ဈေးကွက်ဝင် ကုန်ချောပစ္စည်းများ ထုတ်လုပ်နိုင်ရေး

ဈေးကွက်ဝင် ကုန်ချောပစ္စည်းများ ထုတ်လုပ်နိုင်ရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  စက်တင်ဘာ  ၂၅  ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၈ ရက်နေ့က ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိ၊မြို့ဖများကို တွေ့ဆုံအမှာစကား ပြောကြားရာတွင်''သယံဇာတကို အားကိုးပါက ရေရှည်တွင် အခက်အခဲများ ဖြစ်ပေါ်နိုင်သည့်အတွက် တိုင်းပြည်အတွက် အာမခံချက်ရှိသည့်

ကုန်ထုတ်လုပ်မှုများကို လုပ်ဆောင်ကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အရည်အသွေး ပြည့်ဝပြီး အဆင့်အတန်းပြည့်မီသည့် ထုတ်ကုန်များဖြစ်အောင် လုပ်ဆောင်ကာ ပြည်တွင်းရှိ အခြားဒေသများနှင့် ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးမှ ရရှိလာသည့် ထွက်ကုန်များကို အကြမ်းထည်တင်ပို့သည့် တစ်ဆင့်ခံကုန်ထုတ် လုပ်ငန်းဖြစ်နေ၍ မရဘဲ ဈေးကွက်ဝင် ကုန်ချောထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း''ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂ဝဝ၈ ခုနှစ်)နှင့်အညီ နိုင်ငံ့တာဝန်များကို တာဝန်လွှဲပြောင်း ရယူခဲ့ပြီးနောက် အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဆောင်ရွက်ပေးနေသလို နိုင်ငံရေးအရလည်း စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နေပါသည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်သူတိုင်း စားဝတ်နေရေး အဆင်ပြေစွာဖြင့် မိမိတို့၏ဘဝများ ရှင်သန်နိုင်ရေးကို နိုင်ငံတော်အစိုးရ အနေဖြင့် ဦးဆောင်လမ်းညွှန်နေခြင်းဖြစ်သည်။

အလုပ်အကိုင်အခွင့်အလမ်းများ ပေါများပြီး လူမှုစီးပွားရေးဘဝ ဖူလုံရေးကို မြှင့်တင်လျက်ရှိရာတွင် အဓိကအားဖြင့် မိမိနိုင်ငံ၏ ထွက်ကုန်များကို ကုန်ကြမ်းအဖြစ်ထက် ကုန်ချောအဖြစ် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးကိုလည်း ကြိုးပမ်းလျက်ရှိသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် လူသားတို့၏ နေ့စဉ်စားသောက်ရေး အတွက်အဓိကဖြစ်သည်။ ထိုအဓိကလုပ်ငန်းများသည် နိုင်ငံအတွင်း နှစ်ပေါင်းများစွာ ကတည်းက ရှင်သန်လုပ်ကိုင်လာခဲ့သော လုပ်ငန်းများဖြစ်သည်။ ကမ္ဘာကြီးတွင် နည်းပညာများ တိုးတက်ထွန်းကားလာခြင်းနှင့် အတူ မိမိတို့နိုင်ငံသည်လည်း ထိုနည်းပညာများကို ရယူသုံးစွဲနိုင်ရပေမည်။

နိုင်ငံအတွင်း ထွက်ရှိသမျှသော သယံဇာတများ၊ လယ်ယာထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ဈေးကွက်ရရှိရေး၊ ဈေးကောင်း ရရှိရေးအတွက် တီထွင်ဖန်တီးလုပ်ဆောင် ကြရမည်ဖြစ်သည်။ အရည်အသွေး ကောင်းမွန်ရန်လိုသလို ထုပ်ပိုးမှုပုံစံသည်လည်း ဆန်းသစ်နေရမည်ဖြစ်သည်။ လွန်ခဲ့သော နှစ်များစွာက မိမိနိုင်ငံ

မှထွက်ရှိသော အသီးအနှံများ၊ လူသုံးကုန်များကို ပြည်ပနိုင်ငံများက ကုန်ကြမ်းအတိုင်း ဝယ်ယူသွားပြီး သူတို့နိုင်ငံတွင် ပြန်လည်မွမ်းမံ ထုပ်ပိုးပြုပြင်ကြသည်။ မိမိနိုင်ငံအတွင်းသို့ သွင်းကုန်အဖြစ် ဝင်ရောက်လာရာတွင် ခေတ်မီနည်းပညာများ ပံ့ပိုးမှုကြောင့် မိမိတို့ရောင်းလိုက်သော ကျပ်တစ်ထောင်တန် ပစ္စည်းကို မိမိတို့က ကျပ်တစ်သောင်းပေး၍ ပြန်လည်ဝယ်ယူသုံးစွဲကြရသည်။

မိမိတို့က သမားရိုးကျနည်းလမ်းဖြင့် စိုက်ပျိုးမွေးမြူခြင်းထက် ခေတ်မီနည်းများဖြင့် စိုက်ပျိုးမွေးမြူခြင်းပြုနိုင်မှသာ လုပ်ငန်းတွင်ကျယ်မှု ရှိပါလိမ့်မည်။ လုပ်ငန်းတွင်ကျယ် လာသည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများပါလိမ့်မည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲအနေဖြင့် အစည်းအဝေးတိုင်းတွင် စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ လမ်းညွှန်ချက်များ စဉ်ဆက်မပြတ် ချမှတ်ပေးနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွက် စိုက်ပျိုးမွေးမြူရေးမှာ နိုင်ငံသားတို့၏ မွေးရာပါလုပ်ငန်း တစ်ခုဖြစ်သည့်အတွက်ကြောင့် ဖြစ်နိုင်သော ကိစ္စရပ်များကို လမ်းညွှန်မှုပြုနေခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးနှင့်ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာခိုင်နှုန်းပြည့် ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် လည်းကောင်း၊ စက်မှုကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ လုပ်ဆောင်ရာတွင် လည်းကောင်း အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များ၊ စွမ်းရည်ရှိ၍ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်ချင်သူများ ပေါများရန် လိုအပ်ပါသည်။ သို့မှသာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ပေလိမ့်မည်။ သို့မှသာ ဈေးကွက်ဝင်ကုန်ချော ထုတ်လုပ်နိုင်မှု သည်လည်း မြင့်မားလာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။