အားကောင်းသောအပူပိုင်းမုန်တိုင်းမတ်မို ဟောင်ကောင်သို့နီးကပ်လာ အဆင့် ၃ မုန်တိုင်းသတိပေး ချက်ထုတ်ပြန်
ဟောင်ကောင်၊ သဘာဝဘေးတောင်တရုတ်ပင်လယ်အတွင်းဖြစ်ပေါ်နေသည့် အားကောင်းသောအပူပိုင်းမုန်တိုင်းမတ်မိုသည် ဟောင်ကောင်သို့ နီးကပ်လာသည့်အတွက် မိုးလေဝသဌာနက အဆင့် ၃ မုန်တိုင်းသတိပေးချက်ကို အောက်တိုဘာလ ၄ ရက်တွင်ထုတ်ပြန်လိုက်ကြောင်းသိရသည်။
“ပြီးခဲ့တဲ့နာရီအနည်းငယ်အတွင်းမှာပဲမုန်တိုင်းမတ်မိုက တောင်တရုတ်ပင်လယ်အလယ်ပိုင်းဒေသနဲ့ မြောက်ပိုင်းဒေသတို့ကို ဖြတ်ကျော်လာခဲ့ပြီးပါပြီ။ မုန်တိုင်းနီးကပ်လာတာနဲ့အမျှ အောက်တိုဘာလ ၄ ရက်နှောင်းပိုင်းမှာ လေတိုက်နှုန်းကပြင်းထန်လာမှာဖြစ်ပါတယ်” ဟု မိုးလေဝသဌာနကသတိပေးထုတ်ပြန်ထားသည်။
ညနေ ၅ နာရီအချိန်တိုင်းထွာချက်များအရ မုန်တိုင်းမတ်မိုသည် ဟောင်ကောင်ဒေသ၏တောင်ဘက် ၂၆၇ မိုင်အကွာသို့ရောက်ရှိနေပြီး တောင်တရုတ်ပင်လယ်မြောက်ပိုင်းကိုဖြတ်ကျော်ကာ တစ်နာရီလျှင် ၁၅ မိုင်နှုန်းဖြင့် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားလာနေကြောင်းနှင့် တဖြည်းဖြည်းအားကောင်းလာနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံကလည်း ဟိုင်နန်ကျွန်းအနီးသို့ မုန်တိုင်းနီးကပ်လာမှုကြောင့် အားလပ်ရက်ကာလ၌ ခရီးသွားလာမှုများပြားနေစဉ် လေကြောင်းခရီးစဉ်များကိုသာမက သင်္ဘောခရီးစဉ်များကိုပါဖျက်သိမ်းထားသည်။
မုန်တိုင်းမတ်မိုကြောင့် တရုတ်နိုင်ငံတောင်ပိုင်း၌ လေပြင်းများတိုက်ခတ်ကာမိုးသည်းထန်စွာရွာသွန်းနိုင်သည့်အတွက်ဟိုင်နန်ရှိအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုည ၁၁ နာရီမှစ၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနများကဖော်ပြထားသည်။
Ref: SCMP
