ဆန်ကောလောက်ပင်ဇောက်မနက်သည့် လုပ်ရပ်များ

ဆန်ကောလောက်ပင်ဇောက်မနက်သည့် လုပ်ရပ်များ

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကူးစက်နေမှုရပ်တန့်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရရှိရေး ဆောင်ရွက်ပေးခြင်း၊ လူနာများအတွက် လိုအပ်နေသော အောက်ဆီဂျင်များရရှိရေးအတွက် ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးစင်တာများဖွင့်လှစ်ပေးခြင်း၊ ဆေးရုံတက်နေသူများ အာဟာရပြည့်ဝ စေရေးအတွက် အာဟာရဖြည့် အစားအစာများလှူဒါန်းခြင်း စသည်များဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် လတ်တလောအခြေအနေတွင် တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်မှု ခက်ခဲသော နေရာဒေသ များသို့ လေယာဉ်များဖြင့် ပို့ဆောင်ပေးခြင်း၊ ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံတော်မှ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ရေး လုပ်ငန်း များတွင် အရေးအကြီးဆုံးဖြစ်သည့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း ဆောင်ရွက်ပေး ခြင်းအပေါ် အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် ၎င်းတို့ကို ထောက်ခံသည့် အစွန်းရောက်အဖျက်သမားများက ဆန်ကောလောက်ပင် ဇောက်မနက်သည့် အကြံအစည်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းဆောင်ရွက်မှုများကို ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ရှမ်းပြည်နယ် ဖယ်ခုံမြို့ ညောင်ကုန်း(၄)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ သြဂုတ်လ ၃ ရက်နေ့က ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံမှုများဆောင်ရွက်ပေးနေစဉ် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အချိန်တွင် မြို့တော်ခန်းမရှေ့ ဝင်ပေါက်ဘယ်ဘက်ခြမ်းရှိ Flower Box အတွင်းမှ အစွန်းရောက် အကြမ်းဖက်သူများထောင်ထားသည့် လက်လုပ် Remote မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။ မြို့တော်ခန်းမအတွင်း ကာကွယ်ဆေးထိုးနှံပေးမှုများအား လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည့် ရဲတပ်သားထွန်းလင်းဇော်တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိကျဆုံးခဲ့ပြီး ရဲတပ်သားအောင်လွင်ဖြိုးနှင့် ရဲဒုတိယတပ်ကြပ်အောင်မျိုးတို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဖယ်ခုံမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ညနေ ၃ နာရီ မိနစ် ၂၀ တွင် ရဲတပ်သားအောင်လွင်ဖြိုးသည် ရရှိသောဒဏ်ရာဖြင့် ထပ်မံကျဆုံးခဲ့သည်။ ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိသည့် ဒေါ်မူရိန်းနှင့် ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းများတွင် လာရောက်ကူညီ ဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်း ဦးနန္ဒဝေယံတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဖယ်ခုံမြို့  ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိသည်။

မြန်မာ့နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့်ပေးခဲ့သော်လည်း မြန်မာ့အရေးထက် နိုင်ငံတကာအရေးကိုသာ ဆောင်ရွက်ခဲ့သော NLD ပါတီခေါင်းဆောင်နှင့်ပါတီဝင်များသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အရုပ်ဆိုးအကျည်းတန်စွာ မဲမသမာမှုများပြုလုပ်ပြီး နိုင်ငံတော်အာဏာကို နောက်တစ်ကြိမ်ရရှိရေး အဓမ္မ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် ၎င်းတို့ကျရှုံးခဲ့ခြင်းဖြစ်သည်။ တရားမျှတစွာ ပြန်လည်ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ရိုးသားစွာပါဝင်ယှဉ်ပြိုင်ရန် ကြိုးစားမှုမပြုဘဲ နိုင်ငံတစ်ဝန်း အဖျက်လုပ်ရပ်မျိုးစုံကိုသာ လုပ်ဆောင်နေသည်မှာ လူဟူ၍ပင်ခေါ်ဆိုရန် ခက်ခဲလှပေသည်။

NUG၊ CRPH နှင့် ၎င်းတို့ကို ထောက်ခံသည့်အစွန်းရောက်အဖျက်သမားများမှာ ကမ္ဘာတွင် မည်သည့် အကြမ်းဖက်အဖွဲ့အစည်းကမျှ လုပ်ဆောင်ခြင်းမရှိသော ဆေးရုံများ၊ ကျောင်းများ၊ ဆေးကုသရေးဌာနများကို မီးရှို့ဖျက်ဆီးဗုံးခွဲနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်း ဆောင်ရွက်နေသူများကို ဆန်ကောလောက်ပင်ဇောက်မနက်သည့် အကြံပက်စက် သူများက အကြောင်းမဲ့လက်ပစ်ဗုံးဖောက်ခွဲ၍ အကြမ်းဖက်မှု လုပ်ဆောင်သော သတင်းတစ်ပုဒ်ကို သြဂုတ် ၂ ရက်နေ့ထုတ်သတင်းစာများတွင် ဖော်ပြထားသည်။ သြဂုတ် ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများပူးပေါင်း၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးဆောင်ရွက်ပေးနေစဉ် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အကြမ်းဖက်သမားတစ်ဦးက လက်ပစ်ဗုံးနှစ်လုံးဖြင့် လာရောက် ပစ်ခတ်ထွက်ပြေးခဲ့သည်။

အဆိုပါအကြမ်းဖက်ပစ်ခတ်မှုကြောင့် ကာကွယ်ဆေးထိုးနေသူများအနက် ဦးဉာဏ်လှိုင်၊ ဦးနန်းဝင်းတို့တွင် ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ဦးသိန်းလွင်တွင် ဗုံးစထိမှန်(စိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေသူ ဒေါ်သီရိသော်သော် သည်လည်း စိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့သည်။ ထိုသူများကို တပ်မတော်ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။ NUG ၊ CRPH နှင့် ၎င်းင်းတို့ကိုထောက်ခံသည့် အစွန်းရောက်အဖျက်သမားများ၏ လုပ်ရပ်များမှာ လူသားတိုင်းလက်မခံနိုင်သော လုပ်ရပ်ဖြစ်ပေရာ ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများ သတင်းရရှိပါက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာသို့ သတင်းပေးပို့ ကူညီကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။