(၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကြိုဆို

 

(၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကြိုဆို

 

    (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို  မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေးမှုလက္ခဏာများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး၊ ပြည်ထောင်စုသွေးချင်းများ၏  သွေးစည်းညီညွတ်သည့် စိတ်ဓာတ်နှင့် အမျိုးသားစည်းလုံးညီညွတ်မှုစိတ်ဓာတ်တို့ကို မြန်မာ့အနုပညာဖြင့်  ဖော်ထုတ်ပြသနိုင်ရေး၊ မြန်မာ့ရိုးရာအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ရေး၊ နိုင်ငံတော်၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုနှင့် အနုပညာ၏အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည့်ဦးတည်ချက်များချမှတ်ကာ  ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ဂုဏ်ဒြပ်နှင့် အဆင့်အတန်းကို ညွှန်းဆိုပြသမည်ဆိုလျှင် ထိုနိုင်ငံ၊ ထိုလူမျိုး၏ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော  အနုသုခုမယဉ်ကျေးမှုအဆင့်အတန်း မည်မျှသက်တမ်းရှည်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှုနှင့် ရှေးအစဉ်အလာမပျက်ဖော်ထုတ်ပြသနိုင်မှုသည် အဓိကကျသည့်အချက်ဖြစ်သည်။  မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကတည်းက တည်တံ့ဖြစ်ထွန်းခဲ့သော ယဉ်ကျေးမှုအနုသုခုမပညာရပ်များသည် ယနေ့ထက်တိုင်အောင် အရှည်တည်တံ့ခိုင်မြဲပြီး ရှေးမူဟန်မပျက် ဖော်ထုတ်ပြသလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်နေစေရန်အတွက် ထိုနိုင်ငံ၏ အစဉ်အဆက်ယဉ်ကျေးမှုအမွေအနှစ်များကို ထုတ်ဖော်ပြသနိုင်မှုစွမ်းပကားများနှင့် သက်သေထူပြနိုင်ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်လွှမ်းမိုးလာသောကြောင့် အထူးသဖြင့် လူငယ်လူရွယ်များသည် တိုင်းတစ်ပါးယဉ်ကျေးမှုကိုအထင်ကြီးပြီး မိမိနိုင်ငံ၊ မိမိလူမျိုးအပေါ် တန်ဖိုးထားလေးစားမှုလျော့နည်းလာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

ယနေ့ကာလတွင် မိမိနိုင်ငံ၏လူသားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ်လူငယ်မောင်မယ်များကို အနာဂတ်နိုင်ငံတော်ကြီး ကောင်းမွန်စွာ တည်ဆောက်နိုင်ရေးအတွက် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး ရည်မျှော်၍ ပြုစုပျိုးထောင်နေကြပြီး နိုင်ငံတော်ကိုဘက်စုံမှ  ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊  ထို့ကြောင့်  ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ခြင်းသာမက ယဉ်ကျေးသိမ်မွေ့ခြင်းများနှင့်ပါ ပြည့်စုံသည့်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ကျင်းပခြင်းသည်လည်း မြန်မာ့အနုပညာဖွံ့ဖြိုး တိုးတက်စေရုံသာမက ထူးခြားပြီးအနက် အဓိပ္ပာယ်ပြည့်ဝလှသည့် မြန်မာ့အနုပညာကို ကမ္ဘာကပင်တွေ့မြင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြိုင်ပွဲကျင်းပရေး  ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့်    မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်ပေါင်းများစွာမတိမ်ကော မပပျောက်စေရေး၊ မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်လိုစိတ်များ ရှင်သန်စေရေးတို့ကို လက်ဆင့်ကမ်းပေးဝေနိုင်ခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ ရိုးရာအစဉ်အလာ ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံ ဗဟုသုတများသည် နိုင်ငံတော်အပေါ် ချစ်ခင်မြတ်နိုးလိုစိတ်နှင့် မျိုးချစ်စိတ်တို့ကို  ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းတရားများ ဖြစ်ရာ ဝါသနာရှင် မျိုးဆက်သစ်လူငယ်များ ဆက်လက်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ကျင်းပရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အတွက် မိမိနိုင်ငံနှင့် မိမိလူမျိုးကိုချစ်မြတ်နိုးကြသော လူငယ်များအနေဖြင့် အဆိုပါရိုးရာယဉ်ကျေးမှုပြိုင်ပွဲကြီးကို ပါဝင်အားပေးကြရမည်ဖြစ်သည်။

