စိတ်ဝမ်းကွဲစေရန် ဖန်တီးမှုများကိုလက်မခံ

စိတ်ဝမ်းကွဲစေရန် ဖန်တီးမှုများကိုလက်မခံ

မြန်မာနိုင်ငံသည်နိုင်ငံတိုင်းနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသည်။ သို့သော်နိုင်ငံ အချို့သည် မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးကို အမြဲတမ်း နှောင့်ယှက်လျက်ရှိသည်။ မြန်မာ့သမိုင်းကို အမှန်အတိုင်းပြန်ကြည့်လျှင် ရိုးသား၍ စိတ်ထားဖြူစင်သော မြန်မာတို့ကို လက်နက်အားကိုးအနိုင်ကျင့်ကာ စစ်ပွဲသုံးကြိမ် ဖန်တီးလျက် နှစ်ပေါင်းတစ်ရာကျော် သိမ်းပိုက်အုပ်ချုပ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ့လွတ်လပ်ရေးတပ်မတော်(BIA) ပေါ်ပေါက်လာပြီး တပ်မတော်နှင့် ပြည်သူ ညီတူလက်တွဲတိုက်ပွဲဝင်ခဲ့သောကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ  ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ မြန်မာ့သမိုင်းကြောင်းဖြစ်ရပ်မှန်ဖြစ်ပေသည်။

မြန်မာတို့လွတ်လပ်ရေးရရှိရန် လက်တစ်ကမ်းအလိုတွင်   ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံ လိုက်ရသည်။ ဇူလိုင် ၁၉ ရက်နေ့ကို မြန်မာတို့မျက်ရည်ကျခဲ့ရသည်မှာ ယနေ့တိုင် ဖြစ်သည်။ ထိုဇူလိုင် ၁၉ ၏နောက်ကွယ်က ဖြစ်ရပ်ကိုပြန်တွေးကြည့်လျှင် ထိုအချိန်က အုပ်ချုပ်နေသူသည် အင်္ဂလိပ်အစိုးရလက်ထက်ဖြစ်သည်။ လုံခြုံရေး ဆိုင်ရာ ကျိုးပေါက်မှုတွင် ထိုအစိုးရတွင်သာ လုံးဝတာဝန်ရှိသည်။ ဂဠုန်ဦးစောသည် နယ်ချဲ့တို့၏ လက်ကိုင်တုတ် တစ်ချောင်းမျှသာဖြစ်သည်။ အမှန်က ဗိုလ်ချုပ်အောင်ဆန်းကို နယ်ချဲ့ အင်္ဂလိပ်က လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်သည် ဟုဆိုသော် မည်သူမျှမငြင်းနိုင်သော အချက်ဖြစ်သည်။

အင်္ဂလိပ်တို့ အုပ်ချုပ်စဉ်ကာလကလည်း   မြန်မာတိုင်းရင်းသားအချင်းချင်း သွေးခွဲ အုပ်ချုပ်ခဲ့သည်။ ထိုဒဏ်ရာက ယခုချိန်ထိကုသရန် ခက်ခဲလျက်ရှိသည်။ ထိုစဉ်ကအင်္ဂလိပ် ဆိုသည်မှာ ယခုဗြိတိန်နိုင်ငံဖြစ်သည်။  အဘယ်မျှ ကောက်ကျစ်သနည်းဆိုသော်   ဗိုလ်ချုပ် အောင်ဆန်းကိုသတ်ခဲ့သည်မှာ  ထိုအင်္ဂလိပ်လူမျိုးပင်ဖြစ်သည်။ ရင်နာစရာ အလွန် ကောင်းသော အဖြစ်အပျက်မှန်ဖြစ်သည်။ လွန်ခဲ့သည့်ငါးနှစ်တာကာလ မြန်မာ့နိုင်ငံရေး တွင်လည်း ထိုအင်္ဂလိပ်(ဗြိတိန်)တို့သည် အနီးကပ်လာရောက်နေထိုင်ကာ လိုအပ်သလို စေခိုင်းခဲ့ကြောင်း   ပါမောက္ခ  ဒေါက်တာနေဇင်လတ်၏ တစ်မွန်းတည့်နိုင်ငံရေးစာအုပ်တွင် ထင်ထင်ရှားရှား ဖော်ပြထားသည်။

