ဟားမက်အဖွဲ့က ထရမ့်၏ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံလာ ဂါဇာအပေါ်ဗုံးကြဲမှုရပ်တန့်ဖို့ ထရမ့်ကအစ္စရေးကိုတိုက်တွန်း
ဝါရှင်တန်၊ နိုင်ငံရေး
ပါလက်စတိုင်းမှ ဟားမက်အဖွဲ့သည်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အဆိုပြုသော ငြိမ်းချမ်းရေးအစီအစဉ်ကိုလက်ခံလိုက်ကြောင်းနှင့် ထိုသို့လက်ခံလိုက်သည့်အတွက် အစ္စရေးကလည်း ဂါဇာအပေါ်လုပ်ဆောင်နေသည့် ဗုံးကြဲတိုက်ခိုက်မှုများကိုရပ်တန့်ရန် ထရမ့်က တိုက်တွန်းလိုက်ကြောင်းသိရသည်။
“အခုလေးတင် ဟားမက်အဖွဲ့ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်ကိုကြည့်မယ်ဆိုရင်သူတို့က ထာဝရငြိမ်းချမ်းရေးရဖို့အတွက်အသင့်ဖြစ်နေပြီလို့ မိမိအနေနဲ့ယုံကြည်ပါတယ်။ အစ္စရေးကလည်း ဂါဇာကိုဗုံးကြဲတိုက်ခိုက်နေမှု ချက်ချင်းရပ်တန့်ရပါလိမ့်မယ်။ ဒါမှသာ ဓားစာခံတွေကို ဘေးကင်းစွာနဲ့လျင်မြန်စွာပြန်လည်ကယ်ထုတ်နိုင်မှာပါ။ လက်ရှိအခြေအနေအတိုင်း ဓားစာခံ တွေကိုကယ်ထုတ်မယ်ဆိုရင်တော့ သိပ်ကိုအန္တရာယ်များပါတယ်” ဟု ထရမ့်က၎င်း၏ Truth Social လူမှုကွန်ရက်တွင်ရေးသားထားသည်။
ထို့ပြင် ၎င်းတို့အနေဖြင့် အသေးစိတ်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးမှုများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ ထိုဆွေးနွေးမှုများသည် ဂါဇာဒေသတစ်ခုတည်းအတွက်သာမကဘဲ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးတွင် ငြိမ်းချမ်းရေးပေါ်ထွန်းလာစေရန်ဖြစ်ကြောင်း အမေရိကန်သမ္မတကဆက်ပြောသည်။
ဟားမက်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံး၏ အုပ်ချုပ်မှုကိစ္စအဝဝကိုတစ်နိုင်ငံလုံးသဘောတူညီမှုအပေါ် အခြေခံ၍ ပါလက်စတိုင်းကော်မတီသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် သက်ရှိထင်ရှားရှိနေဆဲဖြစ်သော အစ္စရေးဓားစာခံများအားလုံးကို ပြန်လွှတ်ပေးရန်အသင့်ရှိကြောင်း၊ သေဆုံးသူများ၏ရုပ်အလောင်းများကိုလည်း လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် ဂါဇာကမ်းမြောင်ဒေသအရေးတို့နှင့်ပတ်သက်၍ ပါလက်စတိုင်းဖွဲ့စည်းပုံမူဘောင်အတွင်းမှ ဆွေးနွေးမှုများ၌ပါဝင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ၃ ရက်တွင်ထုတ်ပြန်ထားခြင်းဖြစ်သည်။
Ref: Sputnik
