ကြိုတင်ကာကွယ် သဘာဝရေဘေးအန္တရာယ်

မိုးသည်းထန်စွာရွာသွန်းခြင်းသည် မြစ်ရေကြီးခြင်း၊ တောင်ကျချောင်းရေလျှံခြင်းများ၏ အခြေခံအကြောင်းရင်းဖြစ်သည်။ မြစ်ရေ ကြီးခြင်းမဖြစ်ပေါ်စေရန် တားဆီး၍မရနိုင်သော်လည်း သတိထား၍ ကြိုတင်ကာကွယ်မှုပြုနိုင်သည်။ မိမိတို့ နေထိုင်သော အရပ်ဒေသ၏ ပထဝီအနေအထားကို ကြိုတင်တွက်ချက်၍ဖြစ်လာနိုင်သည့်အန္တရာယ်ကို ကြိုတင်ပြင်ဆင်နိုင်လေသည်။ အထူး သတိပြုရမည်မှာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စဉ်ဆက်မပြတ်ထုတ်လွှင့်ပေးလျက်ရှိသော မိုးလေဝသ သတင်းများကို သိရှိနေပြီးသဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုဖြင့် အနိုင်ယူကြရမည်ဖြစ်သည်။ မနိုင်သော်မှ အရှုံးမထွက်ရန် အရေးကြီးလှသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့နေရသည်မှာ မြစ်ရေကြီးခြင်းအပါအဝင် သဘာဝရေဘေး အန္တရာယ်ပင် ဖြစ်သည်။

မြစ်ရေကြီးခြင်းဆိုသည်မှာ မြစ်အတွင်းစီးဆင်းနေသောရေထုထည်ပမာဏသည် လွန်စွာကြီးမားသည့်အခါ မြစ်ကြောင်းမှ လက်ခံ နိုင်စွမ်းထက်ကျော်လွန်ပြီး မြစ်ကမ်းပါးပေါ်သို့ ရေကျော်ဝင်ရောက်ခြင်းဖြစ်သည်။ မြစ်ကြီးများတွင် ရေများပိုလျှံလာသောအခါ မြေနိမ့်လွင်ပြင်များတွင် ရေလွှမ်းမိုးသွားလေ့ရှိသည်။

ရေလွှမ်းမိုးဧရိယာကျယ်ဝန်းသောကြောင့် ဒေသကျယ်ရေကြီးခြင်းဟုသတ်မှတ်ထားသည်။ မြစ်ကြီးများတည်ရှိရာဒေသများတွင် ထိုသို့ဖြစ်လေ့ရှိသည်။ ရုတ်တရက်ရေကြီးတတ်သည်မှာ မြစ်ငယ်၊ ချောင်းငယ်များတွင်ဖြစ်လေ့ရှိသော ရေကြီးခြင်းမျိုးဖြစ်သည်။ နှစ်စဉ်ဖြစ်လေ့ဖြစ်ထရှိသည့်အပြင် ရုတ်တရက်လည်းဖြစ်နိုင်သည်။မြစ်ငယ်၊ ချောင်းငယ်များမှာ မြစ်ကြောင်း(ရေလမ်းကြောင်း) ပြောင်းလဲခြင်း၊ မြစ်ကြောင်းကွေ့ကောက်ခြင်း၊ ရွှံ့အနည်ထိုင်မှုများပြားလာသောအခါ မြစ်ကြောင်းအောက်ခံမြင့် တက်လာခြင်း တို့ဖြစ်နေချိန်တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းလိုက်သောအခါ ရုတ်တရက်ရေကြီးခြင်းဖြစ်တတ်သည်။ ထိုအခါ တာတမံ များကျိုးပေါက်ခြင်း၊ မြေပြိုခြင်း၊ တံတားများကျိုးပျက်ခြင်းတို့ဖြစ်နိုင်သည်။

မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်းရှည်လျားစွာပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ဖြစ်ပေါ်၍ ကမ်းရိုးတန်းများဖြတ်ကျော်သည့်အခါ ရေကြီးခြင်းဖြစ်တတ်သည်။ မုန်တိုင်းနှင့်အတူ ပါလာသောလေပြင်းများကြောင့် ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများဖြစ်ပေါ်ကာ ပင်လယ်ရေမြင့်တက်ပြီး ရေကြီးခြင်းဖြစ်ပေါ်နိုင်သည်။ ရေကြီးရေလျှံခြင်းများသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့်သဘာဝရေဘေးအန္တရာယ်တစ်ခုဖြစ်ပါသည်။ ဘေးအန္တရာယ်တစ်ခုခုနှင့်ကြုံရလျှင် ဆုံးရှုံးမှု ပမာဏသည်လည်း ကြီးမားလွန်းလှသည်။ ရေဘေးကဲ့သို့သော ဘေးအန္တရာယ်မျိုးကို ကြိုတင်ပြင်ဆင်မှုဖြင့် ပျက်စီးဆုံးရှုံးမှု နည်းပါးအောင် လုပ်ဆောင်နိုင်သည်။