ယခုအခါ မြန်မာ့နိုင်ငံရေးတွင် ၎င်းတို့စိတ်တိုင်းကျ ခြယ်လှယ်ခွင့်မရသောအခါ မစားရသည့်အမဲ သဲနှင့် ပက်သည့်လုပ်ရပ်များ လုပ်ဆောင်လာသည်။ ဗြိတိန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံကြီး စာရင်းဝင်နိုင်ငံဖြစ်သည်။ နိုင်ငံတစ်နိုင်ငံကိုအုပ်ချုပ်သော နိုင်ငံတော် အစိုးရနှင့် ထိုအစိုးရကို ပုန်ကန်နေသော အကြမ်းဖက်သောင်းကျန်းသူတို့ကို ခွဲခွဲခြားခြား သိမြင်ပါသည်။ အစိုးရဆိုသည်မှာ အစိုးရအချင်းချင်းသာ တိုင်းရေးပြည်ရာ ကိစ္စအ၀၀ကို  ဆက်သွယ်ဆောင်ရွက် လုပ်ဆောင်ကြပါသည်။  မြန်မာနိုင်ငံအနေဖြင့်  ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒယ်နီယယ်ပထရစ်ဘရန်ဒန်ချဂ်၏ နေရာတွင် မစ္စတာ ပီတာဗောင်းစ်အား ခန့်အပ်ရန် သဘောတူထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက  ဇူလိုင် ၂၆  ရက်နေ့တွင်  သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။  ဤသည်မှာ နိုင်ငံ အချင်းချင်း သံတမန်ဆက်သွယ်မှုဖြစ်သည်။

၂၀၂၁ ခုနှစ် ဇူလိုင် ၂၉ ရက်က ဗြိတိန်နိုင်ငံ၏ကမကထပြုမှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ Arria Formula အစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့တွင်ပြုလုပ်ခဲ့သည်။ ထိုအစည်း အဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်၍ လုပ်ကြံ ဖန်တီးထားသည့် တစ်ဖက်သတ် လိုရာဆွဲပြောကြားသည့် သတင်းအချက်အလက်များကို အခြေခံဆွေးနွေးခဲ့သည်။ မြေပြင်အခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျမြင်နိုင်ခြင်း မရှိသူ များအား ပါဝင်ရှင်းလင်းတင်ပြစေခြင်းဖြင့် နိုင်ငံတကာအသိုက်အဝန်းမှ အထင်အမြင် လွဲမှားစေရန် အစည်းအဝေးကို စီစဉ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကိုထိန်းချုပ်ရန် ယခုနှစ်မကုန်မီ လူဦးရေ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းထိုးနှံနိုင်ရေး အစွမ်းကုန်ကြိုးပမ်းလျက်ရှိသည်။ ၂၇-၁-၂၀၂၁ ရက်မှ ၂၁-၇-၂၀၂၁ ရက်အတွင်း ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်း အများစု တို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံတစ်ဝန်း ဦးတည်အုပ်စု (၁၂)စု သတ်မှတ်ကာ ဦးစားပေး ကာကွယ်ဆေးထိုးမည့်အစီအစဉ်ကို ဆက်လက် ဆောင်ရွက် လျက်ရှိသည်။ ကာကွယ်ဆေးသုံးသန်းရောက်ရှိထားပြီး သြဂုတ်လတွင်နောက်ထပ် သုံးသန်းထပ်မံရရှိမည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကပ်ရောဂါထိန်းချုပ်တားဆီးရန် အခြားနိုင်ငံများနည်းတူ မြန်မာပြည်သူများ လက်တွဲကာတွန်းလှန်နေချိန်တွင် အချင်းချင်းစိတ်ဝမ်းကွဲပြားမှုများနှင့် သံသယများဖြစ်ပေါ်စေရန် ဖန်တီးခြင်းကို လက်မခံနိုင်ပါ။ အကြမ်းဖက်အဖွဲ့ အစည်း(NUG)မှ အကြမ်းဖက်သမားများ၊ နိုင်ငံတော်သစ္စာဖောက်သူ တရားခံပြေးများအား အဆိုပါအစည်းအဝေးကို တက်ရောက်ခွင့်ပြုခြင်းကိုလည်း ပြင်းထန်စွာကန့်ကွက်ပြီး ဆွေးနွေးချက်များကို ပယ်ချကြောင်း၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုမှန်သမျှကို မြန်မာနိုင်ငံ ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်နေ့ သတင်း ထုတ်ပြန် ထားချက်မှာ တိုင်းပြည်နှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။    ။