ပီတိအဖြာဖြာ ဖြစ်ရပါသည်

ပီတိအဖြာဖြာ ဖြစ်ရပါသည်

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိပြီး စေတနာရှင်အလှူရှင်များကလည်း  ကိုဗစ်-၁၉ လူနာများကုသရာတွင် အသုံးပြုရန်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ၊ အောက်ဆီဂျင် Plant များကို သက်ဆိုင်ရာဆေးရုံများသို့ ပေးအပ်လှူဒါန်းလျက်ရှိသော သတင်းများကြားသိမြင်တွေ့ရသည်။ ဇူလိုင် ၂၅ ရက်နေ့တွင် အလှူရှင်ဦးကျော်နေဝင်းမိသားစုက ငွေကျပ်သိန်းပေါင်း ၂၂၀၀ တန်ဖိုးရှိအောက်ဆီဂျင် Plant တစ်ခုကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ ပေးအပ်လှူဒါန်းခဲ့သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းနေသော မြင်ကွင်းများမှာ ပီတိဖြစ်ကာသာဓုခေါ်မဆုံးရှိကြသည်။

တပ်မတော်အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် သက်ကြီးအနုပညာရှင်များအား ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်ကြောင်း ဇူလိုင် ၂၆ ရက်နေ့ သတင်းစာများတွင်တွေ့ရသည်။ သက်ကြီးအနုပညာရှင် ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဇာတ်ပို့ဇာတ်ရံ၊ ဇာတ်ညွှန်း၊ စက်မှု၊ တည်းဖြတ်၊ ကင်မရာ စသည်ဖြင့်စုစုပေါင်း ၃၀ ဦးအား တစ်ဦးလျှင်ငွေကျပ် ၁၀ သိန်းနှင့်ဆန်၊ ဆီ၊ ကြက်ဥ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများပေးအပ်ခဲ့ရာ ထောက်ပံ့ငွေနှင့် စားသောက်ကုန် ပစ္စည်းများ၏တန်ဖိုးမှာ စုစုပေါင်းငွေကျပ် ၃၂၄ သိန်းကျော်ဖြစ်ပြီး စားဝတ် နေရေးအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် အခြားသက်ကြီး အနုပညာရှင် များကိုလည်း ဆက်လက်ထောက်ပံ့မည်ဖြစ်ကြောင်း သတင်းကောင်းကြားသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာခန်းမ၌ ကျင်းပသည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းငွေ ၂ ဒသမ ၂၁၈ ဘီလီယံအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းထံပေးအပ်လှူဒါန်းခဲ့သည်။ တပ်မတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါပထမလှိုင်းစတင်ဖြစ်ပွားသည့် အချိန်မှစ၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား အဘက်ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ဒုတိယလှိုင်း ဖြစ်ပွား သည့်ကာလတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ လှူဒါန်းငွေ ၄ ဒသမ  ၇၀၄ ဘီလီယံအားပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းငွေများဖြင့် အရပ်ဘက်ပြည်သူ့ဆေးရုံ ၁၁၆၈ ရုံ၊ ကျေးလက် ကျန်းမာရေး ဌာန ၁၀၇၀ ဌာန များကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးနှင့် ဆေးပစ္စည်းများဝယ်ယူ၍ သက်ဆိုင်ရာ ဆေးရုံများသို့ အရောက်ပို့ဆောင် လှူဒါန်းခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင်လည်း စဉ်ဆက်မပြတ် လှူဒါန်းပေးလျက်ရှိရာ ဆေးရုံတက် လူနာများ အာဟာရပြည့်ဝနေရန်အတွက် ကြက်ဥ၊ ငှက်ပျောသီးနှင့် အခြားအာဟာရပြည့် ဖြည့်စွက်စာများကို နီးစပ်ရာတပ်စခန်းများမှ တစ်ဆင့် ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက် လှူဒါန်းလျက်ရှိသည်။

တပ်မတော်သည် ပြည်သူလူထုအတွင်းမှ ပေါက်ဖွားလာသော သားသမီးများနှင့် ဖွဲ့စည်း ထားသော အဖွဲ့အစည်း ဖြစ်သည့်အတွက် ပြည်သူလူထု၏ ကောင်းကျိုးမှန်သမျှကို အင်တိုက်အားတိုက် သယ်ပိုးထမ်းဆောင်လျက်ရှိပါသည်။ ပြည်သူလူထုဘဝလုံခြုံရေး၊ လူမှုစီးပွားဘဝမြင့်မားရေး၊ ကျန်းမာကြံ့ခိုင်ရေးစသည်များကို ဦးလည်မသုန် ထမ်းဆောင် နေပါသည်။ ပြည်သူ့အတွက်ဆိုလျှင် အသက်ကိုပင် စွန့်လွှတ်ထားသူဖြစ်ပေရာ အသက်ထက်ပြည်သူကို မြတ်နိုးကြောင်းထင်ရှားလှသည်။ လက်ရှိအခြေအနေတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ တတိယလှိုင်းကျရောက်မှုကြောင့် အခက်တွေ့နေစဉ် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ အလှူငွေသည် ပြည်သူအတွက် ကောင်းကျိုး ဖြစ်ထွန်းစေပေလိမ့်မည်။ ပြည်သူများ အသက်ရှင်သန်ရေးအတွက် တတ်စွမ်းသည့်ဘက်မှ ပေးလှူ နေသော တပ်မတော်သား၊ မိသားစုများ၏အလှူသည်မွန်မြတ်လှသည်။

အလှူတစ်ခုပြုသည်ဆိုရာဝယ် အလှူပေးပုဂ္ဂိုလ်၊ လှူလိုသောစေတနာ၊ လှူဖွယ်ဝတ္ထု၊ ထင်ရှားရှိနေသော အလှူခံပုဂ္ဂိုလ်ဟူ၍ အင်္ဂါလေးပါးရှိမှ အလှူတစ်ခုထမြောက်သည်။ လှူဒါန်းမှုပြုရာတွင် စေတနာမရှိလျှင် လှူဒါန်းနိုင်မည်မဟုတ်ပေ။ အလှူတစ်ခုပြုရာတွင် လှူဒါန်းသူ၌ စေတနာသုံးတန် ဖြစ်ပေါ်မြဲဖြစ်ပေရာ လှူဒါန်းလိုစိတ် ဖြစ်ပေါ်လာသော စေတနာ “ပုဗ္ဗစေတနာ”၊ လှူဒါန်းနေဆဲ ဖြစ်ပေါ်လာသောစေတနာ “မုဉ္စစေတနာ” နှင့် လှူဒါန်းပြီးနောက် ဖြစ်ပေါ်လာသောစေတနာ “အပရစေတနာ” တို့ဖြစ်သည်။ တပ်မတော် သားများ၊ မိသားစုများသည် တရားသဖြင့်ရှာဖွေရရှိသောငွေကြေးဝတ္ထုကို လှူဒါန်းခြင်းမှာ ဓမ္မိယဒါနလည်းဖြစ်သည်။ မကျန်းမမာသူ၊ အစာအာဟာရလိုအပ်သူများကို လှူဒါန်းမှု ပြုခြင်းသည် လွန်စွာမွန်မြတ်လှပေရာ အလှူရှင်အပေါင်းအတွက် မြဝတီက ပီတိအဖြာဖြာ ဖြစ်ရပါကြောင်း ရေးသားလိုက်ရပေသည်။  ။