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)အဆင့်၊ အခြေခံပညာ(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အဆင့်များဖြင့်ယှဉ်ပြိုင်ရန် သတ်မှတ်ထားသည်။  ပြိုင်ပွဲဝင်များ၏ ကျွမ်းကျင်မှုအနုပညာ အမျိုးမျိုးကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုခံစားရတော့မည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှုထဲတွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ဥစ္စာဓနကြွယ်ဝမှု၊ သယံဇာတပေါများမှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာထူးချွန်မြင့်မားမှုများအပြင် ယင်းနိုင်ငံ၏ ရှည်လျားသည့် သမိုင်းကြောင်းနှင့် ယှဉ်တွဲဖြစ်ထွန်းလာသည့်  ရိုးရာယဉ်ကျေးမှု အနုသုခုမများ၊ ဓလေ့ထုံးတမ်းများလည်း ပါဝင်သည်။ မြန်မာတို့သည် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားသည့် သမိုင်းအစဉ်အလာရှိခဲ့သည်။ မြန်မာတို့၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများသည် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူများဖြစ်သည့်အတွက် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့၏ သီးသန့်ပိုင်ဆိုင်သော  အမျိုးသားရေးသင်္ကေတ၊ အမျိုးသားရေး လက္ခဏာဟုပင် ခေါ်ဆိုနိုင်ပေသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် မှီတင်းနေထိုင်သည့် ပြည်ထောင်စု ဖြစ်သည်နှင့်အညီ တိုင်းရင်းသားလူမျိုးတို့၏ ရေမြေရာသီဥတုနှင့် ရိုးရာယဉ်ကျေးမှုကိုတည်မှီ၍ ရိုးရာဂီတအနုပညာများသည်လည်း မတူကွဲပြားကြသည်။ မတူကွဲပြားမှုများနှင့်အတူ အမြဲရှင်သန်နေသည့်ယဉ်ကျေးမှု အမွေအနှစ်များကိုစုစည်း၍ ယဉ်ကျေးမှုအနုသုခုမတည်းဟူသော ခေါင်းစဉ်အောက်တွင် ရိုးရာယဉ်ကျေးမှု   အနုပညာအမွေအနှစ်များ မပျောက်ပျက်အောင် ကြိုးပမ်းဖော်ထုတ်ရမည်ဖြစ်သလို ဆက်လက်ပြန့်ပွားအောင် မြှင့်တင်ရမည်လည်းဖြစ်သည်။ သို့ဖြစ်ရာ  နိုင်ငံတော်က ကြီးမှူးကျင်းပ ဆောင်ရွက်ပေးလျက်ရှိသော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် အရေးပါသည့်လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ပါဝင်လျက်ရှိသည်။

ယဉ်ကျေးမှုသည်  နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းမြင့်မားမှုကို ညွှန်းဆိုပြသနေသဖြင့် ယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်သွားပါက လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ အနှစ်သာရလည်း ပျောက်ဆုံးသွားမည်ပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် နည်းပညာနှင့် ယဉ်ကျေးမှုများ အရှိန်အဟုန်ဖြင့် ပြောင်းလဲဖြစ်ပေါ်တိုးတက်နေသော်လည်း ရိုးရာအစဉ်အလာ ယဉ်ကျေးမှုဓလေ့စရိုက်များကို တည်တံ့ခိုင်မြဲစေရန် လူမျိုးတိုင်း၊ နိုင်ငံတိုင်းက တန်ဖိုးထားထိန်းသိမ်းလျက်ရှိသည်။

အမျိုးသားယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသက်ပင်ဖြစ်သည်။ အမျိုးသားယဉ်ကျေးမှု မြင့်မားလေ နိုင်ငံနှင့်လူမျိုး၏ အဆင့်အတန်းမြင့်တက်လေပင်ဖြစ်သည်။ ထို့ကြောင့်  ဘိုးဘေးဘီဘင်တို့က အမွေအနှစ်အဖြစ် ချန်ထားရစ်ခဲ့သည့် အနုသုခုမပညာရပ်များကို မျက်မှောက်ကာလမှသည် နောင်ကာလရတု အဆက်ဆက်တိုင် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးသည် နိုင်ငံသားအားလုံး၏ တာဝန်တစ်ရပ်ပင်ဖြစ်သည်။

ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်

    ယနေ့မျိုးဆက်သစ်လူငယ်များ မွေးဖွားကြီးပြင်းရာခေတ်တွင် နိုင်ငံအသီးသီး၊ လူမျိုးအသီးသီး၏ အမျိုးမျိုးသော ယဉ်ကျေးမှုများသည် မီဒီယာနည်းပညာများကိုအသုံးပြု၍ လွတ်လပ်ပွင့်လင်းစွာစီးဆင်းလျက်ရှိသည်။ အတုယူရမည့်အရာများရှိသလို အတုမယူသင့်သည့်အရာများလည်း ပါဝင်လျက်ရှိသည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များ အတုယူမှား လမ်းမှားမလိုက်မိစေရန်၊ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားအောင်ဆောင်ရွက်ရန် အထူးလိုအပ်ပေသည်။

လူငယ်များ၏စိတ်နှလုံးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမများကို တန်ဖိုးထားနှစ်သက်မြတ်နိုးစိတ ်စွဲထင်နေမှသာ လက်ဆင့်ကမ်းထိန်းသိမ်း သွားနိုင်မည်ဖြစ်ပေသည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် မိမိတို့၏တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုများကို မြတ်နိုးတန်ဖိုးထားတတ်စေရန် အထူးအလေးထားပြီး စုပေါင်းကာကွယ် ထမ်းဆောင်ကြရမည်ဖြစ်သည်။ မိမိတို့၏ယဉ်ကျေးမှုကို နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကင်းဝေးစေရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ထိန်းသိမ်းသွားရမည်ဖြစ်သည်။         

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူထမ်းဆောင်ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်ပါ  ပုဒ်မ(၂၇)အရ နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည်ဟူ၍ လည်းကောင်း၊ ပုဒ်မ (၃၃) အရ နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက်   ဆောင်ရွက်ရမည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၃၉၀ (က) အရ နိုင်ငံသားတိုင်းသည် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတွင် နိုင်ငံတော်အားကူညီရန် တာဝန်ရှိသည်ဟူ၍   ဖော်ပြပါရှိသည်။   ထိုပြဋ္ဌာန်းချက်များကိုအလေးထားလျက် မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား နိုင်ငံတော်အဆင့်   ခမ်းနားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။     

အချုပ်ဆိုရသော် ယနေ့မျက်မှောက်ကမ္ဘာတွင် နယ်စည်းမခြား ပွင့်လင်းလွတ်လပ်မှုများနှင့်အတူ မီဒီယာနည်းပညာကို အသုံးပြုပြီး ယဉ်ကျေးမှုဆိုင်ရာထိုးဖောက်မှုအမျိုးမျိုးက နယ်ပယ်အသီးသီးတွင် ဝင်ရောက်လျက်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ထို့ကြောင့်   မြန်မာတို့၏ထူးခြားမြင့်မြတ်သည့် အစဉ်အလာများနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ပိုမိုထွန်းတောက်လာစေရေး၊ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဝင့်ဝင့်ထည်ထည် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိမြဲမြံစွာဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ဦးတည်ချက်(၄)ရပ်ဖြင့် အောက်တိုဘာလ ၇ ရက်(ယနေ့)မှစ၍ ကျင်းပနေပြီဖြစ်ရာ ပြည်ထောင်စုတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊   အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ အနုသုခုမလက်ရာများကို    တွေ့မြင်အားပေးကြရတော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်။   ။