
သီတင်းကျွတ်ပွဲတော်နှင့် အဘိဓမ္မာအခါတော်နေ့
မြန်မာလ ၁၂ လရာသီရှိသည့်အနက် မြန်မာလူမျိုးတို့သည် စိတ်အရင်းခံဖြင့် လပြည့် လကွယ်နေ့တိုင်းတွင် ရတနာသုံးပါးအားရည်မှန်း၍ အလှူအတန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီပွဲတော်များတွင် ထင်ရှားသောပွဲတော်တစ်ခုဖြစ်ပြီး စတင်ကျင်းပခဲ့သည့်အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှားရှိခဲ့စဉ်အခါကပင်ဖြစ်သည်။
အဘိဓမ္မာအခါတော်နေ့
သီတင်းကျွတ်လ၏ လပြည့်နေ့မှာ အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်ဆင်းသက်ကြွမြန်းလာသည်ကိုရည်မှန်းပြီး ဘုရားရှင်အားပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းကြိုဆိုပူဇော်သော အစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ လက်ထက်ကပင်ရှိခဲ့သည်။ ထို့ပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော “သန္တုဿိတနတ်သား”ကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သတ်မှတ်ကာ အဘိဓမ္မာတရားတော် ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြသည်။ သီတင်းကျွတ်လပြည့်နေ့၏ အနှစ်သာရမှာ အဘိဓမ္မာဒေသနာတော်ကို ကြားနာရသူအပေါင်းတို့ ကျွတ်တမ်းဝင်နိုင်ကြခြင်းပင်ဖြစ်သည်။
အဘိဓမ္မာတရားတော်ပေါ်ထွန်းလာခြင်း
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမဝါကို တာဝတိံသာနတ်ပြည်၌ ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော “သန္တုဿိတနတ်သား”ကို အမှူးထားကာ တာဝတိံသာနတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်းရှိ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်တွင် အဘိဓမ္မာဒေသနာတော်ကို ဝါတွင်းသုံးလ ပတ်လုံး အသံမစဲဟောတော်မူခဲ့သည်။ “မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ”ဟုလည်း ရှေးလူကြီးသူမများ ပြောဆိုရေးသားခဲ့ကြသည်။ ဤသို့ဖြင့် အဘိဓမ္မာဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ဝါဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ သုံးလအတွင်း “လူ့ပြည်၊ နတ်ပြည်”တို့၌ တစ်ပြိုင်တည်းပေါ်ထွန်းခဲ့သည်။ အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သားရဟန်းငါးရာကဲ့သို့ နာမရူပပရိစ္ဆေဒဉာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အထောက်အပံ့ကောင်းဖြစ်ခြင်း၊ ဘေးဥပဒ်အန္တရာယ်ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံခြင်းဟူသော အကျိုးထူးတရားများကို ရရှိနိုင်သည်။
အဘိဓမ္မာ ခုနစ်ကျမ်းဆိုသည်မှာ
အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊ နတ်ပြည်၌ ဟောကြားခြင်း၊ သုံးလကြာမျှဟောရခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီ ဟောကြားခြင်းဟု ထူးခြားချက်လေးမျိုးနှင့်ပြည့်စုံသော တရားပင်ဖြစ်သည်။ ပါဠိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊ဉာဏ်တော်၏ နက်နဲခြင်း စသော ဂမ္ဘီရလေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။ ဝါဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ရက်ပေါင်း ၉၀၊ဝါတွင်းသုံးလအတွင်းမှာ အဘိဓမ္မာ ခုနစ်ကျမ်းဖြစ်သော ဓမ္မသင်္ဂဏီကျမ်းကို ၁၂ ရက်၊ ဝိဘင်းကျမ်းကို ၁၂ ရက်၊ ဓာတုကထာကျမ်းကို ခြောက်ရက်၊ ပုဂ္ဂလပညတ်ကျမ်းကို ခုနစ်ရက်၊ ကထာဝတ္ထုကျမ်းကို ရှစ်ရက်၊ ယမိုက်ကျမ်းကို ၂၀ ရက်၊ ပဋ္ဌာန်းကျမ်းကို ၂၅ ရက် ဟောတော်မူခဲ့သည်။ အဘိဓမ္မာရှေးဦးခြောက်ကျမ်းကို ဆင်ခြင်စဉ်တွင် ရောင်ခြည်တော်ကွန့်မြူးခြင်းမရှိသေးပါ။ နောက်ဆုံး ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးထွက်ပေါ် လာခဲ့သည်။
သီတင်းကျွတ်မီးထွန်းပွဲတော်အကြောင်း
မြန်မာမင်းများလက်ထက် ခေတ်အခါကမူ သီတင်းကျွတ်လတွင် မင်းသားမင်းမြေး မှူးတော်မတ်တော်တို့၏ အဆင်တန်ဆာများကို အသစ်လဲလှယ်ပေးတော်မူခြင်း၊ လက်ဆောင်တော်များကို ကြည့်ရှုတိုင်းထွာစေခြင်း၊ ဆီမီးမြင်းမိုရ်ထွန်းခြင်း၊ ဘုရားစေတီများတွင် ဆီမီးပူဇော်ခြင်း၊ ဝါကျွတ်အကန်တော့ခံခြင်းတို့ကို ပြုလေ့ရှိကြသည်။
သီတင်းကျွတ်မီးထွန်းပွဲတော်မှာ သီတင်းကျွတ်လ၏ ထင်ရှားသောပွဲတော်ပင်ဖြစ်သည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကိုမွေးကျေးဇူးဆပ်သည့်အနေဖြင့် တရားဟောရန် မယ်တော်နတ်သားရှိရာ တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး မယ်တော်နတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူသည်။ ထိုသို့ ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် နတ်ပြည်မှလူ့ပြည်သို့ ပြန်လည်ကြွချီတော်မူမည်ဟု မိန့်ကြားသောအခါ အကြောင်းစုံသိသော သိကြားမင်းသည်
ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူ၍ စောင်းတန်းသုံးသွယ် ဖန်ဆင်းတော်မူသည်။ မြတ်ဗုဒ္ဓနှင့်အတူ နတ်၊ ဗြဟ္မာအပေါင်းတို့လည်း လိုက်ပါဆင်းသက်ခဲ့ကြသည်။ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ဆင်းသက်မည့်အချိန်၌ မြင်းမိုရ်တောင်ထိပ်တွင် ရပ်တော်မူကာ ရေမီးအစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသည်။ သင်္ကဿနဂိုရ်ပြည်ရှိ စောင်းတန်း၌ ခြေတော်ကိုချမိလျှင်ပင် ဘုရားရှင်၏တပည့်ကြီး ရှင်သာရိပုတ္တရာမထေရ်က ရှေးဦးစွာ ပူဇော်ကန်တော့သည်။ ထို့နောက်မှ မင်း၊ မိဖုရား၊ မှူးမတ်များနှင့်တကွ သာဝတ္ထိပြည်၊ ဝေသာလီပြည်၊ ရာဇဂြိုဟ်ပြည်၊ ဗာရာဏသီပြည်များမှ တိုင်းသူပြည်သားအပေါင်းက မီးရှူးတိုင်များ၊ မီးပန်းများ၊ ဆီမီးများထွန်းညှိပြီး မြတ်စွာဘုရားရှင်ကိုပူဇော်၍ ကြိုဆိုခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်လေသည်။
မီးထွန်းညှိပူဇော်ခြင်းနှင့်မီးပုံးပျံလွှတ်တင်ခြင်း
ထိုသို့ မြတ်စွာဘုရားရှင်အား မီးရှူး၊ မီးပန်း၊ မီးပုံး၊ ဆီမီးများထွန်းညှိ၍ ဆီးကြိုပူဇော်ကြသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီးထွန်းညှိပူဇော်ခြင်းအလေ့အထ ဖြစ်လာခဲ့တော့သည်။ မီးထွန်းပွဲတော်ဆင်ယင် ကျင်းပစဉ် စေတီပုထိုး၊ ကျောင်းကန်ဇရပ်၊ လူနေအိမ်ခြေများ၊ စပါးကျီ၊ မောင်းဆုံ၊ ဈေးဆိုင်များပါမကျန် ဆီမီးရောင်များနှင့် ဝင်းလက်နေတော့သည်။ ဤဓလေ့သည် မြန်မာမင်းများလက်ထက် ပုဂံခေတ်မှသည် ယနေ့တိုင်ဖြစ်ပေသည်။
