နေပြည်တော်၊ မတ် - ၂၇
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအား(၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံမှူး များအား ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် နေပြည်တော်ရှိ Grand Amara Hotel ရှိ ဧည့်ခန်းမ ဆောင်၌ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
ထိုသို့ ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများ၊ မဲလိမ်မဲခိုးမှု များကြောင့် နိုင်ငံတော်၏ တာဝန်ကိုရယူထိန်းသိမ်းခဲ့ရသည့်အခြေအနေများ၊ တပ်မတော်အနေ ဖြင့် မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းပေးရန်၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ စေ့စပ်ညှိနှိုင်းအဖြေရှာနိုင်ရေး တောင်းဆိုခဲ့သော်လည်း လျစ်လျူရှုခဲ့ပြီး ယခုအခြေအနေသို့ ရောက်ရှိမှသာလျှင် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန်ပြောဆိုလျက်ရှိသည့်အခြေအနေများ၊ နိုင်ငံ အတွင်းရှိအချို့မြို့ကြီးများ၌ ငြိမ်းချမ်းစွာဆန္ဒပြမှုအသွင်မှ အကြမ်းဖက်ဆူပူမှုအသွင် (Riot)၊ ၎င်းမှာ မင်းမဲ့စရိုက်ဆန်သောလူအုပ်စု (Anarchy Mob)အသွင်၊ ထိုမှတစ်ဆင့် လက်နက်ကိုင် အကြမ်းဖက်သည့်အသွင် (Insurrection) အဆင့်သို့ ကူးပြောင်းလာသည့် အခြေအနေများ၊ မင်းမဲ့စရိုက်အသွင် လက်နက်ကိုင်အကြမ်းဖက်မှုများပြုလုပ်ခဲ့ရာတွင် ပြည်သူပိုင်ရုံးများ၊ ရဲစခန်းများ၊ စာသင်ကျောင်းများ၊ စက်ရုံအလုပ်ရုံတို့အား မီးရှို့ဖျက်ဆီးခဲ့မှုနှင့် လမ်းတံတားများ အားဖောက်ခွဲဖျက်ဆီးခဲ့မှု စသည့်မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေ သည့် အခြေအနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်၍ လက်ရှိဆောင်ရွက်လျက်ရှိ သည့်အခြေအနေများအား နိုင်ငံတကာ မှ သိရှိစေရန် Powerpoint Presentation များဖြင့် တာဝန်ရှိသူများက အကျယ်တဝင့်ရှင်းလင်း ပြောကြားကြပြီး တက်ရောက်လာကြသည့် စစ်သံမှူးများက သိရှိလိုသည်များအား မေးမြန်း ကြသည်။
ထို့နောက် ခင်းကျင်းပြသထားသော သိမ်းဆည်းရမိသည့် ဆူပူအကြမ်းဖက် လှုပ်ရှား မှုများတွင် အသုံးပြုသော ဒေသန္တရလက်နက်၊ ကိရိယာပစ္စည်းများအား တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။