မိမိတို့နေထိုင်သောအရပ်ဒေသသည် မြေနိမ့်ပိုင်းဖြစ်နေသလား၊ မြစ်ချောင်းများနှင့် နီးကပ်စွာတည်ရှိနေသလား စသည်ဖြင့် အရပ်ဒေသ၏ အနေအထားကို ပိုင်နိုင်စွာသိထားသင့်သည်။ အကယ်၍ ရေဘေးအန္တရာယ်ကျရောက်လာလျှင် မိမိတို့ မည်သည့် နေရာသို့ရွှေ့ပြောင်းနေထိုင်မည်နည်း။ အရေးကြီးသော စာရွက်စာတမ်း၊ ရွှေငွေလက်ဝတ်ရတနာများကို ရေမစိုနိုင်အောင် မည်သို့ ပြင်ထားမည်၊ စားသောက်ဖွယ်ရာများ၊ အိမ်သုံးဆေးဝါးများကိုလည်း တစ်ပါတည်းပါအောင် မည်သို့ပြင်ဆင်ထားမည် စသော အချက်များကို ကြိုတင်ပြင်ဆင်ထားရပါမည်။ အသက်ကယ်အင်္ကျီနှင့် ရေပေါ်တွင်ပေါ်နိုင်သည့် ငှက်ပျောတုံးများ ဆောင်ထား ရပေမည်။ ကျွဲနွားစသောတိရစ္ဆာန်များကို ကြိုတင်ရွှေ့ပြောင်းထားရမည်။ ဖြစ်လာခါမှ ပြေးပြေးလွှားလွှားသွားနေခြင်းထက် မဖြစ်ခင် ကတည်းက ကြိုတင်ပြင်ဆင်တတ်သောစီမံချက်ရှိသင့်ပေသည်။

ဖြစ်နိုင်လျှင် နှစ်စဉ်ရေဘေးကြုံတွေ့ရတတ်သောဒေသတွင်နေသူများသည် မိသားစုတစ်ခုတွင် အနည်းဆုံး လှေတစ်စင်းမျှရှိ သင့်သည်။ ရေပေါ်တွင် လူနှင့်ပစ္စည်းများကို သယ်ဆောင်သွားနိုင်သည်မှာလှေသည် အားကိုးရာဖြစ်သည်။ လူသားတို့အတွက် အရေးကြီးဆုံးအရာကို ညွှန်ပြပါဆိုလျှင် သတင်း ဖြစ်သည်။နိုင်ငံပိုင်ရုပ်မြင်သံကြား၊ သတင်းစာများမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးနေသော မိုးလေဝသသတင်းများကိုသိရှိထားမှသာ မိမိနှင့်မိမိ မိသားစု၏အသက်ကို ကယ်တင်နိုင်ပါလိမ့်မည်။ ဆိုလိုသည်မှာ ဘေးအန္တရာယ်ဟူသောရန်သူ၏သတင်းကို ကြိုတင်သိရှိထားမှ မိမိကကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်သည်။

မြစ်ကမ်းတစ်လျှောက်တွင် နေထိုင်ကြသည့်ပြည်သူများအား ရေကြီးခြင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများက သတိပေးလျက်ရှိပါသည်။ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးများတွင် မြစ်ရေသည် စိုးရိမ်ရေ အမှတ်သို့ရောက်ရှိနိုင်သည်။ စက်တင်ဘာ ၃ ရက်မွန်းလွဲ ၁ နာရီအချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် နောက် ၇၂ နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်း သတင်းထုတ်ပြန်ပေးထားသည်။ လူမှုပတ်ဝန်းကျင်တွင် ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကျရောက် နေချိန်တွင် သဘာဝရေဘေးအန္တရာယ်သည်လည်း ကျရောက်လာနိုင်သဖြင့် ပြည်သူလူထုတစ်ရပ်လုံးက ကြိုတင်ပြင်ဆင် ကာကွယ်ခြင်းဖြင့် သဘာဝရေဘေးအန္တရာယ်ကိုကျော်လွှားနိုင်ကြပါစေကြောင်းရေးသားလိုက်ရပေသည်။    ။