ပညာမျက်စိ မြင်မရှိ၍

ပညာမျက်စိ မြင်မရှိ၍
အယ်ဒီတာ့အာဘော်
(၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာ ၃ ရက်)
ရှေးခေတ်က စာဆိုအကျော်အမော်တို့သည် စာပေများ ရေးသားရာတွင် နှောင်းလူများ လိမ္မာရေးခြားရှိစေရန် ရည်ရွယ်လျက် ရေးသားခဲ့ကြသည်။ ရဟန်းစာဆို၊ လူစာဆိုမှန်သမျှမှာ လူသားတို့ကောင်းကျိုးကိုသာ လမ်းညွှန်ခဲ့ကြသည်။ မြတ်ဗုဒ္ဓ၏ တရားဓမ္မအမွေကို အခြေခံလျက် ရေးသားထားရှိခဲ့သည်မှာ ဖတ်ရှုလို့မငြီးနိုင်အောင် ကောင်းမွန် တန်ဖိုးရှိလှသည်။ ''ပညာမျက်စိ၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက်၊ စီးပွားမမြော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်သို့၊ မနှစ်သက်ဘဲ၊ ဝေးစွာရှဲ၍၊ အမြဲခွာရှင်း၊ ဖဲကြဉ်မင်း'' ဟူသော ရခိုင်သူမြတ်၏ လောကသာရပျို့လာ ဆုံးမစကားသည် အရာရာကို ပညာမျက်စိဖြင့်ကြည့်နိုင်အောင် လမ်းညွှန်ထားခြင်းဖြစ်သည်။
ယနေ့အချိန်အခါတွင် ပညာမျက်စိ၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက် ဆိုသည့်အတိုင်း လူငယ်တို့ လမ်းမှားသို့ရောက်သွားကြသည်။ ပင်ကိုစဉ်းစားဉာဏ်က နည်းပါးသည့်အပြင် ပတ်ဝန်းကျင်၏ စေ့ဆော်မှုကြောင့် အယူမှားကာ အဖျက်လုပ်ငန်းတွင်မွေ့လျော်နေကြသည်။ လူငယ်အများစုမှာ ရိုးသားသည်၊ ယုံလွယ်တတ်ကြသည်။ မှန်ကန်စွာ တွေးခေါ်တတ်သူများက နိုင်ငံတော်ကောင်းကျိုး၊ ပြည်သူလူထုကောင်းကျိုးကို သယ်ပိုးကြသည်။ အတွေးအခေါ် လွဲမှားသူများက အဖျက်သမားတို့ ခိုင်းစေရာသို့ လိုက်ပါလုပ်ဆောင်ကြသည်။ မကောင်းမှုပြုသူသည် မကောင်းကျိုးကိုသာ ခံစားရမည်မှာ လောကဓမ္မတာဖြစ်သည်။
၂ဝ၂၁ ခုနှစ် သြဂုတ်လအတွင်း ဖမ်းဆီးရမိသော သတင်းများကို ပြန်လည်လေ့လာကြည့်လျှင် ဖမ်းဆီးရမိသူများတွင် လူငယ်များကို အများဆုံး တွေ့ရသည်။ လူငယ်များတွင် အမျိုးသမီးငယ်များလည်း ပါဝင်နေသည်။ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများကို အရေအတွက် များပြားစွာ ဖမ်းဆီးရမိသည်။ ထို့အတူ ဖမ်းဆီးရမိသူ လူအရေအတွက်မှာလည်း လွန်စွာများပြားလှသည်။ လူငယ်တို့ စိတ်ရင်းအမှန်ကို ဖမ်းဆီးရသည့်အခါတိုင်းမှာ တွေ့မြင်ရကြောင်း လေ့လာမိသည်။ သူတို့သည် လူတစ်ယောက်ကို မိလိုက်လျှင် ကွင်းဆက်အဖြစ် အနည်းဆုံးလူ ၁ဝ ယောက်ကို ဖော်ထုတ်ပေးသည်။ လူသုံးဦးဆိုလျှင် အနည်းဆုံးလူပေါင်း ၃ဝ ဦးကို ဆက်စပ်ဖော်ထုတ်ပေးသည်။
လူငယ်အများစုသည် အဖျက်လုပ်ရပ်များကို ထဲထဲဝင်ဝင် လုပ်ကိုင်ရ၍ တိုင်းပြည်အတွက် အကျိုးမရှိမှန်း နောင်တရလာသူများကို တွေ့မြင်ရသည်။ ထို့ကြောင့်လည်း သူတို့သိသမျှ အကုန်ထုတ်ဖော်ပြောဆိုသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် သားသမီးချင်း ကိုယ်ချင်းစာနာကာ လမ်းမှားသို့ ရောက်သွားသူများကို ယနေ့တိုင်ပြန်လည် ဖိတ်ခေါ်လျက်ရှိသည်။ ထို့အတူ လုပ်ငန်းခွင်ကိုစွန့်ခွာသွား၍ ဒုက္ခရောက်နေသူများရှိနေကြောင်းကို သိရှိရသဖြင့် ၎င်းတို့အား ရေးဖွင့်ထားသောအမှုများကို ပိတ်သိမ်းပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။ ၅ဝ၅(က)နှင့်ပတ်သက်ပြီး ၂ဝ၂၁ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် ၂၂၉၆ ဦးကို ပြန်ပြီးဖြေလျှော့ပေးခဲ့ပြီးဖြစ်သည်။ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများ ဆက်သွယ်လာသည်မှာ သြဂုတ် ၂၇ ရက်နေ့အထိ ၅၉၁ ဦးရှိပြီဖြစ်သည်။
