မြန်မာ့ရိုးရာ ဓလေ့ထုံး ရွှင်ပြုံးလိုက်နာ ပျော်စရာ

အယ်ဒီတာ့အာဘော် (၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင် ၂၂ ရက်) မြန်မာ့ရိုးရာ ဓလေ့ထုံး ရွှင်ပြုံးလိုက်နာ ပျော်စရာ မြန်မာတို့၏ ဆိုရိုးစကားတွင် ''ရှေးထုံးလည်းမပယ်နှင့်၊ ဈေးသုံးလည်းမလွယ်နှင့်'' ဟူသောစကားရှိပေသည်။ဆိုလို သည်မှာ ရှေးကဓလေ့ထုံးစံများကို မပစ်ပယ်ပါနှင့်၊ ပစ်ပယ်လျှင်လွဲမှားတတ်သည်။ ငွေကိုလည်း ချင့်ချိန်၍သုံးစွဲပါ။  မချင့်မချိန်သုံးစွဲလျှင် မွဲတတ်သည်ဟူ၍ဆိုခြင်းဖြစ်သည်။ ဆိုရိုးစကားများသည် ရှေးလူကြီးများ စဉ်ဆက် ကျင့်သုံးခဲ့ သော အလေ့အထဖြစ်သည်။ မျိုးရိုးစဉ်ဆက် ကျင့်သုံးခဲ့သော မြန်မာတို့၏ရိုးရာဓလေ့ များသည် လိုက်နာ နိုင်သူများအတွက် နည်းလမ်းကောင်းများဖြစ်သည်။ မြန်မာတို့၏ရိုးရာအစဉ်အလာအရ စားသောက်သောအခါ မိသားစုဝိုင်းဖွဲ့ကာစားသောက်ကြသည်။ စားပွဲပေါ်တွင် ထမင်းနှင့် ဟင်းလျာများခူးခပ်ပြီး လူကြီးမိဘများထိုင်ပြီးမှ လူငယ်များထိုင်ကြသည်။ လူကြီး မိဘများ မစားမီ လူငယ်များ စားသုံးခြင်းမပြုကြ။ ဟင်းလျာကိုဦးဦးဖျားဖျားခပ်၍  လူကြီးမိဘ ပန်းကန်ထဲသို့ ဦးချပြီးမှ ကျန်လူများ စားကြရသည်။ မိဘကိုဦးမချဘဲ စားလေ့မရှိကြပါ။ အင်းဝခေတ် ရှင်မဟာသီလဝံသ၏ ဆုံးမစာတွင် ''မိဦး ဘဦး၊ ဆရာဦးကို၊ ခူး၍အလျဉ်မစားနှင့်''ဟုမိန့်ဆိုထားသည်။ ထမင်းကိုလက်ယာလက်ဖြင့် စားသောက်ကြသောကြောင့် ဟင်းရည်ကိုလက်ဝဲလက်ဖြင့်ခပ်ရသည်။ ထမင်းလုတ်ကြီးကြီးယူ၍ ပလုတ် ပလောင်းစားခြင်း၊ စားနေစဉ်စကား ပြောခြင်း၊ အသံမြည်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ တံတွေးဟပ်ခြင်း တို့မပြုလုပ်ကြပါ။ ထိုသု့ိပြုလုပ်မိလျှင် အတူစား သုံးသူများ စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ယဉ်ကျေးမှု ကင်းမဲ့ရာလည်းရောက်လေသည်။ မြန်မာတို့သည် စားသောက်ရာတွင် စည်းစနစ်ကျနစွာစားသောက်ကြသည်သာမက အဝတ်အစားဝတ်ဆင် ရာ၌လည်း စည်းနှင့်ကမ်းနှင့် ဝတ်ဆင်ကြရသည်။ ကာလဒေသကိုလိုက်၍ ဝတ်စားဆင်ယင်မှုကွဲပြားမှုရှိနိုင် သော် လည်း