ပြေးစရာမြေမရှိတော့သည့် အကြမ်းဖက်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ (၈/၂၀၂၁) ကို ၂၀၂၁ ခုနှစ် သြဂုတ် ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို MWD Channel၊ MWD Variety Channel၊ မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ MITV၊ MOI Website၊ MOI Youtube နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

သတင်းထောက်တစ်ဦးက NUG၊ CRPH တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ခြင်း ရှိကြောင်း၊ ယနေ့အချိန်ထိ ၎င်းတို့၏လုပ်ရပ်များက တကယ်အကြမ်းဖက် လုပ်ရပ်ဖြစ်နေခြင်းကို ထင်ထင်ရှားရှား တွေ့မြင်နေရပြီ ဖြစ်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများကို အရေးယူရန်အတွက် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ Interpol အပါအဝင် ဒေသအတွင်း နိုင်ငံများက အစိုးရများနှင့်ပူးပေါင်းပြီး ဆောင်ရွက်မှု ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပူးပေါင်းဆောင်ရွက်မှုများရှိပါကြောင်း၊ ပြီးခဲ့သည့်သုံး၊ လေးရက် လောက်ကသတင်းထုတ်ပြန်ထားကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုများလုပ်နေသည့် NUG၊ CRPH တို့၏ လုပ်ရပ်ကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများထံ အကြောင်းကြားထားကြောင်း၊ ရပ်ကွက်များအတွင်း၌ လှည့်လည် သတိပေး လျက်ရှိကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်နေရာများကို မည်ကဲ့သို့ဆောင်ရွက်ထားသည်ကို သတင်းထုတ်ပြန်ထား ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်ကို ပြည်ထဲရေးဝန်ကြီးဌာနက ဆက်လက်ဖြေကြားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီးကျော်လင်းက NUG၊ CRPH တို့ဖွဲ့စည်းထားသည့် လက်အောက်ခံ အဖွဲ့ အစည်းအားလုံးကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ကြေညာထားသကဲ့သို့ NUG၊ CRPH၊ PDF တို့အမည်ခံ အဖွဲ့အစည်းများကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့်လည်း အရေးယူနေခြင်းများရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့တွင် ပေးပို့ခြင်းများရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံစုစုပေါင်း ၁၉၄ နိုင်ငံကိုလည်း ဆက်လက်ပေး ပို့လျက်ရှိကြောင်း၊ လက်ရှိဆောင်ရွက်နေသည်များမှာ အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများကို နောက်ကွယ်မှ ငွေကြေးများ၊ ပစ္စည်းများ ထောက်ပံ့နေသည့်ကိစ္စများကို သေချာစနစ်တကျစိစစ်ဖော်ထုတ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့်  အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုအကြမ်းဖက်မှုများနှင့်ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိအောင် သတင်း ထုတ်ပြန်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း ဖြည့်စွက်ဖြေကြားသည်။

ဤအမေးအဖြေကို လေ့လာကြည့်လျှင် အကြမ်းဖက်သမားတို့သည် မည်သည့်နေရာသို့ထွက်ပြေး ပုန်းအောင်းနေသော်လည်း လွတ်နိုင်မည်မဟုတ်ကြောင်း ထင်ရှားလှသည်။ နိုင်ငံအတွင်း အကြမ်းဖက် လုပ်ဆောင်နေသူများကိုလည်း ပြည်သူလူထု၏ ရွံရှာစက်ဆုပ်မှုနှင့်အတူ သတင်းပေးပို့မှုများကြောင့် သတင်းကွင်းဆက် ဖော်ထုတ်ရရှိကာ ဖမ်းဆီးရမိမှုမှာ အားရဖွယ်ကောင်း လှသည်။ နိုင်ငံပိုင်မီဒီယာများတွင် နေ့စဉ်နေ့တိုင်း ဖော်ပြပေးလျက်ရှိသည်။ သြဂုတ်လ ၂၉ ရက်နေ့ထုတ်သတင်းစာများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့ဝင်များအား ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ၎င်းတို့အဖွဲ့အား အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန် စေခိုင်းသူများမှာ NLD ပါတီမှ မြတ်မင်းသူ (၂၀၁၅ ခုနှစ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)နှင့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NLD မှ မကေနှင့် NLD ပါတီမှ ဖြိုးဇေယျာသော် (၂၀၁၅ ခုနှစ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)တို့ဖြစ်ကြောင်းသိရှိရသည်။ အကြမ်းဖက် သမားတို့၏ ကျောထောက်နောက်ခံသည် NLD ပါတီမှဖြစ်ကြောင်းထင်ရှားလှသည်။ တာဝန်သိပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှု ကြောင့် ဖမ်းဆီးရမိသူအရေအတွက်မှာ PDF အဖွဲ့ဝင် ၄၁ ဦးဖြစ်ပြီး လက်နက်ခဲယမ်းများမှာ ပွိုင့် 22 သေနတ် တစ်လက်၊ ပစ္စတို လေးလက်၊ ကျည်အိမ် ငါးခု၊ ကျည်မျိုးစုံ ၃၂၉ တောင့်၊ လက်လုပ် သေနတ် ၂၅ လက်၊ လက်ပစ်ဗုံး သုံးလုံး၊ လက်လုပ်မိုင်းမျိုးစုံ ၈၀ လုံး၊ အသံဗုံး ၁၁ လုံး၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ ဖြစ်သည်။

အေးချမ်းစွာ နေထိုင်လိုသောပြည်သူများမှာ မိမိတို့နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်း ဖောက်ခွဲဖျက်ဆီးခြင်း၊ လုပ်ကြံသတ် ဖြတ်ခြင်းများဆောင်ရွက်နေသော အကြမ်းဖက်အဖျက်သမားတို့ကို မနှစ်မြို့သည်မှာကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သတင်းရလျှင် ရသလို ပေးပို့လျက်ရှိရာ အကြမ်းဖက်သမားတို့၏ ပုန်းအောင်းရာနေရာတို့ ကျဉ်းမြောင်းလာပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပြည်ပတွင်ခိုလှုံနေရသော NUG၊ CRPH တို့သည်လည်း မကြာမီကာလတွင်တရားခံပြေးများအဖြစ် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရတော့မည်ဖြစ်ပေရာ ပြည်တွင်းရှိ PDF အမည်ခံအကြမ်းဖက်များအနေဖြင့် အသိအမြင် ရသင့်ပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။