေကို တီထွင်လာတာဖြစ်ပါတယ်။