ထို့ပြင် နတ်ပြည်ရှိ စူဠာမဏိစေတီတော်ကို ပူဇော်သည့် အထိမ်းအမှတ်အဖြစ်လည်း မီးပုံးပျံများပြုလုပ်၍ ကောင်းကင်တွင်လွှတ်တင်ကြသည်။ သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောအခါ အနော်မာသောင်ကမ်းတွင် ဆံတော်ကို ရိတ်ပယ်တော်မူသည်။ ထိုဆံတော်ကို အဓိဋ္ဌာန်ပြု၍ ထက်ကောင်းကင်သို့ မြှောက်တင်လိုက်ရာ သိကြားမင်းက ရွှေပန်းတောင်းဖြင့် ခံယူထားလိုက်သည်။ သိကြားမင်းသည် ထိုဆံတော်များကိုဌာပနာ၍ စူဠာမဏိစေတီတော်အဖြစ် တည်ထားကိုးကွယ်တော်မူခဲ့ရာ သီတင်းကျွတ်လပြည့်နေ့ည မီးပုံးပျံလွှတ်တင်ခြင်းမှာ စူဠာမဏိစေတီတော်ကိုရည်မှန်း၍ ပူဇော်ခြင်းသာဖြစ်သည်။ ပုဂံမြို့ မြင်းကပါ ဂူပြောက်ကြီးဘုရားရှိ ပန်းချီကားတွင် ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းပုံပန်းချီကို တွေ့ရသည့်အတွက် မီးမြင်းမိုရ်ပွဲကို ပုဂံခေတ်တည်းက ကျင်းပခဲ့သည်ဟု ယူဆနိုင်ပေသည်။
သီတင်းကျွတ်လ၏ ထူးခြားချက်များ
သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ဖြစ်သည့်အတွက်ကြောင့် နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ်ပြုထားကြခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကိုရည်မှန်းပြီး ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် ထိုနေ့ကို ဗုဒ္ဓဘာသာဝင်တို့သည် ဆီမီးများထွန်းကာ သီတင်းကျွတ်ပွဲတော်ကို ကျင်းပခဲ့ကြသည်မှာ ယနေ့ထိဖြစ်သည်။ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်ကြွတော်မူသောအခါ မြတ်ဗုဒ္ဓက လောကဝိဝရဏ တန်ခိုးတော်ဖြင့် ငရဲ၊ တိရစ္ဆာန်၊ လူ၊ နတ်၊ ဗြဟ္မာသတ္တဝါအချင်းချင်း တစ်ဦးကိုတစ်ဦး ထင်ရှားစွာမြင်တွေ့ရကာ မြတ်စွာဘုရားကို ဖူးမြော်ခွင့်ရစေသည့် ထူးကဲသည့် နေ့တစ်နေ့ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သည် ဝါဆိုတော်မူကြကုန်သော သံဃာတော်အရှင်မြတ်တို့ အတွက် ဝါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်ပြီး “ကထိန်အလှူ” ကို ခံယူထိုက်စေသည်။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ ချိန်ခွင်ပုံ ကြယ်တာရာနက္ခတ်တို့စုဝေးသော “သန်တူလ” ဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသော စပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟု လည်းကောင်း ပညာရှိများက ဖွင့်ဆိုကြသည်။ လောကီလူတွေရဲ့ ထုံးစံအရလည်း အိမ်ရာထောင်ခြင်းပြုနိုင်ကြသဖြင့် “အချုပ်အချယ်တို့မှ လွတ်ကျွတ်စေသောလ”ဟုလည်း ခေါ်နိုင်သည်။
မိဘ၊ ဆရာများအားကန်တော့ခြင်း
