မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်း ပြပွဲတွင်ခေတ်ရှေ့ပြေး စစ်လက်နက်ပစ္စည်းများစွာကို ထုတ်ဖော်ပြသ
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ကျင်းပသော စစ်လက်နက်ပစ္စည်းပြပွဲသို့ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအွန် တက်ရောက်ကြောင်းနှင့် ထိုအခမ်းအနားတွင် ခေတ်ရှေ့ပြေး စစ်လက်နက်ပစ္စည်းများကို ထုတ်ဖော်ပြသထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက အောက်တိုဘာလ ၅ ရက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံရှိ အာဏာရပါတီဖြစ်သော ကိုရီးယားအလုပ်သမား ပါတီတည်ထောင်မှု နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် အဆိုပါ စစ်လက်နက်ပစ္စည်း ပြပွဲကိုကျင်းပခြင်းဖြစ်သည်။
ယခုကျင်းပသော စစ်လက်နက်ပစ္စည်းပြပွဲတွင် ခင်းကျင်းပြသထားသည့် လက်နက်များသည် နိုင်ငံ၏ အဓိကကျသောစီမံကိန်းများမှ ထွက်ပေါ်လာသည့် အောင်မြင်မှုများဖြစ်ကြောင်း၊ ထိုစစ်လက်နက်များသည် မြောက်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားကို ပိုမိုတိုးတက်မြင့်မားစေမည်ဖြစ်ကြောင်း ကင်ဂျုံအွန်ကမှတ်ချက်ပြုပြောသည်။
လက်ရှိဖြစ်ပွားနေသော လုံခြုံရေးအခြေအနေများအရ အမျိုးသားကာကွယ်ရေး အင်အားကို ပိုမိုခိုင်မာအောင်လုပ်ရန်မှတစ်ပါး အခြားမရှိကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ အပေါ်ခြိမ်းခြောက်လာမှု မှန်သမျှကို စစ်ရေးအင်အားနှင့် နည်းပညာအင်အား အသုံးပြု၍ ကာကွယ်သွားမည်ဖြစ်ကြောင်း ကင်ဂျုံအွန်က ပြောထားသည်။
