ရပ်ရွာအေးချမ်းသာယာရေး ဝိုင်းဝန်းကြိုးပမ်း

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် အင်အားခိုင်မာတောင့်တင်းသော အစိုးရတစ်ရပ်ပေါ်ပေါက်လာသည့်အခါတိုင်း တိုင်းပြည်၏ ဂုဏ်သိက္ခာမြင့်မားခဲ့သည်။ ထိုအစိုးရကို ဆန့်ကျင်တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အကြမ်းဖက် အဖွဲ့အစည်းတို့သည် လည်း အချိန်ကာလတာရှည်စွာတည်ရှိနေခဲ့သည်မဟုတ်။

အချိန်တိုအတွင်း ကြွေလွင့်ပျောက်ကွယ်သွားသည်သာ ဖြစ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြောင်း လဲခဲ့သောနိုင်ငံရေးဖြစ်စဉ်ကို ထဲထဲဝင်ဝင်မသိနားမလည်ဘဲ တစ်ဖက်သတ်အတွေးဖြင့် တည်ဆဲ နိုင်ငံတော် အစိုးရဆန့်ကျင်နေသူ တို့သည် တဖြည်းဖြည်း ဇာတ်သိမ်းမလှသည့် အနေအထားဖြစ်ပေါ်လာနေပြီဖြစ်သည်။

အထူးသဖြင့် မသိနားမလည်သော သို့မဟုတ် အတွေ့အကြုံအသိအမြင်နည်းပါးသော လူငယ်လူရွယ်များကို သွေးထိုးမြှောက်ပင့် ပေးကာ အကြမ်းဖက် အဖျက်သမားလူငယ်များအဖြစ်သို့ သွတ်သွင်းခံကြရသည်။ နှလုံးသားနုနယ်သော ကလေးများ၏ စိတ်ကို အမည်းရောင် ဆေးဆိုးပေးလိုက်ကြသည်။ လူသတ်ခြင်းကို ဂုဏ်ယူစရာအဖြစ်တွေးထင်အောင် မြှောက်ပင့်ပေးလိုက်ကြသည်။ နေ့စဉ်ကြား သိနေရသောသတင်းများကို  လေ့လာကြည့်လျှင် NLD ပါတီဝင်များသည် အာဏာရှိစဉ်က ရယူထားသော ငွေကြေး များဖြင့် နောက်ကွယ်မှထောက်ပံ့ပေးကာ  လက်နက်ကိုင်အကြမ်းဖက်ခြင်းအစီအစဉ်ကို စတင်ခဲ့ကြကြောင်း ထင်ထင်ရှားရှား သိမြင်ကြရသည်။

လူတစ်ယောက်သတ်လျှင် ငွေကြေးဘယ်လောက်၊ ဗုံးတစ်ခါခွဲနိုင်လျှင် ငွေကြေးဘယ်လောက် စသည်ဖြင့်သတ်မှတ်ကာ လူငယ် လူရွယ်များ ဖျက်ဆီးလိုက်ကြသည်။ စေ့စေ့တွေးကြည့်လျှင် ထိုလူငယ်ကလေးများသည်လည်းကောင်း၊ လူငယ်များ၏ မိဘများသည် လည်းကောင်း နောက်ဆုံးတွင် သောကဟူသောအပူလုံးကြီးကို ရင်ဝယ်ပိုက်ထားလိုက်ကြရသည်။ ထိုပါတီဝင်ဆိုသူများက ငွေထုပ် ပိုက်ကာ ဝေးရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။ သို့သော် သူတို့သည်လည်း မကြာမီအချိန်အတွင်း တရားဥပဒေ၏ လက်တွင်း သို့ မရှုမလှသက်ဆင်းရမည်မှာအမှန်ဖြစ်သည်။

