ပြည်သူများရွံရှာမုန်းတီးနေသောအကြမ်းဖက်သမားများ

ပြည်သူများရွံရှာမုန်းတီးနေသောအကြမ်းဖက်သမားများ

အကြမ်းဖက်အဖျက်သမားများသည် စာသင်ကျောင်းများ၊ အစိုးရရုံးဌာနများ၊ ဈေး၊ လမ်း၊ တံတား၊ စက်ရုံ၊ အလုပ်ရုံများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လူနေအိမ်များ၊ ရဲစခန်း၊ ရဲကင်းများ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ အဆောက်အအုံများ၊ ပစ္စည်းများကို  ဗုံးဖောက်ခွဲ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထို့ပြင် ဘဏ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဓားပြတိုက်မှုများပြုလုပ်ခဲ့သည်။ ပြည်သူများအကြား ဗုံးဖောက်ခွဲ ဖျက်ဆီးမှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးသူများ၊ ဒဏ်ရာရသူများရှိခဲ့သည်။ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေး တာဝန်ရှိသူများကို သတ်ဖြတ်ခဲ့သည်။ သတင်းပေးဒလန်ဟု စွပ်စွဲပြီးသတ်ဖြတ်ခံရသူများ အမြောက်အမြားရှိသည်။ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ဝန်ထမ်းများသာမက ရဟန်းတော်နှင့် ကလေးသူငယ်များပါ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရသည်။

ပြည်သူလူထုအပေါ် အကြောင်းမဲ့သတ်ဖြတ်ပြီး ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးနေသော အကြမ်းဖက်သမားတို့လုပ်ရပ်အား ပြည်သူ များက လုံးဝမလိုလားသည့်အတွက် သတင်းပေးတိုင်ကြားခြင်းများရှိလာသည်။ထို့ကြောင့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိမှု များပြားလာသည်။ အကြမ်းဖက်သမားများဆိုသည်မှာ သာမန်ပြည်သူများမဟုတ်တော့ဘဲ ပြည်သူလူထုအတွက် ကြီးမားသော ရန်သူများသာဖြစ်သည်။ ၎င်းင်းတို့ဟစ်အော်နေသည့် အမည်အမျိုးမျိုးတပ်ကာ၊ ရက်ချိန်း အမျိုးမျိုးပေးနေသော တော်လှန်ရေး ဆိုသည်မှာ မည်သည့်အချိန်အခါမျှ အောင်မြင်လိမ့်မည်မဟုတ်ပေ။ အရှင်းလင်းဆုံးဆိုရလျှင် တော်လှန်ရေးတစ်ရပ်ဆင်နွှဲမည်ဆိုပါက ပြည်သူလူထု ဒုက္ခရောက်စေမည့်လုပ်ရပ်များကို ရှောင်ကြဉ်မှသာ အောင်မြင်မှုဆိုသော မီးရောင်မှိန်မှိန်လေးကို တွေ့မြင်ရမည် ဖြစ်သည်။

တော်လှန်ရေးဟူသောစကားလုံးသုံး၍ NLD ပါတီဝင်ပြည်ပြေးများက ဝင်ငွေရရှိရေးလုပ်ဆောင်နေခြင်းဖြစ်သည်။ CRPH၊ NUG နှင့် PDF များ၏အကြမ်းဖက်လုပ်ရပ်များ၊ ငွေကြေး၊ လက်နက်ဖန်တီးမှုများအားလုံးကို အဓိကဦးဆောင်နေသူများမှာ NLD အစွန်းရောက် ပါတီဝင်များဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။ အစွန်းရောက် NLD ပါတီဝင်များ၏ ဦးဆောင် ပါဝင်ဆောင်ရွက်မှု ကြောင့် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူထားသည့် အမှုပေါင်း ၃၀ ကျော်ရှိကြောင်း သိရသည်။ ဆက်လက်၍ ဖမ်းဆီး ရမိသော အကြမ်းဖက်တရားခံများ၏ ထွက်ဆိုချက်များအရ NLD ပါတီနှင့် ဆက်နွှယ်ပတ်သက်သူများကို ဖော်ထုတ်တွေ့ရှိထားသည်။

