မူးယစ်ဆေးဝါး ပပျောက်ဖို့ ပြည်သူများ ပူးပေါင်းပါဝင်စို့

မူးယစ်ဆေးဝါး ပပျောက်ဖို့ ပြည်သူများ ပူးပေါင်းပါဝင်စို့

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ သြဂုတ် ၃ဝ ရက်)

မြန်မာနိုင်ငံတွင် လတ်တလောကြုံတွေ့နေရသော ကျန်းမာရေးအန္တရာယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်း ကျရောက်နေခြင်းဖြစ်သည်။ ထိုအန္တရာယ်ကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူတို့ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်သောအခါ ရောဂါပိုးကူးစက်မှု လျော့နည်းလာပြီဖြစ်သည်။ ထိုကိုဗစ်-၁၉ ကဲ့သို့ ကျန်းမာရေး အန္တရာယ်၊ လူမှုရေးအန္တရာယ်၊ စီးပွားရေး အန္တရာယ်တစ်ခုအဖြစ် ကမ္ဘာတစ်ဝန်း အမြစ်တွယ်နေသော အန္တရာယ်တစ်ခုမှာ မူးယစ်ဆေးဝါး အန္တရာယ်ဖြစ်သည်။ မူးယစ်ဆေးဝါး အန္တရာယ်ကိုလည်း ပြည်သူများ အစဉ်မပြတ် သတိထား၍ ကာကွယ်ရန် လိုအပ်ပေသည်။

လူသားတို့အသက်ကို သေဆုံးနိုင်သည်အထိ အန္တရာယ်ပြုနေသကဲ့သို့ လူငယ်တို့ကိုလမ်းမှားသို့ ရောက်စေသည်အထိ အန္တရာယ်ပေးလျက်ရှိသည်။ မူးယစ်ဆေးဝါးသည် ထုတ်လုပ်သူများရှိနေ၍ ရောင်းဝယ်ဖောက်ကားခြင်း ရှိနေသည်။ ရောင်းဝယ်ဖောက်ကားခြင်းများ ရှိနေသည်နှင့်အမျှ သုံးစွဲသူများရှိနေသည်။ ထုတ်လုပ်သူ၊ ရောင်းဝယ်သူများ အနေဖြင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်၍ ငွေကြေးရရှိမှုမှာ လွန်စွာများပြားလှသည်။ ငွေကို ရေလိုသုံးနိုင်သည်ဖြစ်၍ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်းနှင့် ဥပဒေဖောက်ဖျက် ကျူးလွန်ခြင်းတို့ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးသုံးစွဲမှုအများစုမှာ လေ့လာတွေ့ရှိချက်များအရ လူငယ်လူရွယ်များက အများဆုံးဖြစ်သည်။လူငယ်များ မူးယစ်ဆေးဝါးစွဲရခြင်း အကြောင်းအရာများကို လေ့လာကြည့်သောအခါ ပတ်ဝန်းကျင် အပေါင်းအသင်း လူငယ်လူရွယ်တို့၏ အပြုအမူကိုတွေ့မြင်၍ အတုမြင်အတတ်သင် သုံးစွဲမိခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲရန် အပေါင်းအသင်းများက တိုက်တွန်းဆွဲဆောင်ခြင်း၊ မိဘများ၏ သွန်သင်ဆုံးမမှုလွဲမှားခြင်း၊ သူငယ်ချင်းများနှင့် ရွယ်တူတန်းတူများ သုံးစွဲနေသည်ကိုမြင်၍အားကျမခံ အပြိုင်အဆိုင် သုံးစွဲခြင်း၊ ဆေးသုံးစွဲခြင်းကို ခေတ်မီ သည်ဟု အယူအဆလွဲမှားခြင်း၊ အထူးအဆန်းသဘော လက်တည့်စမ်းခြင်း၊ မိမိ၏ပူပင်သောက ဗျာပါဒများပပျောက်စေဖို့ မှီဝဲသုံးစွဲခြင်း၊ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းမှုကြောင့် မူးယစ်ဆေးဝါး သုံးစွဲမိခြင်း၊ ဆေးဝါး၏ တဒင်္ဂ အာနိသင်ကို ကြိုက်နှစ်သက်ရာမှ ဆေးစွဲလာခြင်း၊ ဆေးဝါးအဖြစ်မှီဝဲရာမှ တန်ဆေးလွန်ဘေးဖြစ်ကာ ဆေးစွဲ လာကြခြင်းဖြစ်သည်။

အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒတွင် သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး အချက်များ၌ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ အန္တရာယ်ကျရောက်လွယ်သော လူအုပ်စုနှင့် ပြည်သူလူထုအတွက် မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နည်းလမ်းပေါင်းစုံ ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ကုသမှုအခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့် ကုသရေး ဝန်ဆောင်မှုများ၏ အရည်အသွေးပြည့်မီရေး၊ မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် လူထုအတွင်းပြန်လည်ဝင်ဆံ့ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးရေး၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများနှင့် အန္တရာယ်များ လျှော့ချရေးစသည်ဖြင့် ဖော်ပြပါရှိသည်။

မူးယစ်ဆေးဝါးပြဿနာကို ကာကွယ်တားဆီးရေးမှသည် ချုပ်ငြိမ်းပျောက်ကွယ်ရေး တာဝန်မှာ လူသားတိုင်းတွင် တာဝန်ရှိပေသည်။ သြဂုတ်လ ၂၁ ရက်နေ့တွင် နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်း ၂၉ဝဝ ကျော်  တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိသည့် သတင်း၊ ဝိုင်းမော်၊ ကမာရွတ်၊ မြောက်ဥက္ကလာပနှင့် ရွာငံမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိသည့် သတင်းနှင့် သြဂုတ်လ ၂၄ ရက်နေ့တွင် ဖားကန့်မြို့နယ်၌ ငွေကျပ်သိန်း ၄ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိသော သတင်းများကို တွေ့မြင်ကြားသိလိုက်ရသည်။ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် သတင်းများကြားရလေတိုင်း ပြည်သူများအတွက် ဝမ်းသာဖွယ်ဖြစ်သည်။

အမှန်စင်စစ်မူးယစ်ဆေးဝါးဟူသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည အရာဖြစ်သည်။

''မူးယစ်ဆေး ဝေးဝေးရှောင်'' စကားနှင့်အညီ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်မှုမရှိလျှင် အကောင်းဆုံးဖြစ်သည်။ မိဘဆရာများ အနေဖြင့် မိမိတို့၏ သားသမီးများ၊ တပည့်များ၏လှုပ်ရှားမှုကို အမြဲတမ်းတွေ့မြင်နေကြရသူများ ဖြစ်သည်။ သာမန်လှုပ်ရှား သွားလာမှုထက် ထူးခြားသောအပြုအမူ၊ အပြောအဆိုများ ပြုလာသည်မျိုးကို ဂရုတစိုက် ကြည့်မြင်သင့်ပါသည်။ ကြိုတင် ကာကွယ်ခြင်းသည် အန္တရာယ်ဖြစ်ပွားခြင်းကို လျော့နည်းစေမည်သာ ဖြစ်သည်။ ပြည်သူများ အနေဖြင့်လည်း  ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုး၊ ငါ့အပေါင်းအသင်း တစ်ယောက်ယောက်များ မူးယစ်ဆေးဝါး သားကောင်ဖြစ်သွားခဲ့ရင် ဆိုသော နာကျင်ခံစားရမှုမျိုးကို ကိုယ်ချင်းစာစိတ်ဖြင့် ကြိုတင်ကာကွယ်သင့်သည်။ အဖျက်လုပ်ရပ်များကို လုပ်ဆောင်နေသည့် လူငယ်များတွင် မူးယစ်ဆေးသုံးစွဲကြောင်း ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ သိရှိရသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးပပျောက်ဖို့ ပြည်သူများ ပူးပေါင်းပါဝင်စို့ ဟူ၍ တိုက်တွန်းလိုက်ရပေသည်။   ။