ကမ္ဘာတွင် အကြမ်းဖက်သမားများကို မည်သည့်နိုင်ငံကမျှ လက်ခံထားမည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသော အကြမ်းဖက် သမားများက ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှပြီး လွန်စွာယုတ်ညံ့သော ပြစ်မှုများကို ကျူးလွန်သူများဖြစ်သည်။ ဗုဒ္ဓ ဘာသာတို့၏ အမွန်မြတ်ထားရာဘုရားစေတီကို မီးရှို့သည်။ ထေရ်ကြီးဝါကြီးသံဃာတော်များကို သတ်ဖြတ်သည်။ ထဘီကိုခြုံကာ ဆန္ဒပြသည်။ ဆရာတော်များ၏ပုံကို ထဘီတွင်ကပ်ကာ လူသွားလမ်းအမြင့်ဆုံးနေရာတွင် ချိတ်ဆွဲထားသည်။ အမင်္ဂလာဖြစ်သော သရုပ်သဏ္ဌာန်များလုပ်ကာ ဆန္ဒပြသည်။ ကိုဗစ်-၁၉ ပိုးကူးစက်ရေးအတွက် ပိုးဖြန့်သပိတ်ဆင်နွှဲသည်။ စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရအဆောက်အအုံများကိုဗုံးခွဲခြင်း၊ မီးရှို့ခြင်းပြုလုပ်သည်။ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်နေ သူများကို သတ်ဖြတ်သည်။ အပြစ်မဲ့ အေးဆေးစွာနေသူပြည်သူအချို့ကို ရက်ရက်စက်စက်သတ်ဖြတ်သည်။ လူနာများသေစေရန် ဆေးရုံများရှိ အောက်ဆီဂျင်သွယ်တန်းထားသောပိုက်များကို ဖျက်ဆီးသည်။ကမ္ဘာတွင်မရှိသော အဖျက်နည်းလမ်းပေါင်းစုံကို NLD ပါတီဝင်များနှင့် ထောက်ခံသူများက လုပ်ဆောင်ခဲ့ကြသည်။

ထို့ကြောင့် အေးချမ်းတည်ငြိမ်စွာနေထိုင်လိုသော ပြည်သူများသည် အကြမ်းဖက်သမားများကို ရွံရှာမုန်းတီးလာကြသည်။ အကြမ်းဖက်သမားတို့လှုပ်ရှားမှုကို သတင်းခိုင်ခိုင်မာမာပေးပို့လာကြသည်။ ထို့ကြောင့်အစုလိုက်အပြုံလိုက် လက်နက်ခဲ ယမ်း မြောက်မြားစွာနှင့် ဖမ်းဆီးရမိသည်။ သြဂုတ် ၂၅ ရက်နေ့ထုတ်သတင်းစာများတွင် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက် အရ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင်ဆောင်ရွက်နေသူ မိုးညှင်းမြို့နယ် NLD ပါတီဝင် သက်ထားနှောင်း(ခ) သက်သူဇာခိုင်အား သြဂုတ် ၄ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့တွင်လည်းကောင်း၊ KIA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ တူးမိုင်နှင့် သန်းကြိုင်တို့နှစ်ဦးကို သြဂုတ် ၁၄ ရက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ KIA အဖွဲ့အနေဖြင့် NLD ပါတီမှ စုဆောင်းကာပို့ဆောင်ပေးသော အစွန်းရောက်လူငယ်များကို ၎င်းတို့နေရပ်သို့ပြန်လည်စေလွှတ်ခြင်းမပြုဘဲ KIA သောင်းကျန်းသူ အဖွဲ့လက်အောက်စခန်းများတွင် ဖြန့်ခွဲထားကာ ပြန်လမ်းမရှိသောလမ်းကြောင်းသို့ ပို့ဆောင်ပေးထားသည်။

သြဂုတ် ၂၆ ရက်နေ့သတင်းများတွင် ချင်းပြည်နယ်  တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များအား CDF အကြမ်းဖက်သောင်းကျန်းသူများက အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ကာ ဘဏ်အတွင်းရှိ  ငွေများအား လုယက်ယူ ဆောင်သောသတင်း၊ စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက နေအိမ်အတွင်း ဖျက်ဆီးဝင်ရောက်ကာအိမ်သားများအား အကြမ်းဖက်တိုက်ခိုက်၍ ရွှေထည်ပစ္စည်းများအား လုယက်သောသတင်းများကို တွေ့မြင် ကြားသိရသည်။ အကြမ်းဖက်အဖျက်သမားတို့သည် ပြည်သူတို့၏ အလစ်အငိုက်ကိုလေ့လာကာ အဖျက်လုပ်ငန်းများကို လုပ်ဆောင် တတ်သည်ဖြစ်ပေရာ ပြည်သူများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အစဉ်သတိရှိရှိဖြင့် နေထိုင်လျက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ အဖျက်သမားများကို တိုက်ဖျက်ကြပါရန် ရေးသားလိုက်ရပေသည်။    ။