မြန်မာနိုင်ငံနှင့်နိုင်ငံသားများအတွက် CRPH၊ NUG နှင့် PDF များသည် လုံးဝမရှိသင့်သော လူသတ်သမားများဖြစ်သည်။ ထိုအဖွဲ့ အစည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူထားပြီးဖြစ်သည်။ တရားဥပဒေနှင့်အညီ ၎င်းတို့ကို သက်ဆိုင်ရာ တရားရုံးများတွင် တရားစွဲဆိုပြီးနောက် တရားရုံးမှ ထုတ်ပြန်သည့် ဖမ်းဝရမ်းများကို ဘာသာပြန်ဆိုပြီး အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ သို့လည်း ပေးပို့ထားသည်။ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ရှိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၄ နိုင်ငံသို့လည်း ဆက်လက်ပေးပို့ဆောင်ရွက်လျက် ရှိသည်။ အကြမ်းဖက်မှုကိုမလိုလားသောနိုင်ငံများက လက်တွဲပူးပေါင်းဆောင်ရွက်ကြမည်သာဖြစ်သည်။ လက်ရှိတွင် နိုင်ငံတော် အစိုးရအနေဖြင့် အဆိုပါ CRPH၊ NUG နှင့် PDF များကို နောက်ကွယ်မှငွေကြေးများ၊ လက်နက်ပစ္စည်းများ ထောက်ပံ့နေသည့် ကိစ္စများကို သေချာကျနစနစ်တကျ စိစစ်ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

အကြမ်းဖက်မှုသည် တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း လုပ်ရပ်သာဖြစ်သည်။ ပြည်သူလူထု အတိဒုက္ခရောက်စေရန် ဆောင်ရွက် သော ကိစ္စများဖြစ်၍ မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများကပါ လက်ခံလိမ့်မည်မဟုတ်ပေ။ CRPH၊ NUG အကြမ်းဖက် အဖွဲ့အစည်း သည် လူငယ်လူရွယ်များအား PDF အမည်ဖြင့် မြှောက်ပင့်သွေးထိုးပေးကာ EAO များနှင့်ချိတ်ဆက်ပေးပြီး အကြမ်းဖက် ဖောက်ခွဲ ဖျက်ဆီးရေး သင်တန်းများ တက်ရောက်စေခဲ့သည်။ ငွေကြေးနှင့် လက်နက်ခဲယမ်းများဝယ်ယူပေးသည်။ အစိုးရယန္တရား ပျက်ပြားစေ ရန်နှင့် အပြစ်မဲ့ပြည်သူများ စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်အောင်ဆောင်ရွက်နေသည်။

မျိုးဆက်သစ်လူငယ်များအား အတွေးမှား၊ အမြင်မှား၊ အသိဉာဏ်မှားအောင်ရိုက်သွင်းပြီး လက်နက်ကိုင် အကြမ်းဖက်သမားများ အဖြစ်ရောက်အောင် လုပ်ဆောင်နေခြင်းသည် လူငယ်များ၏အနာဂတ်ကို တစ်စစီချေဖျက်လိုက်ခြင်းဖြစ်သည်။ ထိုလူငယ်များ၏ မိဘများအနေဖြင့် မည်မျှခံစားနေရမည်ကို ကိုယ်ချင်းစာစိတ်ဖြင့် တွေးမြင်သင့်သည်။ CRPH၊ NUG နှင့်အစွန်းရောက် NLD ပါတီ ဝင်များသည် သားသမီးချင်း ကိုယ်ချင်းစာနာစိတ်၊ မိသားစုချင်း ကိုယ်ချင်းစာနာစိတ် လုံးဝမရှိသူများဖြစ်သည်။ လက်နက်ကိုင် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးသမားများတွင် NLD ပါတီဝင်များ၏ သားသမီးတစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်းမရှိကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် ကိုယ်တိုင်ခံစားနေရသောမိဘများ၊ မိသားစုများအနေဖြင့် CRPH၊ NUG နှင့်အစွန်းရောက် NLD ပါတီဝင်တို့၏ အဖျက်လုပ်ရပ်များကို ဖော်ထုတ်ပေးနေသည်ကို ကြည့်ခြင်းဖြင့် အကြမ်းဖက်အဖျက်သမားများအပေါ် အများပြည်သူ တို့ မည်မျှရွံရှာ မုန်းတီးနေသည်ကို သိနိုင်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။