တောမီးများကို ထိရောက်စွာငြှိမ်းသတ်မယ့် မောင်းသူမဲ့လေယာဉ်စနစ်
ကမ္ဘာပေါ်မှာဖြစ်ပွားလေ့ရှိတဲ့ တောမီးလောင်မှုများကို ထိရောက်စွာငြှိမ်းသတ်နိုင်စေဖို့အတွက် ကုမ္ပဏီကြီးနှစ်ခုက အကျိုးတူလက်တွဲ ပူးပေါင်းလိုက်ပါတယ်။ အဲဒီကုမ္ပဏီကြီးနှစ်ခုက Korean Air နဲ့ Andurilတို့ဖြစ်ပါတယ်။ အဓိကကတော့ KoreanAir ရဲ့ မောင်းသူမဲ့လေယာဉ် နည်းပညာနဲ့Anduril ရဲ့ တောမီးငြှိမ်းသတ်ရေး ပလက်ဖောင်းတို့ကို ပေါင်းစပ်သွားမှာပါ။ သူတို့ရဲ့အစီအစဉ်က တောမီးငြှိမ်းသတ်မှုဆိုင်ရာ စက်ဝန်းကြီးတစ်ခုလုံးကို လူသားတွေရဲ့ပါဝင်မှုအနည်းဆုံးနဲ့ ထိန်းချုပ်နိုင်ဖို့ဖြစ်ပါတယ်။
ဒီနေရာမှာ Anduril ကုမ္ပဏီရဲ့တောမီးငြှိမ်းသတ်မှုဆိုင်ရာ ပလက်ဖောင်းအနေနဲ့ဝေဟင်၊ မြေပြင်၊ အာကာသတို့မှာနေရာချထားတဲ့အာရုံခံကိရိယာများမှ အချက်အလက်များကိုရယူ ပေါင်းစပ်ကာ တောမီးလောင်မှုဖြစ်တာနဲ့တစ်ပြိုင်နက် တောမီးငြှိမ်းသတ်သူဆီကို ဓာတ်ပုံနဲ့တကွအသိပေးနိုင်မှာဖြစ်ပါတယ်။
အဲဒီနောက် တောမီးငြှိမ်းသတ်မယ့်သူက Korean Air ရဲ့မောင်းသူမဲ့လေယာဉ်ကို အသုံးပြုပြီး မီးလောင်မှုပမာဏနဲ့ အခြေအနေကို ဦးစွာကင်းထောက်မှု လုပ်ဆောင်ပါတယ်။ ပြီးတဲ့အခါ နောက်ထပ်မောင်းသူမဲ့ မီးငြှိမ်းသတ်ရေးလေယာဉ် ဒါမှမဟုတ် လူပါမီးငြှိမ်းသတ်ရေးလေယာဉ်ကို အသုံးပြုပြီး တောမီးကိုလိုအပ်သလို ငြှိမ်းသတ်မှု လုပ်ဆောင်မှာဖြစ်တယ်လို့ ကုမ္ပဏီများကထုတ်ပြန်ထားပါတယ်။
