ကမ္ဘာပေါ်ရှိ ဘယ်နေရာကိုမဆို ပစ္စည်းများကို တစ်နာရီနဲ့ အရောက်ပို့မယ့်ကမ္ဘာ့ပထမဆုံး အာကာသ သယ်ယူပို့ဆောင်ရေးယာဉ်
အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိမြို့အခြေစိုက် Inversion အမည်ရလေကြောင်းအာကာသနဲ့ ကာကွယ်ရေးကုမ္ပဏီက သူတို့အတွက်အထူးဖြစ်တဲ့ ပထမဆုံးသော အာကာသယာဉ်ကိုထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ အဲဒီအာကာသယာဉ်ကို Arc လို့ အမည်ပေးထားတာပါ။
ကမ္ဘာ့လေထုအတွင်း ပြန်ဝင်ရောက်နိုင်စွမ်းရှိတဲ့ အဲဒီအာကာသယာဉ်က အလေးချိန်ပေါင် ၅၀၀ ရှိတဲ့ ကုန်ပစ္စည်းတွေကို တင်ဆောင်ပြီး ပတ်လမ်းထဲကနေ ကမ္ဘာမြေပြင်မှာရှိတဲ့ ဘယ်နေရာကိုမဆို အချိန်တစ်နာရီအတွင်း ရောက်အောင် ပို့ဆောင်ပေးနိုင်တယ်လို့ ကုမ္ပဏီရဲ့မိတ်ဆက်အခမ်းအနားမှာ ပြောထားပါတယ်။
Arc ရဲ့အရွယ်အစားက အရှည် ၈ ပေနဲ့အကျယ် ၄ ပေသာရှိပါတယ်။ စားပွဲအကြီးစားတစ်လုံးအရွယ်အစားပေါ့။ သူ့ကိုတည်ဆောက်ထားတဲ့ရည်ရွယ်ချက်က ဆေးဝါးပစ္စည်းများမှသည် ဒရုန်းများအထိပါဝင်တဲ့ ကုန်ပစ္စည်းတွေကို ပို့ဆောင်ပေးနိုင်စေဖို့ အတွက်ဖြစ်ပါတယ်။ တကယ်တော့ Arc များက ပတ်လမ်းအတွင်းမှာ ငါးနှစ်အထိ လည်ပတ်နေမှာဖြစ်ပြီး လိုအပ်လာပြီဆိုမှသာ ပို့ဆောင်မှုကို လုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။
