လပေါ်မှာ အခြေစိုက်စခန်းဆောက်နိုင်ဖို့ ကူညီပေးနိုင်မယ့် စက်ရုပ်ခွေး
တရုတ်နိုင်ငံ ပီကင်းတက္ကသိုလ်မှ သုတေသနပညာရှင်များက လပေါ်စူးစမ်းလေ့လာရေးအတွက်ရည်ရွယ်ထားတဲ့ စက်ရုပ်ခွေးတစ်စုံကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်။
အဲဒီစက်ရုပ်ခွေးတွေက လရဲ့မျက်နှာပြင်ပေါ်မှာရှိခဲ့ဖူးတယ်လို့ ထင်ရတဲ့ ရှေးဟောင်းမီးတောင် လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်သော ချော်ရည်စီးကြောင်းများ ဒါမှမဟုတ် မြေအောက်လိုဏ်ခေါင်းများကို စူးစမ်းလေ့လာမှုတွေလုပ်နိုင်ဖို့အတွက် ဒီဇိုင်းဖန်တီးထားတာဖြစ်ပါတယ်။
တကယ်တမ်းမှာ အဲဒီလိုဏ်ခေါင်းများက သိပ်ကိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် အနာဂတ်အာကာသယာဉ်မှူးများကို ဓာတ်ရောင်ခြည်သင့်မှု၊ အလွန်သေးငယ်တဲ့ ဥက္ကာခဲများရဲ့ရန်၊ အလွန်ပြင်းထန်တဲ့ အပူချိန်ပြောင်းလဲမှုများမှ ကာကွယ်ပေးနိုင်တဲ့ နေရာတွေဖြစ်နေလို့ပါပဲ။ ဒါတင်မကသေးပါဘူး။ ဒီနေရာတွေဟာ နောင်တစ်ချိန်မှာ တည်ဆောက်လာနိုင်တဲ့အခြေစိုက်စခန်းများအတွက် နေရာတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။ ဒါကြောင့် အခုဖန်တီးလိုက်တဲ့ စက်ရုပ်ခွေးတွေက တရုတ်နိုင်ငံရဲ့ အာကာသရည်မှန်းချက်တစ်ခုဖြစ်တဲ့ လရဲ့မျက်နှာပြင်မှာ အခြေစိုက်စခန်းတည်ဆောက်မှုအတွက် များစွာကူညီပေးနိုင်မှာဖြစ်ပါတယ်။