လူငယ်လူရွယ်များ လမ်းမှားရောက်နေခြင်းသည် နိုင်ငံတော်အတွက် ဆုံးရှုံးခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် အဘက်ဘက်က သက်ညှာစွာ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုလူငယ်များကို အကြမ်းဖက်သမား ဖြစ်အောင် နောက်ကွယ်မှ ငွေကြေးများ၊ ပစ္စည်းများ ထောက်ပံ့နေသည့်ကိစ္စများကို သေချာစနစ်တကျစိစစ်ဖော်ထုတ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးနှင့် နိုင်ငံတကာမှ ဆန့်ကျင်ရှုတ်ချ တားဆီးပေးနိုင်ရေးအတွက်လည်း ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ သံတမန်နည်းလမ်းများနှင့်အညီ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံရှိ ပြည်ပသံရုံးများ၊ မြန်မာနိုင်ငံရှိ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အမှုဆောင်အရာရှိချုပ်ရုံး၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံအကြမ်းဖက်မှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းရုံး၊ အာဆီယံ အမျိုးသားရဲအဖွဲ့ အတွင်းရေးမှူးရုံးနှင့် အာဆီယံရဲအဖွဲ့ကိုးနိုင်ငံ၊ အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်း အဖွဲ့များ၊ INTERPOL အထွေထွေ အတွင်းရေးမှူးချုပ်နှင့် INTERPOL ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန၊ BIMSTEC အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၊ တရုတ်၊ ရုရှား၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ပြည်ထဲရေး ဝန်ကြီးများနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့များသို့ CRPH, NUG, PDF အကြမ်းဖက် အဖွဲ့အစည်းများ၏လုပ်ရပ်များကို အထောက်အထား ခိုင်လုံစွာ ဖော်ပြလျက် အကြောင်းကြားစာများ ပေးပို့ထားပြီးဖြစ်ပါသည်။
နိုင်ငံအတွင်းရှိ ပြည်သူများသို့လည်း အကြမ်းဖက်သမား သတင်းပေးပို့ပါက ထိုက်တန်သော ဆုကြေးချီးမြှင့်မည်ဟု ကြေညာပေးထားသည်။ ထို့ကြောင့် ဖမ်းဆီးရမိမှုများလည်း မျှော်မှန်းသည်ထက် ပိုမိုများပြားလှသည်။ အနှစ်ချုပ် ဆိုလိုချင်သည်မှာ လူငယ်မောင်မယ်များသည် နိုင်ငံအတွက် အဖိုးတန် လူသားအရင်းအမြစ်များဖြစ်ပါသည်။ တန်ဖိုးရှိသော လူငယ်များဖြစ်စေချင်ပါသည်။ ပညာမျက်စိဖြင့် ကြည့်စေချင်သည်။
NLD ပါတီဝင်များ ဦးဆောင်သော အကြမ်းဖက်သမားတို့၏ အိပ်မက်တို့ ပျောက်ကွယ်တော့မည်မှာ လက်တွေ့ အမှန်တရားဖြစ်ပေရာ ပညာမျက်စိ၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားခြင်းမှ ကင်းဝေးကြပါစေကြောင်း ရေးသားလိုက်ရပေသည်။ ။