အခြေခံလိုက်နာကျင့်သုံးသည့်ဓလေ့ထုံးစံများမှာ အတူတူပင်ဖြစ်သည်။ ရာသီဥတုသဘာဝ ပတ်ဝန်း ကျင် နှင့် လိုက်ဖက်သော ဣန္ဒြေသိက္ခာကို ထိန်းသိမ်းကြသော အစဉ်အလာမှာလည်းတူညီပါသည်။ အင်္ကျီ အဝတ် အစား ဝတ်ဆင်ရာတွင် နေရာဌာနကိုအထူးဂရုစိုက်ကြသည်။ အိမ်မှာနေစဉ် အဝတ်အစားအသစ်ကိုမဝတ်ဆင်ရန်၊ ညအိပ်ရာဝင်လျှင် အင်္ကျီအသစ်ကိုမဝတ်ဆင်ရန် မိဘများက ငယ်စဉ် ကတည်းက ဆုံးမထားကြသည်။ ဤဆုံးမစကားသည် မြန်မာ့လူ့ဘောင်တွင် အစဉ်အလာတစ်ရပ်အဖြစ် ရပ်တည်နေပြီး မြန်မာလူမျိုးတို့သည် အိမ်မှာနေစဉ် တစ်ပတ်နွမ်းအဝတ်ကိုသာ ဝတ်ဆင်လေ့ ရှိကြသည်။ ကျောင်းသွား၊ ရုံးသွား၊ ဈေးသွား၊ ဘုရားသွားရာတွင်မူ အတော်အသင့်သစ်လွင်သည့် ရိုးရိုးဝတ်စုံ ကိုဝတ်ဆင်ကြ သည်။ ကျောင်းဆိုလျှင်ကျောင်းဝတ်စုံ၊ ရုံးဆိုလျှင်ရုံးဝတ်စုံ၊ ဈေးဆိုလျှင် ဈေးနှင့်သင့်လျော်မည့် ဝတ်စုံ၊ ဘုရား ဆိုလျှင် ယဉ်ကျေးမှုနှင့်အညီဖြစ်စေသော ဝတ်စုံမျိုးကို ဆိုလိုခြင်းဖြစ်သည်။ ဘာသာရေး၊ လူမှုရေးနှင့် ပတ်သက်သော ပွဲလမ်းသဘင်များ တက်ရောက်ရာတွင် ပွဲထိုင်ဝတ်စုံကိုဝတ်ဆင်ကြရ သည်။ ပွဲထိုင်ဝတ်စုံသည် သစ်လွင်သော ဝတ်စုံဖြစ်ခြင်း၊ မြန်မာဝတ်စုံကို ဝတ်စုံပြည့်ဝတ်ဆင်ခြင်း၊ ဆံပင် ကိုသပ်ရပ်စွာ ထုံးဖွဲ့ခြင်းတို့ဖြစ်သည်။ အမျိုးသမီးများသည် ထဘီနှင့်အင်္ကျီလက်ရှည်ဝတ်၍ အခမ်းအနား ပွဲသဘင် များတွင် ပဝါ၊ ခြုံထည်၊ တဘက်စသည်ဖြင့်ပခုံးပေါ်သို့တင်၍ သွားလာကြသည်။ အမျိုးသားများမှာမူ ပုဆိုး၊ ရှပ်အင်္ကျီလက်ရှည်၊ တိုက်ပုံ၊ ခေါင်းပေါင်းစသည်ဖြင့် ဝတ်ဆင်၍သွားကြသည်။ မြန်မာတို့၏နေထိုင်မှုဆိုင်ရာ ရိုးရာဓလေ့များသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။ မြန်မာတို့၏ ရိုးရာဓလေ့မှာ မိသားစု သိုက်သိုက် ဝန်းဝန်း နေတတ်ကြသည်။ ဘိုးဘွားမိဘများကို သားသမီးများကရိုသေကြသည်။ အထူးသဖြင့် မိဘ ကျေးဇူးကို မြင်းမိုရ်တောင်ဖြင့်တင်စားကာ ကိုးကွယ်ဆည်းကပ်ကြသည်။ မိဘများကလည်း သားသမီးများကို အရွယ်ရောက် သည်အထိ စိတ်မချနိုင်သေးဘဲ အစစအရာရာတွေးတော ပူပန်နေတတ်ကြသည်။ ကြက်မကြီးက မိမိ ရင်သွေးကြက်ပေါက်စ ကလေးများကို အန္တရာယ်နှင့် တွေ့မည်စိုး၍ မိမိရင်ခွင်အောက်တွင် ထားတတ် သကဲ့သို့ဖြစ်သည်။ မိဘ၏အေးမြသောအရိပ်အောက်တွင် သားသမီးများ စုရုံးနေတတ်သည်။ မြန်မာတို့၏နေထိုင်မှုသည် မြန်မာ့ရိုးရာဓလေ့တစ်ခုဖြစ်သည်။ မိဘများသည် သားသမီးများလိမ္မာရေးခြားရှိစေရန် သွန်သင်ဆုံးမတတ်သည့်လက်ဦးဆရာများလည်းဖြစ်သည်။ ''လက်ဦးဆရာ၊ မည်ထိုက်စွာသား၊ ပုဗ္ဗာစရိယ မိနှင့် '' ဆိုစကား ရှိသလို ''သားကိုငယ်က၊ မဆုံးမသော်၊ မိဘတစ်လီ၊ ရန်သူမည်၏'' ဟူသောအဆိုအမိန့်များလည်း အထင်အရှား ရှိသည်။ ဆုံးမသူမိဘကလည်း မိမိသားသမီး စည်းကမ်းဘောင်အတွင်း နေတတ်စေရန် ရည်ရွယ် သကဲ့သို့ ဆုံးမခံရသူ သားသမီးကလည်း ချုပ်ချယ်သည့်သဘော၊ စည်းကမ်းတင်းကျပ်သည့်သဘောမမြင်ဘဲ အမှား မလုပ်မိစေရန်ဆင်ခြင်လိုသော သဘောကိုသာ ခံယူကြပါသည်။ လူမှုဆက်ဆံရေးတွင် လူငယ်နှင့်လူကြီးဆက်ဆံရေးသည် အဓိကကျသည်။ လူငယ်က လူကြီးကို တစ်စုံတစ်ခု ပေးသော အခါ လက်နှစ်ဖက်ဖြင့် ပေးခြင်း၊ ဦးခေါင်းညွှတ်ခြင်း၊ ရိုသေသော အမူအရာကိုပြခြင်း တို့ဖြင့်ပေးကြ သည်။ ထို့အတူ လူကြီးပေးသော ပစ္စည်း ယူရာတွင်လည်း ဦးခေါင်းညွှတ်ပြီး လက်နှစ်ဖက်နှင့် ယူကြသည်။ လူကြီး သူမရှေ့တွင်ထိုင်ခြင်း၊ လမ်းဖြတ် လျှောက်ခြင်းတို့တွင် အထူးဂါရဝထားပြီး ကျစ်လျစ်စွာ နေတတ်ကြသည်။ ညီအစ်ကို မောင်နှမ ဆက်ဆံရေးတွင်လည်း ''အစ်ကိုကြီးအဖအရာ၊ အစ်မကြီးအမိအရာ'' ဟူသောဆိုရိုးစကား နှင့်အညီ အစ်ကိုကြီး၊ အစ်မကြီးများက ညီငယ်၊ ညီမငယ်များကို ပဲ့ပြင် လမ်းညွှန်ရသည်။ ''ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊ မိဘကဲ့သို့မှတ်ပါလေ''ဟူသော ဆုံးမစာအဆိုအမိန့်နှင့်အညီ လိုက်နာကြရသည်။ ချစ်စရာ ကောင်းသော မြန်မာ့ရိုးရာထုံးဓလေ့အစဉ်အလာများကား စာဖွဲ့၍မကုန်နိုင်အောင် များပြား လှပေသည်။ မြန်မာ မှန်လျှင် မြန်မာ့ရိုးရာ ဓလေ့ထုံး ရွှင်ပြုံးလိုက်နာ ပျော်စရာဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။