ဤအချိန်ကာလသည် မြန်မာတို့၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော၊ မာန်မာနကို နှိမ့်ချတတ်သောသဘော၊ အပြန်အလှန်မေတ္တာ စေတနာထားတတ်သောသော စသည့် အမျိုးကောင်းသားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက်ကို ဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာအစဉ်အလာအချိန်အခါဖြစ်သည်နှင့်အညီ ဗုဒ္ဓ၏အဆုံးအမ၌ တည်ကြသော မြန်မာတို့သည် အသက်ဂုဏ်ဝါကြီးသူ၊ ခင်ပွန်းကြီး(၁၀)ပါးတို့အပေါ်တွင် ပူဇော်ကန်တော့လေ့ရှိကြသည့်အတိုင်း ဝါကျွတ်သောအချိန်၊ ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော်သက္ကာရတို့ဖြင့် သက်ကြီးဝါကြီးများ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြသည့် ဓလေ့များကိုလည်း တွေ့မြင်ကြရသည်။ မိဘအဘိုးအဘွားများမှလည်း သားသမီးမြေးမြစ်များကို မုန့်ကျွေးခြင်း၊ မုန့်ဖိုးပေးခြင်းတို့ပြုလုပ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် ဝါတွင်းမုန့်များပြုလုပ်ကာ အိမ်နီးချင်းများအားဝေခြင်း၊ တစ်ခြံလုံး တစ်အိမ်လုံး မီးထွန်းခြင်း၊ မီးပုံးပျံလွှတ်ခြင်း၊ မီးမျှောခြင်း စတဲ့ မြန်မာတို့၏ ချစ်စရာကောင်းသော အပြုအမူများကို ဖန်တီးရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြသည်။
ဗုဒ္ဓသာသနာနှစ်အရှည်ကြာ တည်တံ့ခိုင်မြဲရန်ရည်မျှော်လျက် သာသနာပြုမင်းတို့သည် ပိဋကတ်သုံးပုံဆောင် မဟာထေရ်မြတ်ကြီးများအားချီးမြှောက်လျက် ကြီးကျယ်သော ဓမ္မသဘင်ကြီးများကို ကျင်းပပေးနိုင်ခဲ့သည်။ တရားဓမ္မတို့သည် လောကလူသားကောင်းကျိုးများ ဆောင်ကြဉ်းပေးလျက်ရှိသလို လောကငြိမ်းချမ်းသာယာရေးကိုလည်း တွန်းအားပေးလျက်ရှိသည်။ ယုတ်စွအဆုံးလောကလူသားများ ဒုက္ခဆင်းရဲအပေါင်းမှချုပ်ငြိမ်းသည့် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရှိရေးအထိတိုင် လမ်းညွှန်ပြပေးလျက်ရှိသည်။
ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော်ကို နာကြားကာ ဒုက္ခဆင်းရဲအပေါင်းမှ လွတ်မြောက်အောင် ကျင့်ကြံအားထုတ်သင့်သည်။အချုပ်အားဖြင့်ဆိုရသော် မည်သည့်တိုင်းရင်းသားလူမျိုးမဆို မိမိတို့၏ ယဉ်ကျေးမှုအစဉ်အလာ တစ်မျိုးမျိုးဖြင့် ပူဇော်ခြင်းသည် ကောင်းသောကုသိုလ်၊ မြတ်သောအမှုသာဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟုဆိုဆို၊ ဆီမီးထွန်းညှိပူဇော်ပွဲဟုပြောပြော အဆိုပါနေ့မြတ်သည် မြန်မာလူမျိုးများအတွက်သာမက ထေရဝါဒဗုဒ္ဓဘာသာဝင် တိုင်းရင်းသားလူမျိုးအားလုံးနှင့် သက်ဆိုင်ပေသည်။ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓကိုရည်မှန်း၍ ဆီမီးပူဇော်သည့် ယဉ်ကျေးမှုအစဉ်အလာမှာ ယနေ့ထက်တိုင် ထွန်းကားနေခြင်းမှာလည်း ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပနေခြင်းသာဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)အခါသမယတွင် မြန်မာနိုင်ငံသားအားလုံး အေးချမ်းစွာဖြင့် ကုသိုလ်ကောင်းမှုပြုရင်း မင်္ဂလာရှိစွာ၊ ပျော်ရွှင်စွာဆင်နွှဲနိုင်ကြပါစေ၊ မြန်မာပြည်ကြီးလည်း အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆန္ဒပြုဆုတောင်းလျက် ရေးသားတင်ပြလိုက်ရပါသည်။ ။